သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တရုတ်ပိုင် ဖုယွင်စက်ရုံ အထုတ်ခံမြန်မာအလုပ်သမားအရေး ဆန္ဒပြဦးဆောင်သူတွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တွေ့ဆုံ


ဖုယွင် အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေကို သပိတ်စခန်းပြန်ဖို့ ဘတ်စ်ကားတွေ စီစဉ်ပေးနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

တရုတ်နိုင်ငံသားပိုင် ဖုယွင်အထည်ချုပ် စက်ရုံက အထုတ်ခံရတဲ့ အလုပ်သမား (၃၀) ကို အလုပ်ပြန်ခန့်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရ ကြားဝင်ဆောင်ရွက်ပေးဖို့ ဒါဇင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ တနင်္လာနေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြအလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အလုပ်သမားတွေဘက်ကို စာနာကြောင်းနဲ့ တရားရုံး ဒါမှမဟုတ် ခုံရုံးတက်ပြီး ဥပဒေနဲ့အညီ ဖြေရှင်းနိုင်ရေး ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

အခုကြားခဲ့ရတာကတော့ အထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ ရန်ကုန်တိုင်းအစိုးရရုံးရှေ့ကို ချီတက်ဆန္ဒပြခဲ့ကြတဲ့ ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ကြွေးကြော်တောင်းဆိုသံတွေပါ။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့ နယ် စက်မှုဇုန် (၁) ရှိ တရုတ်ပိုင် ဖုယွင် အထည်ချုပ် စက်ရုံမှာ သြဂုတ်လက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် (၃၀)ယောက်ကို အလုပ်ကနေ ရုတ်တရက် ထုတ်ပစ်ခဲ့တဲ့အပေါ်မှာ အလုပ်သမားတွေ မကျေမနပ်ဖြစ်ပြီး အထည်ချုပ်စက်ရုံရှေ့ သပိတ်စခန်ဖွင့် ဆန္ဒပြခဲ့တာ ရက်ပေါင်း (၇၀) ကျော်ရှိခဲ့ပါပြီ။

အလုပ်ရှင်နဲ့ ညှိုနှိုင်းရမှာလည်း အဓိက အလုပ်သမားတွေ ပြန်ပြီး အလုပ်ခန့်ဖို့ ကိစ္စမပြေမလည်ဖြစ်နေသလို၊ ဆန္ဒပြအလုပ်သမားတွေကို အမည်မသိ အကြမ်းဖက်သမားတွေက သံတုတ်တွေနဲ့ ၀င်ရောက် ရိုက်နှက်ခဲ့ကြပါတယ်။

အခုနောက်ဆုံး ရန်ကုန်တိုင်း အစိုးရအနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ မနေ့က အလုပ်သမားပေါင်း ၁၀၀ လောက်ဟာ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အစိုးရရုံးရှေ့ချီတက်ခဲ့ကြသလို၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့လည်း တွေ့ဆုံခွင့်ရဖို့ တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံရာမှာ အဓိကတင်ပြဆွေးနွေးခဲ့တဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ မသက်ထားဆွေ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တွေ့ဆုံရာမှာ အဓိကတင်ပြဆွေးနွေးခဲ့တဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ မသက်ထားဆွေ

ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ဆန္ဒပြအလုပ်သမားတွေကို တနင်္လာနေ့နှောင်းပိုင်းမှာ အစိုးရရုံးထဲဖိတ်ခေါ်ဆွေးနွေးခဲ့ပါတယ်။ဆန္ဒပြအလုပ်သမားတွေဘက်က ဖုယွင် အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဌ မသက်ထားဆွေကနေ အလုပ်ရှင်နဲ့ ညှိုနှိုင်းနေဆဲ မပြေလည်သေးတဲ့ အဓိကအချက်တွေကို အခုလို ဆွေးနွေးပွဲမှာ တင်ပြခဲ့ပါတယ်။

"နံပတ် ၁ အနေနဲ့ အလုပ်ရပ်စဲတဲ့ကြေညာစာကို ပြန်လည်ရုပ်သိမ်းရန် မပြေလည်ဘူး၊ ပြီးရင် နံပတ်၃ Grade B+ မှ Grade A+အထိ ကျွမ်းကျင်ခြင်းများကို လေးသောင်းမှစပြီး ၁ သောင်းစီတိုးပေးရန် မပြေလည်ဘူး၊ယခင်ပေးမြဲဖြစ်သော ကျွမ်းကျင်ခြင်းများကို ပြောင်းလဲခြင်းမပြုရန် အဲဒါလုံးဝ မပြေလည်ဘူး။"

ဖုယွင် အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်း - ရန်ကုန်တိုင်း အစိုးရရုံး ( အောက်တိုဘာလ ၂၉၊ ၂၀၁၈)
ဖုယွင် အထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြိုးမင်းသိန်း - ရန်ကုန်တိုင်း အစိုးရရုံး ( အောက်တိုဘာလ ၂၉၊ ၂၀၁၈)

ထုတ်ထားတဲ့ အလုပ်သမားတွေကို ပြန်ပြီးခန့်အပ်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း အထည်ချုပ်စက်ရုံပိုင်ရှင်ဘက်က သူတို့ကို ပြောဆိုထားတဲ့အတွက်လည်း ဥပဒေနဲ့ အညီ မျှမျှတတဖြစ်အောင် ဆောင်ရွက်နိုင်ရေး တရားရုံး ဒါမှမဟုတ် ခုံးရုံး တက်နိုင်ဖို့ ရန်ကုန်တိုင်းအစိုးရဘက်က ကူညီမှာဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

"တိုင်းပြည်တပြည်လုံးဟာ ဥပဒေလုပ်ထုံးလုပ်နည်း မှာရှိနေတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ ကျနော်တို့က လုပ်ရမှာ လုပ်ငန်းတွေလုပ်တဲ့နေရာတိုင်းမှာ။ ဒါကြောင့်ဘယ်သူဘယ်သူကိုမှ လွှမ်းမိုးလို့မရဘူး ဥပဒေကပဲ အဆုံးအဖြတ်လုပ်လို့ရတာ။ လွှမ်းမိုးရင်ပြဿနာက ရှိလာတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းကသာ ခုံသမာဓိတက်ရမယ်ဆိုရင် ခုံသမာဓိတက်ရမယ်၊ တရားရုံးရင်ဆိုင်ရမယ်ဆိုရင် ။ ကျနော်တို့က အလုပ်သမားတွေဘက်က စာနာတယ်။ တကယ်လို့တရားစီရင်ရေးတက်မယ်၊ ရှေ့နေလိုမယ်ဆိုရင် ကျနော်တို့က စီစဉ်မယ် စီစဉ်နေတယ်။ ဥပဒေနဲ့ ညီညွှတ်အောင်ကျနော်တို့လုပ်ရမယ် ဒါကျနော်တို့ရဲ့ ရည်ရွယ်ချက်။"

နိုင်ငံခြားသား တရုတ်အလုပ်ရှင်ဘက်ကနေ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အညှိုးထား၊ အလုပ်ထုတ်တာဖြစ်တဲ့အတွက် တရားမျှတမှုမရှိကြောင်း၊ ဒီအတွက် အလုပ်သမားတွေ အလုပ်ပြန်ခန့်တဲ့အထိ မိမိတို့ ဆန္ဒပြသွားမှာဖြစ်ကြောင်း အလုပ်သမားတဦးက အခုလို ပြောသွားပါတယ်။

"အထုတ်ခံရတဲ့ ၃၀ အထဲမှာတော့မပါဘူး။ ဒါပေမယ့် သမီးတို့သဘောထားက စက်ရုံထဲမှာ ကိုယ်တိုင်လုပ်နေရတယ်၊ ဘယ်လိုအနှိမ်ခံရတယ်၊ လုပ်ငန်းရှင်တွေဘယ်လိုနှိမ် သလဲဆိုတာ သမီးတို့ကိုယ်တိုင်ပဲသိတယ်။ ဒီအယောက် ၃၀ ကြောင့် လုပ်ငန်းခွင်မှာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ပဲရတာ၊ ဒီအယောက် ၃၀ မရှိဘူးဆိုရင် သူတို့ ဖိနှိပ်ချင်တဲ့အတိုင်း လုပ်မှာပဲ ၊ မန်နေဂျာကိုယ်တိုင်ကပြောတယ်။ ဒီအယောက် ၃၀ မကဘူး သမီးတို့အထဲမှာ ထုတ်ဖို့ရှိတဲ့လူတွေရှိသေးတယ်လို့ ပြောသွားတယ်။ ဒီအယောက်၃၀ ကြောင့် သမီးတို့ ရသင့်တဲ့အခွင့်အရေးတွေရခဲ့တယ်။ ဒီအယောက်၃၀မပါပဲနဲ့ လုပ်ငန်းခွင်ထဲကို ၀င်ရမယ်ဆိုရင် ဒီကလူကြီးမင်းတွေလည်း စဉ်းစားပေးသင့်တယ်။ သမီးတို့ကိုယ်တိုင်လုပ်ငန်းခွင်ထဲမှာလုပ်နေရတာ အပြောအဆိုခံရတယ်၊ ဥပမာ အလုပ်လုပ်ရင်းနဲ့ ကိုယ်လက်အင်္ဂါတခုခုထိခိုက်တယ်ဆိုရင် သူတို့ဘက်က တာဝန်ယူမှု တာဝန်ခံမှုမရှိဘူး။ ဒီအလုပ်သမားသမဂ္ဂဖြေရှင်းပေးလို့သာ သမီးတို့က အခွင့်အရေးတွေကို ရခဲ့တာ"

ဖုယွင်အထည်ချုပ်စက်ရုံပိုင်ရှင်တွေဘက်က သူတို့ဟာ အလုပ်ခန့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ၀န်ခံခဲ့သလို အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ မရှိပဲ အဲဒီအတွက်လည်း အရေးယူတာကို ခံဖို့ အဆင့်သင့်ဖြစ်ကြောင်း ပြောဆိုထားတဲ့ အပေါ် အလုပ်သမားရေးဆောင်ရွက်ပေးနေတဲ့ ဆိုရှယ်ဒီမိုကရက် ညီညွတ်ရေးတပ်ဦးက ကိုကျော်ကိုကိုက အခုလိုပြောပါတယ်။

"အလုပ်ရှင်ဘက်က သဘောတူစာချုပ်ကို ချိုးဖောက်တာ ဖြစ်ပေမယ့် လက်မှတ်ထိုးတဲ့နေရာမှာ အလုပ်ရှင်ဘက်ကကိုယ်တိုင်ထိုးခဲ့တာမဟုတ်ဘူး။ စက်ရုံမန်နေဂျာကထိုးထားတာဖြစ်တဲ့အတွက် မန်နေဂျာကတာဝန်ခံပြီးတော့ တရားစွဲတာကို ရင်ဆိုင်ရမယ်။ ဒီနေရာမှာလည်း ဒီစာချုပ်ကို ချိုးဖောက်တဲ့ပြစ်မှုက အလွန်ဆုံးပြစ်ဒဏ် ၃ လပဲ ကျခံရမှာဖြစ်တယ်။ အဲတာ အင်မတန်မှ သက်သာပါတယ်။ သူတို့ဘက်က ချိုးဖောက်လည်း ထောင်ဒဏ်ဆိုရင်လည်း ၃ လပဲ။"

ဒါကြောင့် အလုပ်သမားတွေကို အကာအကွယ်ပေးတဲ့ လက်ရှိ ဥပဒေတွေထဲမှာ အားနည်းချက်တွေရှိနေပြီး ဒါတွေ ပြင်ဆင်ပြီး ပိုမိုအားကောင်းလာဖို့ သက်ဆိုင်ရာ အစိုးရနဲ့ လွှတ်တော်တွေဘက်က အရှိန်အဟုန်မြင့်ဆောင်ရွက်ဖို့ လိုနေတယ်လို့ ကိုကျော်ကိုကိုက သုံးသပ်ပါတယ်။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အလုပ်သမားတွေနဲ့ တရုတ်နိုင်ငံသား အလုပ်ရှင်ကြား ဒီကနေ့ အင်္ဂါနေ့မှာ ပြန်ပြီးညှိုနှိုင်းဆွေးနွေးဖို့ စီစဉ်ပေးမှာဖြစ်တယ်လို့ နောက်ဆုံး တုန့်ပြန် ပြောကြားခဲ့ပြီး ဆန္ဒပြအလုပ်သမားတွေကို သူတို့ အထည်ချုပ်စက်ရုံရှေ့က သပိတ်စခန်းဆီကို ဘတ်စ်ကားတွေနဲ့ပြန်နိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။

XS
SM
MD
LG