သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းမီဒီယာတွေ ကာချုပ်တွေ့


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာမီဒီယာသမားတွေ ပထမဆုံးတွေ့ဆုံ (ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် fb)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာမီဒီယာသမားတွေ ပထမဆုံးတွေ့ဆုံ (ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် fb)

မြန်မာနိုင်ငံတွင်း ထူးခြားတဲ့ စစ်ရေးအခြေအနေတွေ ဖြစ်ပေါ်တဲ့အခါ အချိန်နဲ့ တပြေးညီ ပြည်သူတွေသိရှိနိုင်ဖို့ တပ်မတော်ကာကွယ်ရေး ဝန်ကြီးဌာနဘက်က သတင်းအချက်အလက်မှန်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန်ပေးဖို့ ပြည်တွင်းစာနယ်ဇင်းသမားတွေက တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ပြည်တွင်းသမားတွေ ပထမဆုံးအကြိမ် တပ်ပိုင်းဆိုင်ရာ ထူးခြားအခြေအနေတွေကို ကာချုပ်ကို တိုက်ရိုက်မေးမြန်းခွင့်ရခဲ့သလို နောင်အခါမှာလည်း တပ်မတော်ဘက်က မီဒီယာတွေနဲ့ အမြဲထိတွေ့ဆက်ဆံမှုတွေ လုပ်နိုင်ဖို့ကို သတင်းသမားတွေ လိုလားနေကြတယ်လို့ တွေ့ဆုံခွင့်ရခဲ့တဲ့ သတင်းသမားတွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က ဆက်သွယ်စုံစမ်းထားပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပထမဆုံးအကြိမ် ပြည်တွင်း သတင်းဂျာနယ်တွေနဲ့ သီးသန့်တွေ့ဆုံခွင့်ရခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ဆုံမေးမြန်းခွင့် ကြိုတင်ခွင့်တောင်းထားတဲ့ ပြည်တွင်း သတင်းမီဒီယာတွေကို ၁၅ မိနစ်စီ သီးသန့်တွေ့ဆုံမေးမြန်းခွင့်ပေးခဲ့တာပါ။ အခုလက်ရှိ မြန်မာအစိုးရတပ်နဲ့ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသ လောက်ကိုင်မြို့မှာ ဖုန်ကြားရှင်ဦးဆောင်တဲ့ကိုးကန့်တပ်တွေရဲ့အခြေအနေကို ကာချုပ်ကို အဓိကထားမေးမြန်းခဲ့ကြတယ်လို့ 7Days သတင်း ဂျာနယ်က အမှုဆောင်အယ်ဒီတာ ကိုအားမာန်ကဗွီအိုအေကိုပြောပါတယ်။

“အခုက ပထမဆုံးပါ။ ဒါရိုက်ကို သိရတာပေါ့နော်။ အချိန်ကန့်သတ်ပြီးတော့ အင်တာဗျူးပေးလိုက်တာ။ အဓိက လောလောလတ်လတ်ဆိုရင်တော့ လောက်ကိုင်နဲ့ပတ်သက်တဲ့ကိစ္စ၊ ကိုးကန့်နယ်ဘက်နဲ့ပတ်သက်ပြီးတော့၊ ဒီနေ့ အဓိက ကျနော်တို့တွေ့ရတာ - ပုံနှိပ်မီဒီယာများတယ်ပေါ့နော်။ ရုပ်သံကတော့ SKYNET ပဲပါတာပေါ့နော်။ …ပထမဆုံးလို့ ပြောပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းမီဒီယာတွေနဲ့ ထိတွေ့မှုရှိအောင် ကြိုးပမ်းလာနေတဲ့အပေါ်ကြိုဆိုပေမယ့် တပ်ပိုင်းဆိုင်ရာသတင်း အချက် အလက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနဘက်က တိုက်ရိုက်ပြောဆိုခွင့်ပေးနိုင်တဲ့သူထားရှိပေးဖို့နဲ့ အချိန်နဲ့တပြေးညီ သတင်းရယူခွင့်ရှိဖို့ သတင်းသမားတွေဘက်က လိုလားတယ်ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က လုပ်ဆောင်ပေးဖို့ အရေးကြီးတယ်လို့လည်း သတင်းသမားတွေက ထောက်ပြပါတယ်။

“မေးချင်တဲ့ဟာတွေများပြီး အချိန်အကန့်အသတ်လုပ်ထားတော့ ကျနော်တို့ မေးချင်တဲ့ဟာလေး မြန်မြန်မေးရဖို့ပဲလုပ်တော့ တပ်ဘက်က စီစဉ်နေတဲ့ဟာတွေ ဘာတွေ ပြောတယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ထပ်သိတာ စာနယ်ဇင်းကောင်စီနဲ့သူတို့နဲ့ တွေ့တယ်။ ပြီးရင် သတင်းသမား မီဒီယာဘက်က ကိုယ်စားလှယ်တချို့နဲ့ တပ်ဘက်က ကိုယ်စားလှယ်တချို့နဲ့ ပထမဆုံးတွေ့ပြီးသွားပြီ။ တွေ့ပြီး သတင်းထုတ်ပြန်ရေး ချောမွေ့အောင် သူတို့လုပ်မယ်ပေါ့နော်။ ဒီနေ့ သိရတာကတော့ မကြာခင်မှာလည်း ဖေေဖော်ဝါရီဖြစ်ရင်ဖြစ်၊ မဖြစ်ရင် မကြာခင်မှာလည်း သတင်းထုတ်ပြန်ရေးနဲ့ ပတ်သက်ပြီးတော့လေ သူတို့အဆင်ပြေအောင်၊ မီဒီယာတွေဘက်ကလည်း ကိုးကားလို့ရအောင်၊ နောက် သူတို့ဘက်ကလည်း ထုတ်ပြန်ချင်တာကို အလွယ်တကူ ထုတ်ပြန်လို့ရအောင် လုပ်မယ့် process တော့ ရှိတယ်လို့ ပြောတယ်။”

တိုင်းပြည်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုတွေ၊ နောက် နယ်မြေတွင်း အောက်ခြေတပ်တွေထိတွေ့ပြီး စစ်ရေး တင်းမာမှုတွေနဲ့ပတ်သက်လို့ ပြည်သူများအကြား မမှန်သတင်းကောလဟာလတွေ မပျံ့နှံံ့ရလေအောင် တပ်မတော်ဘက်ကလည်း သတင်းမှန် ထုတ်ပြန်ဖို့ အရေးကြီးတယ်လို့ ကိုအားမာန်က အကြံပြုပါတယ်။

“သတင်းသမား မီဒီယာဘက်က ကိုယ်စားလှယ်တချို့နဲ့ တပ်ဘက်က ကိုယ်စားလှယ်တချို့နဲ့ တချို့ သူတို့ထုတ်ပြန်နေတဲ့ပုံစံက အခု လက်ရှိဆိုရင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီခံတယ်။ တပ်ဘက်ကလာတဲ့သတင်းတချို့ဆိုရင်ပေါ့နော်။ စာနယ်ဇင်းကောင်စီခံတယ်၊ ခံပြီးတော့မှ အဲဒီက သတင်းထုတ်ပြန်ချက်၊ စာရွက်တွေနဲ့လာတာ များပါတယ်။ အဲဒီစာရွက်တွေနဲ့ အီးမေးလ်တွေထဲကနေတဆင့် စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေက တိုက်တွေကို လိုက်ပြီးတော့ ဖြန့်ဝေပါတယ်။ များသောအားဖြင့်က ထုတ်ပြန်ချက်တွေကို ကြည့်လိုက်လို့ရှိရင်လည်း အချိန်က timely ဖြစ်မနေဘူး။ နည်းနည်းလေးခွာပြီးမှ၊ နောက်ကျပြီးမှ ထုတ်ပြန်တာမျိုးတွေဖြစ်တော့ မီဒီယာတွေဘက်က ပြန်ပြီး အဲဒီသတင်းတွေ သုံးတော့မယ်ဆိုတဲ့အခါမှာလည်း အချိန်အားဖြင့် စာဖတ်သူတွေ၊ ပြည်သူတွေ တကယ်သိချင်တဲ့အချိန်မျိုးက …ပြီးတော့ သတင်းတန်ဖိုးက ကျပါတယ်။ တကယ်သိချင်တဲ့အချိန်မဟုတ်ဘဲနဲ့ နောက်ကျပြီးမှ ထွက်လာတော့လေ။ ဒါကြောင့် အခု ဥပမာ ဒီ လောက်ကိုင်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့- ဒီတခေါက်တော့ လောက်ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်တာက စာနယ်ဇင်းကောင်စီမခံဘဲနဲ့ တီဗွီမှာ ကြေညာတယ်ပေါ့။ တီဗွီမှာကြေညာပေမယ့်လည်း ဒီတခေါက်လည်း ရက်က တော်တော်လေးခွာပြီးတော့ ထုတ်ပြန်တယ်။ ထုတ်ပြန်တော့ ကျနော်တို့ကိုယ်တိုင်လည်း သတင်းတွေ ဒီလောက်ကိုင်ဒေသက တိုက်ပွဲနဲ့ပတ်သက်ပြီး သတင်းယူရတဲ့အခါမှာ နှစ်ဘက်က ပွင့်ပွင့်လင်းလင်း ဘယ်သူမှ အတည်ပြုပေးလို့မရဘူးဖြစ်တော့လေ၊ တချို့ဟာတွေမှာ တပ်မတော်ဘက်က မရတော့ အုပ်ချုပ်ရေးပိုင်းက၊ နောက် ရဲဘက်ပိုင်းက နောက် ဒေသခံတွေနဲ့ရေးရတဲ့အခါမှာ သတင်းတွေက တိမ်းစောင်းနေတာမျိုးတွေပေါ့နော်၊ မတိမကျဖြစ်တာမျိုးတွေ ရှိပါတယ်။ Spoke Person တကယ်ထားပြီးတော့ သူတို့အနေနဲ့ စာနယ်ဇင်းကောင်စီကတဆင့်ခံရင်တောင်မှ တချို့ဟာတွေက ကြန့်ကြာနေသေးတယ်။ ဒါရိုက်ထုတ်ပေးတယ်ဆိုရင်တော့ အချိန်ကိုက် သူတို့ပြောချင်တဲ့ဟာတွေကို ပြည်သူတွေလည်း တကယ်သိချင်နေတဲ့အချိန်မှာ သိရမယ်။ အဲဒီအတွက်ကြောင့် ကောလာဟလတွေလည်း အလိုအလျှောက် ဖြေဖျောက်ပြီးဖြစ်ပြီးတော့လေ- တပ်ရဲ့ Image ကိုရော၊ ပွင့်လင်းမြင်သာမှုအပိုင်းရော၊ အခု ကျနော်တို့သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းရောဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ ကောလဟာလတွေကြားထဲမှာပဲ ပြောစကားတွေနဲ့ မှီမနေဘဲနဲ့ တိတိကျကျသိရပြီးတော့လေ ဘာဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာ ဆုံးဖြတ်ချက် မြန်မြန်ချဖို့ - အဲလိုဆိုရင်တော့အားလုံး ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မီဒီယာတွေတွေ့ဆုံမှုအပေါ် သတင်းထုတ်ပြန်ဖို့လည်းရှိတယ်လို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေကပြောပါတယ်။

ပြည်တွင်းသတင်းမီဒီယာတွေနဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံံပြီး သတင်းအချက်အလက်ဖလှယ်နိုင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG