သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းယာယီအလုပ်လုပ်ခွင့် ကဒ်ပြားသက်တမ်း မတ်လနောက်ဆုံး


ထိုင်း အလုပ်သမားကဒ် ဘတ်ပန်းရောင် ကဒ်ကိုင်ဆောင်သူများ နိုင်ငံကူးလက်မှတ်လျှောက်ထားရန် နိုးဆော်စာ (ထိုင်းအလုပ်သမားကြီးကြပ်ရေးဝန်ကြီးဌာန)
ထိုင်း အလုပ်သမားကဒ် ဘတ်ပန်းရောင် ကဒ်ကိုင်ဆောင်သူများ နိုင်ငံကူးလက်မှတ်လျှောက်ထားရန် နိုးဆော်စာ (ထိုင်းအလုပ်သမားကြီးကြပ်ရေးဝန်ကြီးဌာန)

ထိုင်းနိုင်ငံတွင်း ယာယီအလုပ်လုပ်ကိုင်ခွင့် ဘတ်ကဒ်လို့ခေါ်တဲ့ ပန်းရောင်ကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာ-လာအို၊ ကမ္ဘောဒီးယားသုံးနိုင်ငံက နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ကို မတ်လကုန်နောက်ဆုံးထားပြီး သုံးလအတွင်း အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်း အလုပ်သမား ကြီးကြပ်ရေးဝန်ကြီးဌာနက ဆော်သြလိုက်ပါတယ်။ သတ်မှတ်ထားတဲ့အချ နောက်ပိုင်းမှာ သက်တမ်းကုန်ဆုံးသူ တရားမဝင် အလုပ်သမားတွေကိုတွေ့ရှိရင် သူတို့နိုင်ငံတွေကို ချက်ခြင်းပြန်လည်ပို့ဆောင်မှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ ဒီအခြေအနေမှာ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေဘက်က ဘာတွေကူညီဆောင်ရွက်ပေးနေပါသလဲဆိုတဲ့ အသေးစိတ် ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းနိုင်ငံတွင်း ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပေးထားတဲ့ ယာယီအလုပ်လုပ်ခွင့် ဘတ်ကဒ်တွေကို သက်ဆိုင်ရာအလုပ်ရှင်တွေ ထောက်ခံချက်နဲ့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက လုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ အခုလိုမျိုး ထိုင်းကနေ ထုတ်ပေးထားတဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့ ယာယီအလုပ်သမားကဒ် ကိုင် ဆောင်ထားတဲ့ မြန်မာ-လာအို-ကမ္ဘောဒီးယား သုံးနိုင်ငံက အလုပ်သမားတွေအနေနဲ့ ယာယီနိုင်ငံကူးလက်မှတ် (Passport) လာပြီးတော့ လုပ်ဆောင်ကြ ဖို့ကို ထိုင်းအလုပ်သမား ကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ထပ်မံပြီး ဆော်သြလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ရက်နေ့ နောက်ဆုံးထား သတ်မှတ်ပေးထားတာပါ။ တကယ်လို့ အဲ့ဒီ့အချိန် ကျော်လွန်ချိန်နောက်ပိုင်းမှာတော့ စာရွက်စာတမ်းကုန်ဆုံးသူတွေနဲ့ တရားမဝင် နေထိုင်သူတွေကိုတွေ့တယ်ဆိုရင် ဖမ်းပြီး အမိနိုင်ငံကို ပြန်ပို့မယ်လို့လည်း သတိပေးထားတာပါတယ်။

ဒါကြောင့် သတ်မှတ်ရက်မကုန်ဆုံးခင် အလုပ်သမားတွေအနေနဲ့ ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေဘက်ကလည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါကြောင့် ထိုင်းအစိုးရက သတ်မှတ်လိုက်တဲ့ ကာလအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ် လုပ်ဆောင်ခွင့်ရနိုင်ဖို့ ထိုင်း-မြန်မာ အလုပ်သမားရေး တာဝန်ရှိသူတွေ ဆွေးနွေးအဖြေရှာနေတဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က အခုလိုရှင်းပြပါတယ်။

“ဒီဇင်ဘာ ၁၁ ရက်၊ ၁၂ ရက်ကနေပြီးတော့မှ ကျနော်တို့ အလုပ်သမားရေးရာကိစ္စတွေကို အစည်းအဝေးတခု လုပ်ပါတယ်။ ထိုင်းက အလုပ်သမားဝန်ကြီး ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်ပြီးတော့ပေါ့နော်၊ ကျနော်တို့ဘက်ကတော့ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ပြီး ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲ လုပ်တဲ့ ရည်ရွယ်ချက်ကလည်း အဲဒီကိစ္စတွေပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် နိုင်ငံတော်အကြီးအကဲတွေကို ဘယ်နည်းလမ်းတွေကို ရွေးချယ်လုပ်ပါမယ်ဆိုတာကို ကျနော်တို့ တင်ပြထားတာလေးတွေ ရှိပါတယ်။”

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေဘက်က မြန်မာနိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ၊ အိမ်ထောင်စု စာရင်းဝင် ပုံစံ (၁၀) မိတ္တူနဲ့ မြန်မာသံရုံး ထောက်ခံစာယူပြီး ထိုင်းနိုင်ငံ မြန်မာသံရုံး အပါအဝင် မဲဆိုင်၊ မဲဆောက်၊ ရနောင်း စတဲ့ နယ်စပ်မြို့ဂိတ်တွေမှာ ယာယီနိုင်ငံကူးလက်မှတ်ကို လာရောက်လျှောက်ထားနိုင်ပါတယ်။ ။ တကယ်လို့ စာရွက်စာတမ်း လိုအပ်ချက်ရှိမယ် ဆိုရင်တော့ မြန်မာအလုပ်သမားတွေ မြန်မာနိုင်ငံပြန်ယူနိုင်ဖို့ ခရီးသွားလာခွင့် တရားဝင်နိုင်ငံဖြတ်ကျော်ခွင့်ပြုချက်ရဖို့ မြန်မာသံရုံးက ဆောင်ရွက်ပေးမယ် လို့ မြန်မာအလုပ်သမားသံအရာရှိကပြောပါတယ်။

“ပန်းရောင်ကဒ်ပေါ့နော်၊ ထိုင်းနိုင်ငံအခေါ်ကတော့ ဘတ်ကဒ်ပေါ့။ ပန်းရောင်ကဒ် ကိုင်ဆောင်ထားတဲ့သူတွေမှာ မှတ်ပုံတင်ရယ်၊ အိမ်ထောင်စုစာရင်းရယ် ပြည့်စုံလို့ရှိရင် ကျနော်တို့က ဒီမှာတင် သာမန်နိုင်ငံကူးလက်မှတ် ပတ်စ်ပို့အကြီးကို ထုတ်ပေးဖို့အတွက် လျှောက်ထားနိုင်ပါတယ်။ အထောက်အထား မပြည့်စုံရင်တော့ ပန်းရောင်ဘတ်ကဒ်ရယ်၊ သံရုံးကနေပြီးမှ ခရီးသွားထောက်ခံချက် ယူပြီးလို့ရှိရင် မြန်မာနိုင်ငံကိုပြန်ပြီး အထောက်အထားတွေ ပြည့်စုံအောင်လုပ်ပါ။ ပြန်လာလို့ရှိရင် ဆက်ပြီးတော့ ပုံစံတကျလုပ်ဖို့ကို ကျနော်တို့က စီစဉ်ထားတာပါ။ နယ်စပ်တွေမှာလည်းပဲ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်းပေါ့နော်၊ ပြည်ပ အလုပ်အကိုင် သက်သေခံကဒ်ပြားဆိုပြီး စမတ်ကဒ်ထုတ်ပေးတဲ့အခါမှာလည်း ဖွင့်ထားတာ သုံးဦးရှိတယ်လေ။ အဲဒီနေရာမှာ ခုနက ဘယ်လို အထောက်အထားမျိုးတွေနဲ့ ဆောင်ရွက်မှာလဲ၊ ခွင့်ပြုမှာလဲဆိုတာ ညွှန်ကြားချက်အရ ပေးမှာလဲဆိုတာကို သိတာနဲ့ ညွှန်ကြားတဲ့အပေါ်မှာ မူတည်ပြီးတော့ လုပ်ဖို့အတွက် ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။”

မြန်မာအလုပ်သမားတွေ အခုလက်ရှိကြုံနေရတဲ့အခက်အခဲတွေကိုလည်း မြန်မာသံရုံးဘက်က ထိရောက်စွာ ကူညီဆောင်ရွက်ပေးသင့်သလို မြန်မာ အလုပ်သမားတွေဘက်ကလည်း အလုပ်သမားရေးဆိုင်ရာ သတိပေးကြေညာချက်တွေကို မျက်ခြေမပြတ် လေ့လာနေဖို့လိုတယ်လို့ BAT မြန်မာနိုင်ငံသားများအဖွဲ့ အလုပ်သမားတာဝန်ခံ မသက်သက်ဦးက အကြံပြုပါတယ်။

“ထိုင်းအစိုးရက ပြန်ကြေညာချက်ထုတ်လိုက်တာက နယ်စပ်မှာပဲ One Stop Service လုပ်မယ်ဆိုတော့ နယ်စပ်မှာပဲ နိုင်ငံသားစိစစ်ရေးပါလုပ်မယ်။ ပြန်ဝင်လာတဲ့ဟာကို ဗီဇာကိုလည်း နယ်စပ်မှာပဲ လုပ်ပေးမယ်ဆိုရင်တော့ နည်းနည်း အဆင်ပြေသွားနိုင်တယ်လေ။”

အခုလိုမျိုး ထိုင်းနိုင်ငံတွင်း ယာယီ အလုပ်လုပ်ကိုင်ခွင့် ဘတ်ကဒ် ကိုင်ဆောင်သူတွေကို ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ ဆော်သြနေချိန်မှာပဲ လက်ရှိ ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ အလုပ်သမားတွေအနေနဲ့ အထူးသဖြင့် သက်တမ်းလေးနှစ်ကျော်လွန်ချိန် အလုပ်လုပ်ခွင့်ဗီဇာ ထပ်ပြီးတော့ သက်တမ်းတိုးကိစ္စတွေကိုလည်း လုပ်ဆောင်နေချိန်ဖြစ်ပါတယ်။ ထိုင်းအစိုးရဘက်က သူတို့နိုင်ငံထဲမှာ သိန်းချီရှိနေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားတွေအရေး စီမံချက်တွေ ချပြီး ထိထိရောက်ရောက် ဆောင်ရွက်နေချိန်ဖြစ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဥပဒေနဲ့အညီ စည်းကမ်းတကျဆောင်ရွက်ကြဖို့ အရေးကြီးတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ကူညီ ဆောင်ရွက်နေသူတွေက သတိပေးပါတယ်။

XS
SM
MD
LG