အင်တာနက် လွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ပြည်ပသတင်းဌာန တချို့ရဲ့ အင်တာနက် စာမျက်နှာတွေ အပါအဝင် ဘလော့ဂ်တချို့ကို တိုက်ရိုက်ကြည့်ရှုလို့ ရလာပါတယ်။ အရင်တုန်းက Proxy Server ခံပြီးမှ ကြည့်လို့ရခဲ့တဲ့ ဒီအင်တာနက် စာမျက်နှာတွေကို ဘယ်လိုအကြောင်းကြောင့် အခု တိုက်ရိုက် ကြည့်လို့ရနေတယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ပြည်တွင်းက အင်တာနက် သတင်းဖတ်သူတွေနဲ့ ပြည်ပ မီဒီယာသမားတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ပြည်ပသတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာတွေ၊ ဘလော့ဂ်တွေနဲ့ နိုင်ငံခြား သတင်းစာတွေ၊ ရုပ်သံလှိုင်းတွေကို တိုက်ရိုက်ကြည့်လို့ မရအောင် ပိတ်ထားတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မီဒီယာတချို့ရဲ့ အင်တာနက် စာမျက်နှာကို ကြားခံ Proxy မလိုဘဲ တိုက်ရိုက် ကြည့်လာနိုင်တာ ဖြစ်ပါတယ်။
ပြည်ပမီဒီယာတွေရဲ့ အင်တာနက် စာမျက်နှာကို ကြည့်နေကျ ပြည်တွင်းက NGO ဝန်ထမ်းတယောက်က ပြောင်းလဲလာမှုအပေါ် အခုလို ပြောပါတယ်။
“ဟုတ်ပါတယ်ဗျ၊ ကျနော်တို့ အရင်တုန်းကဆို Proxy နဲ့ ခံပြီးတော့မှာ ကြည့်လို့ရတဲ့ ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ ဧရာဝတီတို့၊ မဇ္ဈိမတို့၊ နေ့သစ်တို့ကို ဒီနေ့မှာ တိုက်ရိုက်ကြည့်လို့ ရပါတယ်။ နောက် ဒေါက်တာလွဏ်းဆွေလည်း တိုက်ရိုက်ကြည့်ရတာ ရနေပါတယ်။ ဒါပေမဲ့ တချို့ဟာတွေ မရသေးဘူးဗျ။ ဥပမာ ဗွီအိုအေတို့၊ ဒီဗွီဘီတို့။
“ကျနော်တို့ မြင်တာတော့ သတင်းမီဒီယာတွေကို သမ္မတကြီး ပြောတဲ့ နောက်ပိုင်းမှာ ဒီလိုဟာမျိုး တွေ့ရတဲ့ အခါကျတော့ ဒါ တုံ့ပြန်အလားအလာကို ဦးတည်နေတယ်လို့တော့ ယူဆပါတယ်။ ဒီမိုကရေစီ တိုင်းပြည်တွေမှာ ဒါမျိုးတွေ လျှော့တဲ့အခါကျတော့ လွတ်လွတ်လပ်လပ် ကြည့်လို့ရတာ ပိုကောင်းလာတယ်ဗျ။”
မကြာသေးခင်ကလည်း သမ္မတ ဦးသိန်းစိန်က စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုရမှာဖြစ်ပြီး ရေးသား ပြောဆိုမှုတွေကို အစိုးရက အလေးထားသွားမယ်လို့ ဆိုပါတယ်။
ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုကျော်စွာမိုးကတော့ အစိုးရသစ်ရဲ့ မီဒီယာအပေါ် ချဉ်းကပ်မှုကို အခုလို မြင်ပါတယ်။
“သေချာ ကျနော်တို့ ဘာမှ ပြောလို့တော့ မရသေးဘူး။ ပေါ်လစီ ပြောင်းလို့ပဲ ဖွင့်ပေးတာလားဆိုတာ။ ဒါပေမဲ့ ကျနော်ထင်တယ်၊ လက်ရှိအစိုးရ အနေနဲ့တော့ သေသေချာချာ နိုင်ငံရေးအရရော၊ အပြည်ပြည်ဆိုင်ရာကရော အပြောင်းအလဲတွေ လုပ်နေတယ်ဆိုတာ မြင်စေချင်တယ်ဆိုရင် မီဒီယာကလည်း တကယ် အရေးကြီးတဲ့ ကဏ္ဍတခုဆိုတော့ သူတို့ ဖွင့်ကို ဖွင့်ပေးရမှာပေါ့လေ။
“အဲဒီအတွက် သူတို့ သွေးတိုးစမ်းနေလားတော့ မသိဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း ဘီဘီစီတို့၊ ဘာတို့တွေကို သတင်းစာက ပုတ်ခတ်ရေးသားတာ၊ ပုံမှန်ထည့်တဲ့ဟာတွေ မထည့်တော့ဘူးလေ။ ဒါကလည်း အကြီးကြီးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အနည်းနဲ့အများ သေးသေးလေး ပြောင်းလဲမှု တခုလို့တော့ ပြောလို့ရတယ်။ သူတို့ဘက်ကနေပြီးတော့ တခြား အရင်အစိုးရနဲ့ မတူတဲ့ လုပ်ဆောင်မှု တခုလို့တော့ ပြောလို့ရတယ်။”
ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေကတော့ အခုလို ဖွင့်ပေးတာဟာ အစိုးရ ထိန်းချုပ်တဲ့ အင်တာနက် ဆာဗာတွေ နည်းပညာ အမှားအယွင်းကြောင့် ဖြစ်နိုင်သလို အမှန်တကယ် မီဒီယာ လွတ်လပ်ခွင့် ပေးမယ်ဆိုရင်လည်း စာပေစိစစ်ရေး ပေါ်လစီကို ဖျက်သိမ်းသင့်တယ်လို့ ပြောပါတယ်။
“အပြောင်းအလဲ ပြောရအောင်ကျတော့ ဒီလိုမျိုး အနေအထားတွေက တခါခါလည်း ပြည်တွင်းမှာ ဖြစ်တတ်တယ်လို့ ပြောတာပဲ။ တခါတရံလည်း ကျနော်တို့ ဘလော့ဂ်တွေကို ၂ ရက်တန်သည်၊ ၃ ရက်တန်သည် ဖွင့်လို့ရတာတွေ ရှိရှိနေတော့ သူတို့ နည်းပညာပိုင်းမှာ အမှားအယွင်းရှိလို့များ လွတ်နေတာလားပေါ့နော်။ သူတို့ဘက်က လျှော့ပေးချင်ရင်တော့ ဒီတမျိုးတည်း မဟုတ်ဘူးလေ။ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ အများကြီးပဲ။
“ဖြစ်နိုင်ရင် မီဒီယာ လွတ်လပ်ခွင့် ပေးချင်ရင်တော့ ပြည်တွင်းမှာရှိတဲ့ စာပေစိစစ်ရေးရုံးက ထားကို မထားသင့်တော့တာဗျ။ ကျနော်တို့ ဘလော့ဂ်လေးကို ကြည့်လို့ရရုံလောက်နဲ့ မီဒီယာ လွတ်လပ်ခွင့် ပေးတယ်လို့ ပြောလို့မရဘူး။ ဘာလို့ဆိုတော့ သူတို့က အထဲမှာ လုပ်ချင်သလို လုပ်နေကြတာပဲလေ။ ဒီနေ့ကြည့်လို့ရရုံနဲ့ မနက်ဖြန် ကြည့်လို့ရချင်မှရမှာ၊ ကျိန်းသေပေါက် ပြောလို့မရသေးဘူး။”
မြန်မာနိုင်ငံရဲ့ အဓိက အင်တာနက် ဆာဗာတွေက အစိုးရ ထိန်းချုပ်ထားတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပေါ့တို့ ဖြစ်ကြပါတယ်။ ရတနာပုံ တယ်လီပေါ့ဟာ ပြည်ပသတင်းဌာနတွေရဲ့ အင်တာနက် စာမျက်နှာတွေ၊ ဘလော့ဂ်တွေနဲ့ နိုင်ငံခြား သတင်းစာတွေကို အလွယ်တကူ ကြည့်လို့မရအောင် ပိတ်ထားတယ်လို့လည်း အင်တာနက် လွတ်လပ်ခွင့်ကို စောင့်ကြည့်နေတဲ့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အီရန်ပြီးရင် အင်တာနက် လွတ်လပ်ခွင့်ကို အဆိုးဆုံး ထိန်းချုပ်ထားတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း ဒီနှစ် ဧပြီလက ထုတ်ပြန်ခဲ့တဲ့ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ စာရင်းအရ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းထိ အင်တာနက် သုံးစွဲသူ ၄၀၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။