ထိုင်းနိုင်ငံတွင်းအထောက်အထားမဲ့ဝင်ရောက်ပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၂၉ ဦးကို အလုံပိတ်ကားထဲ ထည့်ခေါ်လာတာ ထိုင်းတောင်ပိုင်း စိုင်ဘူရီခရိုင်ထဲမှာဖမ်းမိခဲ့ပါတယ်။ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းတောင်ပိုင် းစိုင်ဘူရီခရိုင်ထဲမှာ မလေးရှားကိုသွားကြမယ့် မြန်မာ ၂၉ဦးကို အလုံပိတ်ကားနဲ့ထည့်ခေါ်လာတုန်း စစ်ဆေးရေးဂိတ်တွေကနေ သူတို့ကိုဖမ်းမိခဲ့တာပါ။ အလုံပိတ်ကားထဲက သေတ္တာအံဝှက်ထဲမှာမြန်မာတွေကိုထည့်ခေါ်လာကြောင်း အလုပ်သမားရေးလှုပ်ရှားသူဦးရဲမင်းက ပြောပါတယ်။
"အလုပ်သမားတွေကတော့ ထုံးစံအတိုင်းပဲပေါ့၊ မလေးရှားနိုင်ငံကို တရာမဝင်လမ်းကနေ သွားကြတဲ့အလုပ်သမားတွေဖြစ်ပါတယ်။ ကားကတော့ဟိုင်းလက်အလုံပိတ်ကားနဲ့တင်ခေါ်လာတာပါ။ မြန်မာနိုင်ငံသား ၂၉ဦး အမျိုးသားက ၂၁ဦး အမျိုးသမီးက ၈ဦးပါ။ ဖမ်းဆီးခံရတဲ့နေရာကတော့ ထိုင်းနိုင်ငံတောင်ပိုင်းစိုင်ဘူရီခရိုင်ထဲက လမ်းမတွေမှာဂိတ်ချပြီး စစ်ဆေးတဲ့စစ်ဆေးရေးဂိတ်တွေမှာဖမ်းဆီးခံရတာပါ။ ဒီလိုကားတွေအလုံပိတ်ကားမှာ ထည့်ပြီး ခေါ်တာကို တချို့က လွတ်မယ်ထင်နေကြတာ၊ ဘာကြောင့်လဲဆိုတော့ X Ray စက်တွေနဲ့ စစ်တာတွေ ရှိတယ် ဒီလိုအလုံပိတ်ကားထဲထည့်ခေါ်တာတွေလည်းခနခန ဖမ်းမိတယ်။"
အခုလိုဖမ်းခံရတဲ့မြန်မာတွေ လစဉ်ရာနဲ့ချီရှိနေပြီး ဖမ်းဆီးပြန်ပို့ခံရတဲ့နောက် စစ်သားအဖြစ်စုဆောင်းခံရတဲ့အဖြစ်တွေကို မြန်မာတွေကြုံနေရတာကြောင့် တရားမဝင်လမ်းကြောင်းကနေ မလာကြဖို့ကိုလည်းတိုက်တွန်းခဲ့ပါတယ်။
" ဒီလိုတရားမဝင် လမ်းတွေကလာတယ်ဆိုရင် ဖမ်းဆီးခံရတယ်၊ လမ်းစရိတ်တွေဆုံးတယ်၊ ပြီးရင် ထောင်ထဲမှာအကြာကြီးနေရတယ်၊ ပြီးရင် မြန်မာပြည်ပြန်ပို့ခံရတယ်ဆိုရင်လည်း စစ်အုပ်စု ပေါတာဆွဲသလိုခေါ်သွားတယ်၊ စစ်သားအဖြစ်စုဆောင်းတာခံရတယ်။ အဲဒီလိုဖြစ်နေလို့ တရားမဝင် လမ်းကဝင်ရောက်လာနေတာတွေကို သတိပြုဖို့သတိပေးချင်ပါတယ်။"
သူတို့ကိုတော့ ထိုင်းတောင်ပိုင်းပတ္ထာနီနဲ့ နာရာသီဝပ်ဒေသကြား အဝေးပြေးလမ်းမ ရဲတွေက စစ်ဆေးခဲ့တာပါ။ ဒါကို အစစ်ဆေးမခံပဲ ကားသမားက မောင်းပြေးဖို့ကြိုးစားခဲ့တာကြောင့် ရဲတွေက နောက်ကလိုက်ပြီးဖမ်းဆီးခဲ့တာပါ။ ဒီအမူ့ကို စစ်ဆေးချိန်မှာတော့ထိုင်းယာဉ်မောင်း မိုဟာမက် ဖိထောင်း ဘင်ရိုင်နီက တရားမဝင် မြန်မာတွေကို တယောက်ကို ဘတ် ၁,၅၀၀ နှုန်းနဲ့ ဟတ်ရိုင်ကနေ တောင်ဘက် မလေးရှားနယ်စပ်ဆီ ပို့ဆောင်ဖို့အတွက် အခကြေးငွေယူပြီး သယ်ဆောင်လာတာလို့လည်းထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံထဲမှာမြန်မာတွေကိုလူကုန်ကူးတဲ့ဖြစ်စဉ်တွေကနေ့စဉ်နီးပါးရှိနေပါတယ်။ အလုပ်အကိုင်အခက်အခဲတွေကြောင့်ရော မြန်မာနိုင်ငံက စစ်မူ့ထမ်းဥပဒေကြောင့်ပါ ထိုင်းနိုင်ငံထဲကိုခိုးဝင်လာနေသူတွေ လစဉ် လူရာနဲ့ချီရှိနေပါတယ်။
Forum