သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ မြန်မာတချို့ အန္တရာယ်ကျရောက်


မလေးရှားနိုင်ငံ SABAH SARAWAK (ဆာဘား ဆာရာဝပ်) ပြည်နယ်မှာရှိတဲ့ Shin Yang Shipyard SDN. BHD သဘောၤကျင်းစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတစ်ဦးနဲ့ အင်ဒိုနီးရှားနှစ်ဦး စကားများရာကနေ ပြဿနာစတင်ဖြစ်ပွားခဲ့ပြီး အခုချိန်အထိ အကူအညီမရကြသေးဘူးလို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြပေးထားပါတယ်။

မလေးရှားနဲ့ ဘရူနိုင်းနယ်စပ်မှာရှိတဲ့ ဆာဘားဆာရာဝပ်ပြည်နယ်က သဘောၤကျင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ မြန်မာလူမျိုးတစ်ဦးနဲ့ အင်ဒိုနီးရှားလူမျိုးနှစ်ဦးတို့ စကားများရာကနေ စခဲ့တဲ့ ပြဿနာကြောင့် ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ပုန်းအောင်း နေထိုင်နေကြရတာပါ။ သူတို့ရဲ့ နေထိုင်မှုဟာ လုံခြုံမှုမရှိသလို အကူအညီပေးမယ့်သူတွေလည်း မရှိတဲ့အကြောင်း မြန်မာနိုင်ငံသားတစ်ဦးက ပြောပြပါတယ်။

“အခုထိတော့ ရုံးဘေးနားက ဂိုဒေါင်ထဲမှာ နေနေရတယ်လေ။ အခုအချိန်အထိတော့ ဘာမှ သတင်းမထူးသေးဘူး။ ဌာနဆိုင်ရာ အတော်များများကိုတော့ အကူအညီတောင်းထားတာရှိတယ်။ ရာကျော်- တရာ့လေးငါးဆယ်လောက်တော့ရှိမယ်။ မြန်မာတွေက ဆယ်ယောက် ကျော်ကျော်လေးပဲရှိတာ ကျန်တဲ့လူတွေက အလုပ်တွေ ဆင်းနေကြတယ်။ ညပိုင်း OT ဆင်းနေကြတာဆိုတော့ အဆောင်မှာက ဆယ့်လေးငါးယောက်လောက်ပဲ ရှိတာ။ အဆောင်မှာ နေလို့မရဘူးလေ။ အဆောင်မှာကျတော့ အင်ဒိုတွေချည့်ပဲဆိုတော့ အကုန်လုံးလိုက်ကြည့်မယ်ဆိုရင် ထောင့်လေးငါးရာလောက်တော့ ရှိမယ်။ ဗမာက ၉၇ ယောက်ထဲလေ။ အဲဒါနဲ့ အကုန်လုံးမနေရဲကြတော့ ရုံးဘေးနားက ဂိုဒေါင်ထဲမှာ လာပြီးတော့ နေနေရတယ်။ အခု ၉၇ ယောက်လုံး စက်ရုံဘေးနားက ဂိုဒေါင်ထဲမှာ လာနေတာ။ စက်ရုံဝင်းရဲ့အပြင်ကို တယောက်မှ မထွက်ကြဘူး။ ထွက်တာနဲ့ ဟိုဘက်က အင်ဒိုတွေက ပြောလို့မရဘူးလေ။ အချိန်မရွေးရန်ရှာနိုင်တော့ တစ်ယောက်မှ အပြင်မထွက်ဘူး။”

အကူအညီမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံကို တရားဝင် နိုင်ငံကူးလက်မှတ်တွေနဲ့ ရောက်လာကြသူတွေ ဖြစ်ပြီး သူတို့ကို အကူအညီပေးဖို့ မြန်မာသံရုံးနဲ့ လူမှုရေးအသင်းအဖွဲ့တွေဆီကို အကူအညီတောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံကို လာရောက်ဖို့ အနည်းဆုံး မြန်မာကျပ်ငွေ ၁၄ သိန်းလောက် အကုန်ခံခဲ့ကြရပြီး ဂဟေဆက်လုပ်ငန်းတွေနဲ့ တခြားအလုပ်ကြမ်းတွေကိုသာ လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။ တချို့က မလေးရှားမှာ အလုပ်လုပ်နေတာ ၂ နှစ်ဝန်းကျင်ရှိနေပြီး အများစုက မကြာသေးခင်လပိုင်းအတွင်းကမှ ရောက်လာကြသူတွေ ဖြစ်ပါတယ်။
သူတို့အနေနဲ့ အသက်အန္တရာယ်ရန်ရှာခံရမှာကို စိုးရိမ်ရတဲ့အတွက် မြန်မာနိုင်ငံကိုပဲ ပြန်ဖို့ ဆုံးဖြတ်ထားကြကြောင်း မြန်မာနိုင်ငံသား အလုပ်သမားတစ်ဦးက ပြောပါတယ်။

“အကူအညီပေးမယ့်သူကိုပဲ စောင့်နေရတယ် အမရေ၊ စားဖို့သောက်ဖို့တွေလည်း အကုန် ပြတ်သလောက်ဖြစ်နေပြီ။ ကုမ္ပဏီကလည်း မကျွေးဘူးလေ။ ရဲတွေကိုတော့ သွားပြီးတိုင်ချက်ဖွင့်ထားတယ်။ ပြန်ဖို့လုပ်နေကြတဲ့အတွက် တစ်ယောက်မှတော့ အလုပ်မဆင်းကြဘူး။ အင်ဒိုတွေကြားထဲ အလုပ်လုပ်ရမှာဆိုတော့ တစ်ယောက်မှ အလုပ်မဆင်းကြဘူး။ သူတို့ကတော့ အကုန်လုံးပြန်ဆင်းခိုင်းတယ်။ ဒါပေမယ့် ဒီကလူတွေကလည်း အကုန်လုံးမဆင်းကြဘူးလေ။ ဆင်းမယ်ဆိုရင် ပြန်ဖို့ကိစ္စက မလွယ်တော့ဘူး။ အဲဒါကြောင့် အကုန်လုံးမဆင်းဘဲနဲ့ ၉၇ ယောက်လုံး တညီတညွတ် အတူတူ နေနေကြတယ်။”

ဆာဘား၊ ဆာရာဝပ်ပြည်နယ်ဟာ မလေးရှားနိုင်ငံရဲ့ နယ်စပ်မှာရှိနေပြီး မလေးရှားနိုင်ငံရဲ့မြို့တော် ကွာလာလာမ်ပူနဲ့ ခရီးကွာဝေးတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေနောက်ပိုင်း မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် အန္တရာယ်တွေ ပိုများ လာနေတာပါ။ မကြာသေးခင်တုန်းကလည်း မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးတွ သတ်ဖြတ်ခံခဲ့ရမှုတွေ ရှိခဲ့သလို နေရပ်ရင်းကို ပြန်ကြသူတွေလည်း အများအပြားရှိခဲ့တာပါ။ အခု မြန်မာနိုင်ငံသားတွေရင်ဆိုင်နေရတဲ့ အန္တရာယ်နဲ့ မလုံမခြုံဖြစ်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ မလေးရှားမှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိ ဦးစိုးဝင်းနဲ့ မလေးရှားမှာရှိတဲ့ အလုပ်သမားတွေကို ပို့ဆောင်ခဲ့တဲ့ အေဂျင်စီက တာဝန်ရှိသူတွေဟာ မနက်ဖြန် ကွာလာလာမ်ပူကနေ အလုပ်သမားတွေရှိတဲ့ နေရာကို သွားမှာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ အာဘာဖီ ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၂ ခုကလည်း မနက်ဖြန်သွားမှာ ဖြစ်ကြောင်း၊ အဲဒီအခါကျမှ အလုပ်သမားတွေရဲ့ အခြေအနေကို သေချာ မေးမြန်းရမှာ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
XS
SM
MD
LG