သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာလုပ်သားတွေ ယာယီ သက်သေခံစာအုပ် လျှောက်နိုင်


ပန်းရောင်ကဒ် မကိုင်နိုင်ကြသေးတဲ့ ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သက်သေခံ အစိမ်းရောင်စာအုပ်
ပန်းရောင်ကဒ် မကိုင်နိုင်ကြသေးတဲ့ ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သက်သေခံ အစိမ်းရောင်စာအုပ်

ထိုင်းအစိုးရလုပ်ပေးတဲ့ အလုပ်သမားလက်မှတ် ပန်းရောင်ကဒ်ရှိပြီးသား ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် လုပ်ဖို့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းအဆင်သင့်မဖြစ်သေးရင် လောလောဆယ် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ်ဖြစ်တဲ့ အစိမ်းရောင် စာအုပ်ကို မြန်မာသံရုံးကနေ ဘန်ကောက်အပါအဝင် နေရာ ၅ ခုမှာ ကြီးကြပ်ရေးရုံးဖွင့်ပြီး ထုတ်ပေးသွားဖို့ ရှိပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းအစိုးရလုပ်ပေးထားတဲ့ အလုပ်သမားလက်မှတ်နဲ့အတူ နိုင်ငံကူး လက်မှတ်လုပ်ဖို့ မှတ်ပုံတင်နဲ့သန်းခေါင်စာရင်းတွေအဆင်သင့်မရှိသေးရင် ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း သက်သေအထောက်အထားစာအုပ် ထုတ်ပေးသွားမှာ ဖြစ်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်က ပြောပါတယ်။

“မည်သူမည်ဝါဖြစ်တဲ့အကြောင်း ထုတ်ပေးမယ့် Certificate of Identity လေ၊ အထောက်အထားမပြည့်စုံတဲ့အခါကျတော့ ထိုင်းနိုင်ငံက ‘ဘတ်’ ကဒ် ရထားတဲ့သူတွေတော့လည်း (၆) သိန်း၊ (၅) သောင်းလောက် ရှိတယ်လေ။ သူတို့ကလည်း ၂၀၁၅ ၊ မတ် (၃၁) ဆိုရင် သူတို့က သက်တမ်းကုန်ပြီ။ အထောက်အထားတွေ မပြည့်မစုံဘဲနဲ့တင်ရင် ထပ်ပြီးတော့ အလုပ်သမားရေးရာလေးတွေ ပြဿနာရှိမှာစိုးလို့ လောလောဆယ်အားဖြင့် ပတ်စ်ပို့တွေ ထုတ်မပေးနိုင်ခင်စပ်ကြားမှာ ယာယီသက်သေခံအထောက်အထားအနေနဲ့ ထုတ်ပေးတာပါ။ ပန်းရောင်ကဒ်ရှိတဲ့သူတွေက မှတ်ပုံတင်လည်းရှိတယ်၊ သန်းခေါင်စာရင်းလည်းရှိတယ်ဆိုရင် ပတ်စ်ပို့လျှောက်လို့ရတယ်။ အခုက ဘာမှ အထောက်အထားမရှိတဲ့သူကိုလေ၊ အရမ်းနောက်ကျနေမှာစိုးလို့လေ။”

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရဲ့အစီအစဉ်နဲ့ ဘန်ကောက်အပါအဝင် နေရာ ၅ ခုမှာ ကြီးကြပ်ရေးရုံးတွေဖွင့်သွားမှာဖြစ်ကြောင်း၊ ထိုင်းအစိုးရနဲ့ညှိနှိုင်းပြီး တရားဝင်ထုတ်ပြန်သွားမှာဖြစ်ကြောင်းနဲ့ မတ်လအတွင်းမှ စတင်ဖို့စီစဉ်ထားတယ်လို့ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင်ကပဲ ပြောပါတယ်။

“ကျနော်တို့က ကြီးကြပ်ရေးကောင်စီရုံး (၅) ရုံး ဖွင့်ပါမယ်။ ထိုင်းနိုင်ငံမှာ၊ ဘန်ကောက် (၁) ရယ်၊ ဘန်ကောက် (၂) ရယ်၊ မဲဆိုင်၊ မဲဆောက်၊ ရနောင်းမှာ၊ အဲဒီမှာ လျှောက်လို့ရပါတယ်။ ဖွင့်ဖို့အတွက် ထိုင်းကို ကျနော်တို့က Schedule လည်း တင်ထားပါတယ်။ တရားဝင် အမိန့်ထုတ်ပြန်ချက်ကိုပဲ စောင့်နေတာပါ။ များမကြာခင်တော့ ဆောင်ရွက်နိုင်မှာပါ။”

အခုလက်ရှိလုပ်ပေးမယ့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထားစာအုပ်အတွက် အချက်အလက်တွေ ဖြည့်စွက်ရာမှာ အချက် ၂၇ ချက် ပါဝင်ပြီး လျှောက်ထားသူရဲ့ ကိုယ်ရေးအချက်အလက်တွေအပါအဝင် လျှောက်ထားသူရဲ့ မိသားစု၊ ဆွေမျိုးအရင်းအချာတွေရဲ့ အလုပ်အကိုင်တွေ၊ နေရပ်လိပ်စာတွေလည်း ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် လျှောက်ထားသူဟာ ပြစ်မှု၊ တရားမမှုအရ အရေးယူခံရမှုရှိခဲ့ရင်လည်း ဖြည့်စွက်ပေးဖို့ ပါဝင်ပါတယ်။ ဒါ့အပြင် ယခင် နိုင်ငံကူးလက်မှတ်လျှောက်ထားရင်လည်း ဖြည့်စွက်ပေးရမှာဖြစ်ပါတယ်။ အချက် ၂၇ ချက်ကို ဖြည့်စွက်ပြီးမှသာ Certificate of Identity လို့ခေါ်တဲ့ သက်သေအထောက်အထားစာအုပ် အစိမ်းရောင်ကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက် မြန်မာအစိုးရက ယာယီနိုင်ငံကူးလက်မှတ်ကနေ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ရှိရင်တော့ ထိုင်းနိုင်ငံအပြင် တခြားနိုင်ငံတွေကိုပါသွားနိုင်တဲ့ နိုင်ငံကူးလက်မှတ် အနီရောင်စာအုပ် ထုတ်ပေးမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်တွေက ပြောထားတာ ရှိပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားaတာ်တော်များများကတော့ မြန်မာပြည်ပြန်ပြီး မှတ်ပုံတင်နဲ့သန်းခေါင်စာရင်း လုပ်ဖို့ ငွေကြေး အပါအဝင် တခြားအခက်အခဲတွေဗကြာင့် အဆင်သင့်မဖြစ်ကြဘဲ အတော်များများက နိုင်ငံကူးလက်မှတ် မလုပ်နိုင်ကြသေးဘဲ ဖြစ်နေပါသေးတယ်။

ပြီးခဲ့တဲ့နှစ်က ထိုင်းစစ်အစိုးရသစ်လက်ထက်မှာ အလုပ်သမားလက်မှတ်တွေကို နေ့ချင်းပြီး လုပ်ဆောင်ပေးခဲ့တာတောင်မှ သန်းနဲ့ချီရှိတဲ့ မြန်မာတွေထဲက ၆ သိန်းကျော်ပဲ အလုပ်သမားလက်မှတ်လုပ်ခဲ့ကြတာပါ။ အဲဒါကြောင့် ဒီနှစ်ဆန်းမှာ မြန်မာအလုပ်သမားတွေ မကြာခန ဖမ်းဆီးခံရမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား နှစ်သန်းကနေ ၃ သန်းလောက် ရှိနိုင်တယ်လို့ နှစ်နိုင်ငံအစိုးရတွေက ခန့်မှန်း ထားကြပေမယ့် နေ့စဉ် အလုပ်အကိုင် ရှာဖွေနေသူတွေ များလာတာကြောင့် ဒိထက်မကလည်း ရှိနိုင်တယ်လို့ အလုပ်သမားရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေက သုံးသပ်နေကြပါတယ်ရှင်။

XS
SM
MD
LG