သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှီခိုကင်းတဲ့ မြန်မာသတင်းမီဒီယာတွေ ပေါ်လာဖို့ လိုလား


မြန်မာဂျာနယ်လစ်များ ဆန္ဒပြစဉ် (ဇန်နဝါရီလ ၇ ရက်နေ့ ၂၀၁၄)
မြန်မာဂျာနယ်လစ်များ ဆန္ဒပြစဉ် (ဇန်နဝါရီလ ၇ ရက်နေ့ ၂၀၁၄)

မြန်မာနိုင်ငံရဲ့စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ တိုးတက်မှု တွေရှိလာကြောင်း မြန်မာစာနယ်ဇင်းသမားတွေက ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ပြောဆိုကြပြီး လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက မီဒီယာတွေ ထွန်းကားဖို့ဆိုရင် နိုင်ငံပိုင်မီဒီယာတွေရဲ့ အခန်းကဏ္ဍကို လျော့ချဖို့နဲ့ မလိုလားအပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ လိုအပ်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာပြည်ရဲ့ သတင်းစာလွတ်လပ်ခွင့်ဟာ အရင်အစိုးရလက်ထက်က စာပေစိစစ်ရေးနဲ့ မူပိုင်ခွင့်ကို ဖျက်သိမ်းခဲ့တာ၊ ပုဂ္ဂလိကသတင်းစာတွေထုတ်ဝေခွင့်ပြုတာ၊ လွတ်လပ်စွာရေးသားခွင့်ပြုခဲ့တာတွေနဲ့ လက်ရှိအစိုးရသစ်လက်ထက်မှာ ဖမ်းဆီးခံ စာနယ်ဇင်းသမားတွေကို လွှတ်ပေးခဲ့တာတွေကြောင့် တိုးတက်လာတယ်လို့ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာစာနယ်ဇင်းသမားတွေက သုံးသပ်ကြပါတယ်။

ပုဂ္ဂလိက မီဒီယာတွေ ပိုမိုး တိုးတက်ဖွံ့ဖြိုးဖို့ဆိုရင် နိုင်ငံပိုင်မီဒီယာတွေရဲ့ အခန်းကဏ္ဍကို လျော့ချဖို့ လိုအပ်မယ်လို့လည်း မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဦးဆောင်အဖွဲ့ဝင် ဦးဇော်သက်ထွေးက သုံးသပ်ပါတယ်။

“State own မီဒီယာတွေရဲ့ အခန်းကဏ္ဍကို လျော့ချသွားဖို့လိုအပ်ပါမယ်။ ဒါမှသာလွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေထွန်းကားမှသာ ဒီမိုကရေစီနိုင်ငံနဲ့ လိုက်ဖက်မှာဖြစ်ပါတယ်။ ဒါကြောင့်ကျနော်တို့ဒီ State own မီဒီယာတွေရဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားဌာနတွေ ဒါတွေအားလုံးကို ကျနော်တို့က ပုဂ္ဂလိက လုပ်တာလုပ်၊ အဲလိုမလုပ်နိုင်ရင်လည်း သတင်းတင်ပြဖို့တာဝန်ရှိတဲ့အတွက်ကြောင့် ကျနော်တို့ public service မီဒီယာလို့ပြောင်းပြီးတော့ လုပ်လည်းရပါတယ်။”

တဆက်တည်းမှာပဲ အရင်အစိုးရလက်ထက်မှာ အတည်ပြုထားတဲ့ စာနယ်ဇင်းဆိုင်ရာဥပဒေတွေကို သုံးသပ်ဖို့ လိုအပ်မယ်လို့လည်း ဝေဖန်ထောက်ပြပါတယ်။

“ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်းမှာအတည်ပြုခဲ့တဲ့ ပုံနှိပ်နဲ့ထုတ်ေ၀ ဥပဒေတွေ၊ broadcast ဥပဒေတွေမှာ ကျနော်တို့ မီဒီယာသမားတွေအတွက် မေးခွန်းတွေ complain တွေအများကြီးရှိနေပါသေးတယ်။ ဒါတွေအားလုံးကို လက်ရှိ လွှတ်တော်အသစ်ကနေပြီးတော့ review ပြန်လုပ်ရပါမယ်။ ဒီမိုကရေစီမဆန်တဲ့ဥပဒေတွေကို ဖျက်သိမ်းတာ ဖျက်သိမ်း ၊ ပြုပြင်သင့်တာပြုပြင် ၊ ဖြည့်စွက်သင့်တာ ဖြည့် လုပ်ရပါလိမ့်မယ်။ ဒါမှသာ ကျနော်တို့ သတင်းမီဒီယာ တိုးတက်ဖို့လမ်းစကို တွေ့ရမှာပါ။”

သတင်းစာဆရာ၊ စာရေးဆရာဖြစ်တဲ့ ဦးကျော်ရင်မြင့်ကတော့ မီဒီယာနဲ့သက်ဆိုင်တဲ့ဥပဒေအပြင် အခြားအတားအဆီးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ထိန်းချုပ်နေတဲ့ဥပဒေတွေမှာ ဥပမာ electronic ဥပဒေလိုမျိုးဟာတွေ ၊ ဖြစ်ခဲ့ လ့ိုရှိရင် ကျနော်တို့ အရေးယူခံနိုင်တဲ့ ကျနော်တို့ကို ဒုက္ခပေနိုင်တဲ့ ဥပဒေကတော့ အခုထိမပယ်ဖျက်ရသေးပဲနဲ့ အများကြီးှရှိပါတယ်။ နောက်ပြီးတော့ ကျနော်တို့ကိုယ်တိုင် အလုပ်လုပ်ဖို့ကြောက်နေပြီးတော့ ဆင်ခြင်နေရတာတွေရှိပါတယ်။ အခု unity က ဆရာများခံသွားရသလို တပ်နဲ့ပတ်သက်ရင် မှားမှားမှန်မှန်သိပ်ပြီးတော့ ရေးတဲ့လူလည်းမရှိဘူး။ နောက်တခါ ဘာသာရေးနဲ့ ပတ်သက်ရင်လည်း ဆင်ခြင်ရတာတွေ အဲဒီလို အပိုင်းမှာတော့ ကျနော်တို့မှာ လွတ်လပ်ခွင့်နည်းနေတုန်းပဲ ရှိပါတယ်ခင်ဗျ။”

စာနယ်ဇင်းသမားတွေကို ကာကွယ်ပေးမဲ့ သတင်းသမဂ္ဂ၊ မီဒီယာကောင်စီတို့လို အဖွဲ့အစည်းတွေကို အားပေးဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။

တိုင်းရင်းသားသတင်းဌာနတွေ စုပေါင်းဖွဲ့စည်းထားတဲ့ BNI ခေါ် နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့အစည်းရဲ့ ဒါရိုက်တာ နိုင်ကဆော့မွန်ကတော့ တိုင်းရင်းသားဘာသာစကားနဲ့ဖြန့်ချီနေတဲ့မီဒီယာတွေဟာ အကန့်အသတ်တွေရှိနေတာကြောင့် သူတို့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် အစိုးရက အားပေးကူညီသင့်တယ်လို့ ပြောဆိုပါတယ်။

“တိုင်းရင်းသားတွေရဲ့ ဘာသာစကား မီဒီယာကိုအားပေးခြင်းအားဖြင့် တိုင်းရင်းသားတွေရဲ့ စာပေယာဉ်ကျေးမှု နဲ့ တိုင်းရင်းသားတွေရဲ့ လူမှုရေးကိစ္စအဖြာဖြာကို ကျနော်တို့ ဝိုင်းဝန်းပြီးတော့ အားပေးသလိုပဲဖြစ်ပါတယ်။ ဒါကြောင့်ဒီကိစ္စတွေကို အစိုးရက အားပေးသင့်တယ်လို့ ကျနော်ယုံကြည်တယ်။”

ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကို ရန်ကုန်မြို့ Chatrium hotel မှာကျင်းပခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဖေမြင့်လည်း တက်ရောက်အမှာစကားပြောကြားပါတယ်။

ပြည်ထောင်စုဝန်ကြီးက မြန်မာစာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆွေးနွေးအကြံပြုတာတွေကို အလေးအနက်ထားအကောင်အထည်ဖော်မှာဖြစ်ကြောင်းနဲ့ ဒီလို တိုးတက်ဖို့အတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်မဏ္ဍိုင်တွေဘက်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အရေးကြီးသလိုစာနယ်ဇင်းသမားတွေရဲ့ အားထုတ်မှုကလည်း တန်းတူအရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာစာနယ်ဇင်းသမားများကာကွယ်ရေးအဖွဲ့ CPJ မြန်မာနိုင်ငံဟာ သတင်း လွတ်လပ်ခွင့် ထိန်းချုပ်မှု အဆိုးရွားဆုံး ၁၀ နိုင်ငံအနက်က အဆင့် ၉ မှာ ရှိကြောင်း ထုတ်ပြန်ခဲ့သလို Freedom House အဖွဲရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို သတင်း လွတ်လပ်ခွင့် မရှိသေးတဲ့ နိုင်ငံ စာရင်းမှာ ထည့်သွင်း ထားပြီး စာနယ်ဇင်း လွတ်လပ်ခွင့် ညွှန်းကိန်းဟာ အရင်နှစ်ကထက် ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG