သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ပြန် မြန်မာအလုပ်သမားများ ထိုင်းနယ်စပ်ဂိတ်မှာ ပြည့်နှက်


သင်္ကြန်ပြန် မြန်မာအလုပ်သမားများ (ဓါတ်ပုံ- ထိုင်းလဝက)
သင်္ကြန်ပြန် မြန်မာအလုပ်သမားများ (ဓါတ်ပုံ- ထိုင်းလဝက)

၂၀၁၉ ခုနှစ် ဧပြီလအတွင်း သင်္ကြန်ပြန်ကြမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ၂၅ ရက် ဗီဇာအခမဲ့ ကင်းလွတ်ခွင့် ပြုပေးထားတာကုန်ဆုံးတော့မယ့် အချိန်မှာ လုပ်ငန်းခွင်ကိုပြန်ဝင်ဖို့ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေ ၂သိန်းကျော် ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ် ။ မဲဆောက်- မြဝတီ နယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရောက်လာသူတွေ များတာကြောင့် ထိုင်းဘက်က စီစစ်လက်ခံပေးတဲ့ ကောင်တာတွေ ၂၅ခု လောက်ထိဖွင့်ပေးရတယ်လို့ ဆိုပါတယ် ။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ် ။

မဟာသင်္ကြန်ကာလ နေရပ်ပြန်ဖို့အတွက် ၂၅ရက်အတွင်း Re entry တုံးဖိုးပေးစရာမလိုပဲ အသွားအပြန် ခွင့်ပြုပေးထားတာပါ။ ထိုင်းဘက်က ဗီဇာကင်းလွတ်ခွင့်ပြု ထားတဲ့ ရက်ကုန်ဆုံးတော့မယ့် အချိန်မှာ ထိုင်း-မြန်မာနယ်စပ် မြဝတီမဲဆောက်လမ်းကနေ ဝင်ရောက်လာတဲ့ လူဦးရေ အလွန်များပြားလာနေလို့ တပ်ခရိုင် လဝက အကြီးအကဲကိုယ်တိုင် လာရောက် ကြီးကြပ်ပေးနေပြီး နိုင်ငံကူးစာအုပ် လက်ခံစစ်ဆေး ဝင်ခွင့်ပေး တဲ့ကောင်တာ
၂၅ ခုလောက် အထိ တိုးမြင့် ဖွင့်ထားပေးနေကြောင်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ဥက္ကဋ္ဌ ဦးတေဇာအောင်ကတော့ အခုဆိုရင် လုပ်ငန်းခွင်ပြန်ဝင်ဖို့ ပြန်လာကြသူတွေဟာ ဒီရက်ပိုင်းမှာပိုများနိုင်တယ်လို့ ဆိုပါတယ်။
“ကောင်တာကတော့ တံတားမှာ ၄ ခု Terminal မှာတော့ ၂၀ ကောင်တာတွေ တိုးလာတယ်ဆိုတာ တံတားမှာတော့ ကောင်တာ သိပ်မရှိဘူး Terminal မှာတော့ များတာပေါ့။ ဧပြီလ ၂၉ ရက် ၃၀ ရက်တွေမှာတော့ ပိုများနိုင်တယ် ၊ ဗီဇာကင်းလွတ်ခွင့်ပေးထားတာ ၂၉ ရက် ၃၀ ရက်မှာ ပြည့်မှာဆိုတော့ မနက်ဖြန်နဲ့ သဘက်ခါ ပိုများလာနိုင်တယ်”

သင်္ကြန်ပြန် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို ဝင်ရောက် ဖို့ စောင့်နေရာမှာ လူဦးရေများလွန်းတာတဲ့ အတွက် မဲဆောက်မြို့က လူဝင်မူကြီးကြပ်ရေး ရုံးအတွင်း သာမက အပြင်က လမ်းမတွေပေါ် အထိ ပြည့်နေတာပါ။ သင်္ကြန်ပြီးလို့ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားများ ၂၇၀၀၀၀ ကျော်ရှိ နေပြီလို့ လည်း တပ်ခရိုင်လဝက ဦးစီးအရာရှိက ထုတ်ဖေါ်ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံသားတွေကို လက်ရှိအခြေအနေမှာ ရေနဲ့ အစားအသောက်တွေ ကို ထိုင်းဘက်က ဝေပေးနေတယ်လို့လည်း ဆိုပါတယ်။


ဒါ့အပြင် ရာသီဥတု ပူလွန်းတာကြောင့် မြန်မာနိုင်ငံသားတွေ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်လို့ ထိုင်း-မြန်မာ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေကလည်း စောင့်ကြည့် ကူူညီပေးကြပါတယ်။ ဧပြီလ ၅ရက်နေ့ ကနေ ဧပြီလ ၃၀ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ကို ပြန်ဝင်ကြမှာပါ။ ဗီဇာအခမဲ့ ခွင့်ပြုပေးထားရက်ကုန်ဆုံးပြီးမှ ပြန်လာမယ်ဆိုရင်တော့
မြန်မာအလုပ်သမားတွေဟာ ဒဏ်ကြေးတွေ ပေးဆောင်ရမှာဖြစ်ပါတယ်။

XS
SM
MD
LG