သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီဗွီဘီ၊ ဧရာဝတီနဲ့ မဇ္ဈိမ အင်တာနက် စာမျက်နှာတွေ တိုက်ခိုက်ခံရ


ဒီဗွီဘီ၊ ဧရာဝတီနဲ့ မဇ္ဈိမ အင်တာနက် စာမျက်နှာတွေ တိုက်ခိုက်ခံရ
ဒီဗွီဘီ၊ ဧရာဝတီနဲ့ မဇ္ဈိမ အင်တာနက် စာမျက်နှာတွေ တိုက်ခိုက်ခံရ

ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနတွေဖြစ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ၊ ဧရာဝတီနဲ့ မဇ္ဈိမ သတင်းဌာနတို့ရဲ့ အင်တာနက် စာမျက်နှာတွေ တိုက်ခိုက်ခံရတာကြောင့် ယာယီ ရပ်နားနေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ၃ နှစ်မြောက်နေ့မှာ လူကြည့်များတဲ့ အင်တာနက် စာမျက်နှာတွေဖြစ်တဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ၊ ဧရာဝတီနဲ့ မဇ္ဈိမ သတင်းဌာနတို့ရဲ့ အင်တာနက် စာမျက်နှာတွေဟာ မနေ့ညပိုင်းကစပြီး တိုက်ခိုက်ခံလိုက်ရပါတယ်။ ဒီသတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာတွေဟာ မြန်မာပြည်ရဲ့ နောက်ဆုံး အခြေအနေတွေကို တင်ပြနေတာမို့ နေ့စဉ် လူ သောင်းချီပြီး ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။

အင်တာနက် စာမျက်နှာ တိုက်ခိုက်ခံရတာကြောင့် ဧရာဝတီ သတင်းဌာနက ယာယီဖွင့်ထားတဲ့ http://theirrawaddy.blogspot.com/ ဘလော့စာမျက်နှာမှာ သတင်း ဖတ်ရှုနိုင်တယ်လို့ သိရပါတယ်။

အခုလို တိုက်ခိုက်တာဟာ မြန်မာအစိုးရလက်ချက် ဖြစ်နိုင်တယ်လို့ ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုအောင်ဇော်က ပြောပါတယ်။

“ရွှေဝါရောင် တော်လှန်ရေး ၃ နှစ်ပြည့်၊ မနေ့ည သန်းခေါင်ကစပြီး ကျနော်တို့ ဝက်ဘ်ဆိုဒ်က ဒေါင်းသွားတာပေါ့လေ၊ အဲဒါမျိုးပါပဲ။ ဒါပေမဲ့ ဒီတခေါက်က ပြီးခဲ့တဲ့ တခေါက်ထက် ဆိုးတယ်။ အဲဒါ ဒီဟာကို ကျနော်တို့ ပြန်ပြီးပြင်ဖို့ ကြိုးစားနေတယ်။ ဒါက Cyber Attack ပေါ့လေ၊ Cyber warfare ပေါ့။ သူတို့ဘက်က လုပ်နေတာ ကြာပါပြီ။ IP Address နဲ့ ကျနော်တို့ လိုက်နေတယ်။ ဘယ်သူလဲဆိုတာ ကျနော်တို့ သိဖို့ ကြိုးစားနေတယ်။ အားလုံး ခန့်မှန်းတာကတော့ မြန်မာ နအဖစစ်အစိုးရနဲ့ သူတို့ငှားထားတဲ့ လူတွေပဲ ရှိမယ်ပေါ့။ နောက်တခုက လွန်ခဲ့တဲ့ ၁ လကျော်ကစပြီး ကျနော်တို့ အွန်လိုင်းစတိုးတခု ဖွင့်တယ်။ အဲဒီ အွန်လိုင်းစတိုးကိုလည်း Hack လုပ်သွားတယ်၊ လွန်ခဲ့တဲ့ ၂ ပတ်လောက်က။”

အလားတူပဲ DVB အင်တာနက် စာမျက်နှာလည်း လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက စပြီး အသေးစား တိုက်ခိုက်မှုတွေ မကြာခဏ ကြုံခဲ့ရတယ်လို့ DVB ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ဆိုပါတယ်။

“ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်တာပါ။ ဘာလို့လဲဆိုတော့ Resources တွေ အများကြီး လိုတယ်လေ။ နောက် အခုမှတိုက်တာ။ တကယ်တမ်း ရေရှည် တိုက်တာပေါ့နော်။ ကျနော်တို့ကို တိုက်ဖို့လုပ်နေတာ လွန်ခဲ့တဲ့ ၂ ပတ်လောက် ကတည်းက။ အရင်တုန်းက ၁ နာရီလောက် တိုက်လိုက်၊ ပြန်ရပ်သွားလိုက်။ ကျနော်တို့ အဲဒီကတည်းက Media Alert လုပ်မလား စဉ်းစားသေးတယ်။ ဒါပေမဲ့ မလုပ်ဘဲ ထားခဲ့တယ်။

“ကျနော်ထင်တယ်၊ အရင်ကတည်းက ကြိုပြီး စမ်းတိုက်နေတာပေါ့။ ကျနော်ထင်တာ ရွေးကောက်ပွဲအတွက် ကြိုပြင်နေတယ်လို့ပဲ ယူဆပါတယ်။ ရွေးကောက်ပွဲမှာ ဗမာသတင်းတွေနဲ့ ပတ်သက်တဲ့၊ နိုင်ငံရေးကို ဖော်ပြတဲ့ သတင်းဆိုဒ်တွေကို ရွေးကောက်ပွဲ မတိုင်ခင်၊ ရွေးကောက်ပွဲ ကာလတွေမှာ တမင်တကာ အစီအစဉ်ရှိရှိ တိုက်ခိုက်ဖို့ အခုကတည်းက ကြိုပြင်တယ်လို့ ထင်ပါတယ်။”

ဒီသတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာတွေဟာ စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ၁ နှစ်မြောက်နေ့ဖြစ်တဲ့ ၂၀၀၈ တုန်းကလည်း အလားတူ တချိန်တည်းမှာ အတိုက်ခိုက် ခံခဲ့ရဖူးပါတယ်။

နိုင်ငံရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာတဲ့ အချိန်တွေမှာတော့ မြန်မာစစ်အစိုးရဟာ ပြည်တွင်းက အင်တာနက် လိုင်းတွေကို ဖြတ်ချတာတွေ၊ အင်တာနက် အမြန်နှုန်း လျော့သွားအောင် လုပ်တာတွေ ရှိပါတယ်။

မဇ္ဈိမ သတင်းအယ်ဒီတာ ကိုစိန်ဝင်းကတော့ အခုလို တိုက်ခိုက်တာဟာ အကျိုးစီးပွားနဲ့လည်း ပတ်သက်နိုင်တာမို့ စစ်အစိုးရ လက်ချက်ဆိုပြီး တပ်အပ်မပြောနိုင်ဘူးလို့ ဆိုပါတယ်။

“ဒီကောင်တိုက်တာက ဒီဘက်ခေတ်မှာ သိပ်ပြီးတော့လည်း အကြီးကြီး လုပ်မှရယ်လို့ မဟုတ်တော့ဘူး။ သူက ပိုက်ဆံအကုန်ခံပြီးတော့ လုပ်ရတာပေါ့။ ဥပမာ- စက်ဝယ်ရမယ်ဗျာ၊ စက် ၁ လုံးနဲ့တောင် ရချင်မှရမယ်။ အဲဒါတွေ ဝယ်ရင်းနှီးပြီး လုပ်မယ်ဆို ရတာပေါ့။ ဒါပေမဲ့ သာမန်လူကတော့ အကျိုးမရှိတဲ့ဟာ လက်ကမြင်းပြီးတော့ လုပ်ရင်လည်း ခဏပဲ လုပ်မှာပေါ့။ ဒီလိုကြီးတော့ လုပ်မယ်လို့ မမျှော်လင့်ဘူး။ ဒါမျိုးလုပ်တယ် ဆိုတာတော့ ဒီကနေပြီး သူ့ရဲ့ အကျိုးစီးပွား ရှိမလား၊ အဲလိုမျိုး တခုခုပေါ့။ ကျနော်တို့တွေက တွက်ရင်တော့ နိုင်ငံရေးအရပဲ တွက်ကြတာကိုး။ တခြား စီးပွားရေး၊ ဘာညာ ဒါမျိုးတွေ၊ ပြောရတော့ခက်တယ်၊ တကယ့်တကယ်ကျရင်။”

ဒီလို တိုက်ခိုက်ခံရတယ် ဆိုပေမဲ့ သတင်းဌာနတွေက ကြိုတင်ပြင်ဆင်မှုတွေ ရှိတာကြောင့် အင်တာနက် စာမျက်နှာတွေ အချိန်ကြာကြာ ရပ်တန့်နေမှာ မဟုတ်ဘူးလို့ သိရပါတယ်။

XS
SM
MD
LG