မြန်မာနိုင်ငံက သတင်းသမားတွေဟာ ဆင်ဆာလုပ်တာတွေနဲ့ ပိတ်ပင် ကန့်သတ်တာတွေ ကြားကပဲ အဓိက ဖြစ်ရပ်ကြီးတွေကို သတင်းရေးသား ဖော်ပြနိုင်ကြတယ်ဆိုတာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း ပြသခဲ့ကြတယ်လို့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့တခုက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းပြည်ပက သတင်းသမားတွေဟာ အဓိက ဖြစ်ရပ်ကြီး ၂ ခုဖြစ်တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတွေနဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ သတင်းတွေကို မကြာသေးခင် ကာလတွေအတွင်း ရေးသား ထုတ်လွှင့်နိုင်ခဲ့ကြတယ်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဆင်ဆာလုပ်တာတွေနဲ့ စောင့်ကြည့်ခံနေရတာတွေ ကြားထဲကပဲ မြန်မာ သတင်းမီဒီယာတွေဟာ သတင်းအမျိုးမျိုးကို ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွေ ပြီးကတည်းက အစဉ်အလာ မရှိခဲ့ဘဲ ရေးသား တင်ပြနိုင်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ သတင်းထောက်တွေရဲ့ လုပ်ငန်း ကျွမ်းကျင်မှုနဲ့ တီထွင် ဖန်တီးနိုင်မှုတွေကို RSF အဖွဲ့က ချီးကျူး ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲတွေဟာ မသမာမှုတွေနဲ့ ပြည့်နေခဲ့ပေမဲ့လည်း သတင်းဌာနတွေဟာ အနည်းဆုံးတော့ ကိုယ်စားလှယ်လောင်းတွေကို ဆက်သွယ် မေးမြန်းတာတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ တင်ပြနိုင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
သတင်းမီဒီယာတွေကို ပိုပြီး လွတ်လပ်ခွင့်ပေးဖို့ RFS အဖွဲ့က မြန်မာစစ်အစိုးရကို တိုက်တွန်းထားပေမဲ့ ပေါ်ထွက်လာမယ့် လွှတ်တော်အသစ်ဟာ သတင်းမီဒီယာတွေပေါ် ထိန်းချုပ်ထားတာကို လျှော့ချပေးဖို့ အဆင်သင့် ဖြစ်ပုံမရဘူးလို့ ပြောပါတယ်။
မြန်မာလူထု သုံးပုံနှစ်ပုံကျော်ဟာ ဗွီအိုအေ အမေရိကန်အသံနဲ့ ဘီဘီစီတို့လို နိုင်ငံတကာ ရေဒီယို အသံလွှင့်ဌာနတွေက ထုတ်လွှင့်တာတွေကို မကြာခန ဆိုသလို နားထောင်ကြတယ်လို့လည်း RSF က ပြောပါတယ်။
အဲဒီ ရေဒီယို သတင်းဌာနတွေဟာ မြန်မာလူထုအတွက် သတင်းနဲ့ အချက်အလက်တွေ အထောက်အပံ့ပေးဖို့ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့လည်း RSF အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။