သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် တရားမဝင် မြန်မာ အလုပ်သမားတွေ မဖမ်းဖို့ အဆိုပြု


ထိုင်းနိုင်ငံ၊ Samut Sakhon ခရိုင်အတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ဖူးရန် လမ်းပေါ်ထွက်လာကြစဉ်။ (မေ၊ ၃၀၊ ၂၀၁၂)
ထိုင်းနိုင်ငံ၊ Samut Sakhon ခရိုင်အတွင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဒေါ်အောင်ဆန်းစုကြည်ကို မြင်ဖူးရန် လမ်းပေါ်ထွက်လာကြစဉ်။ (မေ၊ ၃၀၊ ၂၀၁၂)
ထိုင်းနိုင်ငံက တရားဝင်အလုပ်သမားလက်မှတ် သက်တမ်းထပ်တိုးလို့မရသေးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အထူးအခွင့်အရေးပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီးက ထိုင်းအစိုးရကို တင်ပြထားတယ်လို့ မြန်မာသံအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ တရားဝင် နေထိုင်ခွင့် မရှိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဖမ်းဆီးခြင်းမပြုဖို့ မြန်မာသံအမတ်အနေနဲ့ မေတ္တာရပ်ခံထားတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

မြန်မာသံအမတ်ရဲ့တောင်းဆိုချက်ကို ဒီနှစ်မကုန်ခင်မှာ ထိုင်းအစိုးရဘက် လိုက်လျောခွင့်ပြုဖို့ မျှော်လင့်ထားပေမယ့် ထိုင်းနိုင်ငံအခြေအနေ မတည်ငြိမ်သေးတာကြောင့် ထိုင်းဝန်ကြီးအဖွဲ့ရဲ့ စုံညီဆုံးဖြတ်ချက်ကို စောင့်နေရတယ်လို့ အလုပ်သမားရေးဆိုင်ရာ မြန်မာသံအရာရှိ ဦးကျော်လွင်က ပြောပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အနေနဲ့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန အကြီးအကဲနဲ့ မကြာသေးခင်က သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း ဦးကျော်လွင်က ဆိုပါတယ်။

“အဓိက-ကျနော်တို့ ဖြစ်စေချင်တာကတော့ဗျာ။ ၄ နှစ်ပြည့်ပြီးသွားတဲ့ အလုပ်သမားတွေကို ထိုင်းအစိုးရအနေနဲ့ ဘယ်လို ဆက်ပြီး အခွင့်အရေး ပေးနိုင်မလဲဆိုတာကို မေတ္တာရပ်ခံတာပေါ့။ သူတို့ကတော့ လူကြီး ၂ ယောက်ရဲ့ အဓိကမေတ္တာရပ်ခံချက်ကြောင့်ဆိုပြီး ကော်မရှင်နာမင်းကြီးနဲ့ တွေ့တဲ့အချိန်မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ညှိပါ့မယ်တဲ့။ ညှိပီးတဲ့အခါ ရက်ပေါင်း ၁၈၀ အတွင်းမှာ အဖမ်းအဆီးမရှိဖို့အတွက် ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ကက်ဘိနက်ကို တင်ပေးမယ်ဆိုပြီးတော့ သူတို့က ပြောတာ။ ပြောပြီးတော့ ကက်ဘိနက်တင်ဖို့ လုပ်နေတယ်။ အဲဒါတော့ ကျနော်သိတယ်။ ဒါပေမယ့် နောက်ပိုင်း အမိန့်ထုတ်တာ မထုတ်တာတော့ ကျနော် မသိသေးဘူးဗျ။”

နှစ်ဘက်ဆွေးနွေးပွဲမှာ မြန်မာအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ခွင့်ရနိုင်ရေး နည်းလမ်းကို အဓိက ဆွေးနွေးခဲ့ကြတယ် လို့လည်း ဆိုပါတယ်။ မြန်မာအလုပ်သမားရေးကိစ္စနဲ့ပတ်သက်လို့ ထိုင်း အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ပူးပေါင်း ဆောင်ရွက်နေတယ်ဆိုပေမယ့် လက်တွေ့မှာ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာရှိတယ်လို့ မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားတွေအရေးဆောင်ရွက်ပေးနေတဲ့ “မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလုပ်ငန်း ကော်မတီ (TACDB)” တာဝန်ခံ ဦးမြင့်ေ၀ ပြောပါတယ်။

“ရက်ပေါင်း ၁၈၀ အတွင်းမှာ မဖမ်းဖို့ဟာ သူတို့အလုပ်သမားတွေရဲ့အမှား မဟုတ်ဘူးလေ၊ အစိုးရရဲ့အမှားသာ ဖြစ်တယ်။ အဲဒီအလုပ်သမားတွေရဲ့ အတွေ့အကြုံတွေပေါ့။ တချို့က လုပ်ငန်းခွင်မှာ ကျွမ်းကျင်သူဆိုင်ရာ သင်တန်းတွေ ပေးရမယ့်အလုပ်သမားတွေလည်း ရှိတာကိုး။ တချို့စက်ရုံတွေ မှာလေ။ ဆိုတော့ကျ ဒီအလုပ်သမားတွေကို လိုလိုလားလားနဲ့ သူ့သဘော အလျှောက် မပြန်သေးဘဲနဲ့ ပတ်စ်ပို့သက်တမ်း ကျော်လို့ဆိုပြီးတော့ ဖမ်းပြီး ပြန်ပို့တာမျိုး လုံးဝ လုပ်လို့မရဘူး။”

ထိုင်းအစိုးရဝန်ကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ စောင့်နေတဲ့အချိန် အတွင်းမှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေကို ထိုင်းနိုင်ငံဝင်ခွင့် ဗီဇာထုတ်ပေးဖို့ ထိုင်းဘက်ကနေ စတင် လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ သံအရာရှိ ဦးကျော်လွင်က အခုလိုပြောပါတယ်။

“အဲဒါက နှစ်နိုင်ငံအစည်းအဝေးမှာ ကျနော်တို့ ညှိနှိုင်းပြီးသား၊ ညှိထားပြီးတော့မှ စခန်းတွေက သြဂုတ်လ ၁၁ ရက်နေ့ကစပြီး ခနပိတ်ထားလိုက်ရတဲ့ အခြေအနေမှာ ကလေးတွေရဲ့ ပတ်စ်ပို့တွေ ဆက်မလုပ်နိုင်တော့တာ။ အဲဒါကြောင့် ကျနော်တို့က ဒီကလေးတွေရဲ့ ပတ်စ်ပို့တွေ ဆက်လုပ်နိုင်ခွင့်ရဖို့၊ ဒီစခန်းတွေ ပြန်ဖွင့်တဲ့အချိန်မှာ လုပ်ပိုင်ခွင့်ရဖို့ဆိုပြီး ကျနော်တို့သွားလုပ်တာ။ ညွှန်ကြားချက်ရှိပြီးသားဆိုတော့ ပြဿနာတော့ သိပ်မရှိနိုင်ဘူး။ စခန်းတွေ ပြန်ပွင့်လာမယ့်အချိန်မှာတော့ ပြန်လုပ်လို့ရမယ်လို့ သူတို့က ပြောပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့အရေးကို အလေးပေးဆောင်ရွက်လာပေမယ့်လည်း ထိုင်းနိုင်ငံဘက်က မြန်မာအလုပ်သမားတွေကိုပေးနိုင်တဲ့ အခွင့်အရေးတွေဟာ အကန့်အသတ်တွေနဲ့ ရှိနေအုံးမှာဖြစ်တယ်လို့ ဦးမြင့်ဝေက ပြောပါတယ်။

“ဗမာအလုပ်သမားတွေ အခွင့်အရေးတွေ အများကြီးတိုးမယ်ဆိုတာကတော့- ထိုင်းအလုပ်သမားတွေ အခွင့်အရေးမရလို့၊ အခွင့်အရေးမပေးချင်လို့ ဗမာအလုပ်သမားတွေကို ခန့်ထားတာဖြစ်တဲ့အတွက် အစားထိုးကြတာ ဖြစ်တဲ့အတွက် လက်ရှိအခင်းအကျင်းက ဘယ်လောက်ပဲ ပြုပြင်မွမ်းမံပြီး မျှော်လင့်ချက်တွေ အများကြီး ရှိတယ်ပြောပြော၊ ထိုင်းအလုပ်သမား အခွင့်အရေးကတော့ သိပ် အများကြီး တိုးစရာမရှိဘူး။”

ယာယီနိုင်ငံကူးလက်မှတ် ကဒ်ပြားတွေကို ထုတ်ပေးနေတဲ့စခန်းတွေကတော့ ကော့သောင်း၊ ထီးချိုင့်၊ ထီးခီး၊ မောတောင်၊ မြဝတီ၊ တာချီလိတ်နဲ့ ဘန်ကောက်မြို့က မြန်မာသံရုံးတို့ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG