သုံးရလွယ်ကူစေသည့် Link များ

မြန်မာအလုပ်သမားတွေ ထိုင်းမှာ ကားမှောက် သေဆုံးထိခိုက်မှုရှိ


မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကုမ္ပဏီကား တိမ်းမှောက်ပြီး တဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်နေပုံ။ (ဓာတ်ပုံ-အရပ်သားသတင်းထောက်)
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကုမ္ပဏီကား တိမ်းမှောက်ပြီး တဦးသေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်နေပုံ။ (ဓာတ်ပုံ-အရပ်သားသတင်းထောက်)

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ကားတစီး တိမ်းမှောက်ရာမှာ လူတဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ ကားက လမ်းဘေးချောက်ဘက်ကို မတိမ်းဘဲ တဘက်ယာဉ်ကျောဘက်ကို တိမ်းမှောက်ကျခဲ့တာကြောင့် အခုလို ထိခိုက်မှုနည်းခဲ့တာဖြစ်ကြောင်းနဲ့ လောလောဆယ်မှာတော့ ယာဉ်မောင်းက ထွက်ပြေးနေဆဲဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်း အခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထား ပါတယ်။

မဲဆောက်ကနေ ဘန်ကောက်ကိုတက်တဲ့ကားတစီးဟာ သြဂုတ်လ ၃၁ ရက်၊ ည ၁၁ နာရီ အကျော် မှာ မဲဆောက်ကအထွက် တာ့ခ်မြို့ ရောက်ခါနီး တောင်ကြားမှာ တိမ်းမှောက်ခဲ့တာပါ။ ကားထဲမှာ လိုက်ပါသွားကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၈ ယောက်ထဲက တဦးသေဆုံးသွားခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသူ ၆ ဦးရှိကြောင်း အမျိုးသမီးနဲ့ ကလေး လူမှုစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် Mrs. Phothoung က ပြောပြပါတယ်။

“သူက လိုင်းကားမဟုတ်ဘူး၊ ကုမ္ပဏီကားတွေ။ ဗမာပြည်သားတွေ ဗီဇာသက်တမ်းလာတိုးတယ်။ ကားထဲမှာ ၄၈ ယောက် ရှိတယ်။ ၄၈ ယောက်မှာ ၆ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ နောက် ၆ ယောက်ကတော့ အနည်းပဲဖြစ်တယ်။ တယောက်ကတော့ ချက်ခြင်းပဲ ကားကနေ ဆောင့်မိပြီး ကန်ထွက်လာတော့ သူကတော့ သေသွားတယ်။”

ဒီဖြစ်ရပ်မှာ ကားတိမ်းမှောက်ပုံကြောင့်လည်း အသေအပျောက် အထိအခိုက် နည်းနည်း သက်သာ သွားတာဖြစ်ကြောင်း သူမက ပြောပါတယ်။

“ကားသမားက ကားကို တဖက်ကို စောင်းလိုက်လို့ လမ်းတဘက်ကို နည်းနည်း ကျော်လာတာ ပေါ့နော်၊ ကံကောင်းတာက နောက်တဘက်မှာလည်း ကားတွေ သိပ်မလာလို့ ၊ ကားတွေ ဖြတ်လာနေမယ်ဆိုရင် အတိုက်အခိုက်တွေ များမှာပေါ့နော်၊ ညာဘက်အပိုင်းကလာလိုက်တယ်၊ စောင်းလိုက်တယ်ပေါ့နော်။ နောက်တဘက်ကိုသာ စောင်းမိရင် တောင်အောက်ကို ရောက်ပြီး အားလုံး တောင်အောက်ကျပြီး သေသွားနိုင်တာပေါ့နော်။”

မဲဆောက်မြို့ကနေ ဘန်ကောက်တက်ကြတဲ့ ယာဉ်တွေဟာ အဲဒီတောင်ကြားမှာ မကြာခန တိမ်းမှောက်လေ့ရှိပါတယ်။ ဒါပေမယ့် ပုံမှန်ဆွဲနေတဲ့ လိုင်းကားတွေ အမှောက်နည်းပြီး မြန်မာပြည်သားတွေချည့် တင်လာတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ကားတွေကတော့ မကြာခန တိမ်းမှောက်လေ့ရှိတာပါ။ အရင်တုန်းကလည်း ကားမီးလောင် တိမ်းမှောက်တာကြောင့် လူ ၂၀ လောက် သေဆုံးခဲ့တာ၊ ကားမတော်တဆ တိမ်းမှောက်ရင်း တောင်အောက်ကိုကျလို့ မြန်မာနိုင်ငံသားတွေ သေဆုံးခဲ့တာတွေ ရှိခဲ့ပါတယ်။

အခု ကားကလည်း တောင်ကြားမှာ အရှိန်မြှင့်မောင်းခဲ့ကြောင်း ရဲတွေရဲ့ မေးမြန်းချက်ကို အလုပ်သမားတွေဘက်က ထွက်ဆိုခဲ့ပါတယ်။ ကားကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးနေဆဲဖြစ်ပြီး ယာဉ်မောင်းကတော့ ထွက်ပြေးနေပါတယ်။ ကုမ္ပဏီတာဝန်ရှိသူတွေကိုတော့ ကားအာမခံ ရှိမရှိဆိုတာနဲ့ အလုပ်သမားတွေရဲ့ နစ်နာကြေး ရပိုင်ခွင့်တွေအတွက် ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG