မြန်မာနိုင်ငံက ဆေးတက္ကသိုလ် ပညာရေးစနစ်ကို ကမ္ဘာက လက်ခံတဲ့ အဆင့် အတန်းဖြစ်အောင် လာမယ့် ၇နှစ်အတွင်း အချိန်မီပြုပြင်ပြောင်း လဲဖို့ လိုတယ်လို့ နယူးယောက်အခြေစိုက် မြန်မာ-အမေရိကန် ဆေးပညာအသင်းက တိုက်တွန်းလိုက် ပါတယ်။
နယူးယောက်မြို့မှာ မြန်မာ နိုင်ငံသားတွေနဲ့တွေ့ဆုံချိန် မြန်မာပြည်ရဲ့ကျန်းမာရေးကဏ္ဍမှာ ပြန်ပြီး အကူအညီပေးကြဖို့ ပြည်ပရောက် မြန်မာပြည်ဖွားဆရာဝန်တွေ ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း တိုက်တွန်းစဉ် ပြောဆိုလိုက်ကြ တာပါ။အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၇-ရက် ပြီးခဲ့တဲ့ စနေနေ့ နယူးယောက် မြန်မာအသိုင်း အဝိုင်းနဲ့ တွေ့ဆုံချိန်မှာ မြန် မာ အမေရိကန် ဆေးပညာအသင်းက အကြံပြုချက် စာတမ်းတစောင် တင်သွင်းခဲ့ ပြီး၊ မြန်မာနိုင်ငံကဆေးတက္ကသိုလ် တွေရဲ့ ပညာရေးစနစ်ကို ကမ္ဘာကလက်ခံတဲ့ အဆင့်အတန်းဖြစ်အောင် လာမယ့် ၇-နှစ် မတိုင်ခင် အချိန်မီပြုပြင်ပြောင်းလဲဖို့ လိုတယ်လို့ နယူးယောက်အခြေစိုက် မြန်မာ-အမေရိကန် ဆေးပညာအသင်းက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်နောက်ပိုင်းကျရင် ပြင်သစ်နဲ့ ဒိန်းမတ်အခြေစိုက် World Federation for Medical Education (WFME) ဆေးပညာအဖွဲ့နဲ့ အမေရိကန် အခြေစိုက် Foundation for Advancement of International Medical Education and Research (FAIMER) ဆေးပညာ သုတေသနအဖွဲ့တွေက အသိမှတ်ပြု ထားတဲ့၊ ဆေးတက္ကသိုလ်က ဘွဲ့ရဆရာဝန်တွေကိုသာ နိုင်ငံတကာမှာ အသိအမှတ်ြ ပုတော့မှာမို့ မြန်မာ နိုင်ငံရဲ့ဆေးတက္ကသိုလ် သင်ရိုးညွှန်းတမ်းတွေကို အမြန်ဆုံး ပြန် လည်ပြုပြင် လုပ်ဆောင်ဖို့ လိုနေပြီလို့ မြန်မာ-အမေရိကန် ဆေးပညာအသင်း ရဲ့ တိုက်တွန်းချက်ကို အသင်းရဲ့ဒုဥက္ကဌ ဒေါက်တာ ဒေါ်မြတ်မြတ်မွန်က ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံချိန် အကြံပြုခဲ့တာဖြစ်ပါတယ်။
“ဘာလဲဆိုတော့ World Federation for Medical Education နဲ့ Foundation for Advancement of International Medical Education and Research ဆိုတဲ့ အဖွဲ့အစည်းတွေကနေ အသိမှတ်ပြုတဲ့ ဆေးတက္ကသိုလ် မဟုတ်လို့ရှိရင် ၂၀၂၃ ခုနှစ်ကနေ စပြီးတော့ ဒီမြန်မာနိုင်ငံမှာ ရှိတဲ့ ဆေးတက္ကသိုလ်က ဘွဲ့ရတဲ့ ဆရာဝန်တွေကို နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အဆင့်ကို မရောက်တော့ပါဘူး။ အဓိကက ဆေးတက္ကသိုလ် ကျောင်းတွေ အကုန်လုံးကို နိုင်ငံတကာ စံချိန်နဲ့ညီတဲ့ အဆင့်ဖြစ်အောင်လုပ်မှ၊ ၂၀၂၃ ဆိုတာ ၇နှစ်ပဲ ကျန်ပါတော့တယ်၊ အဲဒါအတွက်ကို လုပ်ဖို့ ကျမအကြံပေးချင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံခြားရောက်နေတဲ့ မြန်မာဆရာဝန်တွေရဲ့ လုပ်အားကို သူတို့အစိုးရက လိုလားကြောင်း၊ ဆရာဝန်တွေ စေတနာ့ဝန်ထမ်း လာလုပ်နိုင်အောင်လို့ အစိုးရက အစီစဉ်တွေ လုပ်နေကြောင်း ရှင်းပြသွားပါတယ်။
“ကျမတို့ နိုင်ငံခြားရောက်သွားတဲ့ ဆရာဝန်တွေရဲ့ လုပ်အားကို ကျမတို့လိုချင် ပါတယ်။ အဲဒီတော့ ပေးနိုင်တဲ့လုပ်အားနဲ့ ကျမတို့လိုအပ်တဲ့ လုပ်အားနှစ်ခုကို ညှိဖို့၊ အဲလို အစီစဉ်တခုကို လုပ်ဖို့ ဆွေးနွေးထားပါတယ်။ ပြီးတော့ လုပ်အားပေးချင်တဲ့ ဆရာဝန်များက Register တခုလုပ်ထားဖို့ပေါ့နော်၊ နာမည်ပေးထားပြီးတော့ ဘယ်လို လုပ်အားပေးချင်လဲ၊ ဘယ်လောက်လောက် ပေးနိုင်လဲ၊ ဥပမာ တနှစ်ကို တလလောက်လာပြီးတော့ လုပ်ပေးမယ်ပေ့ါ၊ လာပြီးတော့ လုပ်ပေးမယ်ဆိုရင် ဘာလုပ်ပေးချင်တာလဲ၊ teaching ဖက်က လုပ်ပေးချင်တာလား၊ ဒါမှမဟုတ် တကယ့်ကို လိုအပ်နေတဲ့ တောမြို့လေး တွေမှာ တလလောက်နေပြီးတော့ လုပ်အားပေးမယ်၊ လုပ်အားပေးခြင်းအားဖြင့် ထိထိရောက်ရောက်နဲ့ လူနာတွေကို လုပ်အား ပေးရရုံတင် မကပဲ အဲဒီက ဆရာဝန်လေးတွေကိုလဲ သူတို့သင်ပေးရာ ရောက် တာပေါ့နော်။ သူတို့ကိုလဲ training ပေးရာရောက်တယ်”
မြန်မာနိုင်ငံ ဆေးတက္ကသိုလ်တွေမှာ လက်ရှိကျင့်သုံးနေတဲ့ သင်ရိုးညွှန်းတမ်းတွေ ဟာ ခေတ်နဲ့ မလျှော်ညီတော့တဲ့အတွက် ဒါကိုအချိန်မီပြုပြင် ဖို့ လိုကြောင်း NLD အစိုးရကို အကြံပြုခဲ့သူတဦးကတော့ ကနေဒါနိုင်ငံ Edmonston မြို့ Alberta ဆေး တက္ကသိုလ်က ကထိကတဦးဖြစ်တဲ့ ဒေါက်တာ ခင်စောဝင်းပဲဖြစ်ပါတယ်။
“ဟိုး တကယ့်ကို ပထမနှစ် ဆေးကျောင်းသားဘဝက အဲဒီကစတဲ့ ဒီ Curriculum သင်ရိုးညွှန်းတမ်းကို သေချာခိုင်မာအောင်၊ နိုင်ငံတကာ စံချိန်လဲ မီအောင်လို့ ကျမတို့ တကယ်ကိုပြုပြင် ဆွဲသင့်ပါတယ်။ ကျမတို့ ဆွဲလည်းဆွဲနိုင်တယ်၊ ပညာရှင်တွေ လည်း ရှိတယ်။ အဲလိုမျိုး ဒီသင်ရိုး ညွှန်းတမ်းကို ဆွဲလိုက်ပြီးပြီဆိုရင် ကျမတို့က ဘာမှ သိပ်စိတ်ပူစရာ မလိုတော့ဘူး။ ‘ဒီမှာသင်ရိုး ညွှန်းတမ်းရှိတယ် .. ဒါတွေ ဒါတွေ နာရီ ပြည့်ရမယ်.. အချိန်ပြည့်ရမယ်၊ ဒီခေါင်းစဉ်ကတော့ မသင် မဖြစ်၊ ကျောင်းသားတွေက မသိမဖြစ် သိရမယ့်ခေါင်းစဉ်တွေ။ ပြီးတော့တခါ သူတို့ရဲ့ အတွေးအခေါ်တွေကို အလွတ်ကျက်တဲ့ အတွေးအခေါ် ပညာရေးစနစ် ကနေပြီးတော့၊ Critical Thinking လို့ခေါ်တဲ့ စဉ်းစားတွေးခေါ် ချိန်ဆနိုင်တဲ့ အလေ့အကျင့်တွေ လေ့ကျင့်ပေးပြီးတော့၊ ကျမတို့ဒီ Curriculum ကို ပြင်လိုက် မယ်ဆိုရင် .. ဒါရေရှည်မှာ ဘာမှထပ်ပြီးတော့ စိတ်ပူစရာ မလိုတော့ဘူး နိုင်ငံတကာ စံချိန်နဲ့ ပြန်ပြီးတော့ သတ်မှတ်ဖို့လိုတယ်လို့ အန်ကယ်ဦးတင်ဦး (NLD နာယက) တွေ့တဲ့ အချိန်မှာ အကြံပြုခဲ့ ပါသေးတယ်”
တချိန်က မြန်မာနိုင်ငံဆေးတက္ကသိုလ်ထွက် ဆရာဝန်တွေကို နိုင်ငံတကာက အသိ အမှတ်ပြုကြသလို ဆေးကုသခွင့်လည်း ပေးကြပြီး၊ မြန်မာ ပြည်ရဲ့ ဆေးသိပ္ပံပညာဟာ စစ်အစိုးရ အဆက်ဆက်လက်ထက်မှာ အိမ်နီးချင်းနိုင်ငံတွေထက် နိမ့်ကျလာ ခဲ့တာကြောင့် ဒါကို ပြန်လည်မြှင့် တင်ဖို့လိုတယ်လို့ ပညာရှင်တွေကြား ဝေဖန်နေ ကြတာ ဖြစ်ပါတယ်။