သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား အများအပြား သေဆုံး


ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား အများအပြား သေဆုံး
ကားတိုက်မှုကြောင့် ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား အများအပြား သေဆုံး

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ကားတစင်းနဲ့ ကုန်တင်ကား တစင်းတို့ ဒီနေ့မနက်ပိုင်းက တိုက်မိရာက ထိခိုက်သေဆုံးသူ အများအပြား ရှိခဲ့ပါတယ်။ ကျန်သူတွေကတော့ ဆေးရုံတင် ကုသထားရပြီး အခုအခါ သူတို့အတွက် အလုပ်သမားရေး လှုပ်ရှားသူတွေက လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ဖို့ ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ မြို့တော် အနောက်တောင်ဘက် မိုင် ၆၀ ကျော်လောက် အကွာမှာရှိတဲ့ စမုန့်စခွန်ခရိုင်၊ မဟာချိုင်မြို့နယ်၊ တလကုန်းဈေးရှေ့မှာ ထိုင်းနိုင်ငံပိုင် Galland ရေထွက်ပစ္စည်း စက်ရုံက မြန်မာအလုပ်သမားတွေကို တင်ဆောင်ထားတဲ့ ထွက်ခွာခါနီး ဖယ်ရီကားကို အရှိန်မြှင့် မောင်းလာတဲ့ ကုန်တင်ကား တစင်းက ဝင်တိုက်ရာမှာ အများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာတွေလည်း ရခဲ့ကြတာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ နေရာကို သွားရောက်ခဲ့တဲ့ သေဆုံးသွားသူ တဦးရဲ့ သားချင်းဖြစ်သူ မြန်မာအလုပ်သမား ကိုမြင့်သိန်းကတော့ မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၅ ယောက် ပွဲချင်းပြီး သေဆုံးတယ်လို့ ဆိုပါတယ်။

“ကျနော် လက်ချိုးရေကြည့်တဲ့ အခါကျတော့ ၁၅ ယောက်လောက် တွေ့ခဲ့တယ်ပေါ့နော်။ ကျနော့်တူမက ထိပ်ဆုံးလောက်မှာဖြစ်တော့ ကျနော် အဲဒီအလောင်းတွေ ကျော်ဖြတ်ပြီး ကျနော့်တူမနဲ့ တွေ့တဲ့အခါကျတော့ သူက ဒဏ်ရာစာရင်း မဟုတ်ဘဲ သေဆုံးသွားတဲ့ အခါကျတော့ သူ့ကိစ္စပဲ လိုက်လုပ်နေရတော့ ဒဏ်ရာရတဲ့ စာရင်းကို ခန့်မှန်းလို့ မရဘူးခင်ဗျ။”

ကျန်ဒဏ်ရာရတဲ့ ၅၇ ယောက်ကို မဟာချိုင်ဆေးရုံ၊ ဆီရိချိုင် အမှတ် ၅ ဆေးရုံနဲ့ စမုန့်စခွန် ဆေးရုံတွေဆီ ပို့လိုက်ပြီး ဆေးရုံတွေမှာပဲ ဒဏ်ရာကြောင့် နောက်ထပ် ၁ ယောက် သေဆုံးသွားတယ်လို့လည်း အကူအညီ ပေးသူတွေက ပြောကြပါတယ်။

ဒီမနက်ပိုင်း ဆေးရုံတွေ ရောက်ခဲ့တဲ့ အလုပ်သမားအရေး ကူညီသူ ဦးကျော်သောင်းက သေဆုံးသူ အများအပြား ရှိခဲ့သလို အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသူတွေလည်း ဆေးရုံပေါ်မှာ လောလောဆယ် ကုသမှု ခံယူနေရတယ်လို့ ပြောပါတယ်။

“ကျနော်ရောက်သွားတဲ့ အချိန်မှာ အရေးပေါ်ခန်းမှာ ကုသနေတဲ့ ထိခိုက်ဒဏ်ရာ ရသွားတဲ့ အလုပ်သမား လေးငါးခြောက်ဆယ် အကုန်လုံးက ဆေးရုံဝတ်စုံတွေနဲ့၊ ပိုက်တန်းလန်း၊ တွန်းလှည်းတွေနဲ့ စောင့်သူတွေ တွေ့ခဲ့တယ်။ ဆေးရုံမှာ သေဆုံးတယောက်လို့ စက်ဝိုင်း ဝိုင်းပြထားတာ ရှိတယ်။ အဲဒီမှာ နည်းနည်းကွဲလွဲတာက ကျနော်တို့ အလောင်းဝင်ကြည့်တဲ့ အခါမှာ ၆ လောင်း တနေရာ၊ ၇ လောင်း တနေရာ၊ နောက်တနေရာမှာ ၄ လောင်း တနေရာရှိတယ်။”

အလုပ်သမားအရေး ကူညီတဲ့ မဟာချိုင် အခြေစိုက် လူ့အခွင့်အရေး ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း တာဝန်ရှိသူ ကိုစိန်ဌေးကတော့ မတော်တဆမှုမှာ သေဆုံးသူနဲ့ ထိခိုက်သူ အလုပ်သမားတွေအတွက် နစ်နာကြေးရဖို့ စတင်ကြိုးပမ်းနေပြီလို့ ပြောပါတယ်။

“အဓိကက သေဆုံးသွားတဲ့သူတွေ နစ်နာကြေး ရဖို့ပေါ့နော်။ ဒဏ်ရာရတဲ့ လူတွေဆိုလည်း ဆေးကုတဲ့ စရိတ်ရဖို့၊ နစ်နာကြေး ရဖို့အတွက်ပေါ့နော်၊ ဒါတွေက နောက်ဆက်တွဲ ပြန်လိုက်ရမှာပေါ့လေ။ တယောက်ချင်းစီ၊ လူဦးရေက တအားများတဲ့ အခါကျတော့၊ နောက် သူတို့စက်ရုံ အနေနဲ့ ဘာတွေလုပ်ပေးသလဲ လိုက်ကြည့်ရဦးမယ်။ လောလောဆယ်မှာ သူတို့ရနိုင်မယ့် အခွင့်အရေးတွေကို ကျနော်တို့ တွက်ချက်ထားတယ်။”

ထိခိုက်သေဆုံးသူ အများစုဟာ တရားဝင် အလုပ်သမား လက်မှတ်နဲ့ ယာယီပတ်စ်ပို့ ရှိကြတာမို့ အသက်အာမခံ ရှိသူတွေ ဖြစ်ပါတယ်။ မဟာချိုင်မှာ အခုလို ယာဉ်မတော်တဆဖြစ်ပြီး အများအပြား သေဆုံးတာ အရင်က မရှိခဲ့ပါဘူး။ သေဆုံးသွားသူတွေကို စက်ရုံက အစီအစဉ်နဲ့ မဟာချိုင်က ဝပ်ကျပ်ဘုန်းကြီးကျောင်းမှာ မနက်ဖြန် စုပေါင်းသဂြုႋဟ် ပေးမယ်လို့ သိရပါတယ်။

XS
SM
MD
LG