မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ ယာယီ နိုင်ငံကူး စာအုပ်တွေကို အလုပ်သမားတွေကို ပြန်ပေးရေး၊ လုပ်ငန်းခွင် ထိခိုက်မှုတွေအတွက် နစ်နာကြေး ရရှိရေးနဲ့ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိနိုင်ရေး စတဲ့ တောင်းဆိုမှုတွေနဲ့ သီတင်းတပတ်လောက် ကြာအောင် ဆန္ဒပြနေကြတဲ့ ဒေချာဖန်းနစ် ငါးဖမ်းပိုက် စက်ရုံက မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေက အခုတော့ လိုက်လျောလိုက်ပါပြီ။ ဆန္ဒပြနေတဲ့ အလုပ်သမား ၁,၀၀၀ နီးပါး ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး အလုပ်ပြန်ဆင်းကြတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
ခွန်ကယ်မြို့က မြန်မာအလုပ်သမား ၂,၀၀၀ ကျော် အလုပ်လုပ်နေတဲ့ ငါးဖမ်းပိုက်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမား ၆ ဦးကို အကြောင်းမဲ့ ထုတ်ပယ်ခဲ့တာကနေစလို့ သူတို့ရဲ့ ပတ်စ်ပို့များ မိမိလက်ဝယ် ပြန်ရရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
၇ ရက်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထိုင်းလူ့အခွင့်အရေး ကော်မရှင်နဲ့ ထိုင်းရှေ့နေများ ကောင်စီက ပူးပေါင်းပြီး ဒေသခံ အာဏာပိုင်တွေ၊ ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ စုပေါင်းပြီး အလုပ်ရှင်ကို အလုပ်သမားတွေ တောင်းဆိုချက် လိုက်လျောဖို့ ဖိအားပေးခဲ့ပြီးနောက် စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ အလုပ်ရှင်ဘက်က လိုက်လျောမှုတွေ လုပ်ခဲ့ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်နေတဲ့ မက်ဖောင်ဒေးရှင်းက ကိုယ်စားလှယ် ကိုဟန်က အခုလို ပြောပါတယ်။
“Human Rights Commission ကနေပြီးတော့ Thai Lawyers Council နဲ့ ပေါင်းပြီးတော့ သူဌေးကို တောင်းဆိုချက် တင်ပြတာပေါ့၊ ဒီနေ့။ သူတို့ရဲ့ တောင်းဆိုချက် ၃ ချက်ကတော့ ပတ်စ်ပို့ရယ်၊ စာရွက်စာတမ်းတွေ အကုန်လုံး သူတို့ဆီမှာ ရထားချင်တယ်ဆိုတဲ့ အချက်၊ သူဌေးကတော့ သူပေးမယ်ပေါ့၊ ဒီအပတ် သောကြာနေ့ နောက်ဆုံးထားပြီး အလုပ်သမားတွေ အကုန်လုံးကို ပေးမယ်။ ဘတ်သမားရော၊ ပတ်စ်ပို့ကိုင်တဲ့ အလုပ်သမားရော အကုန်လုံးပေးမယ်လို့ ပြောတယ်။ စာချုပ်ရေးခဲ့တာပေါ့။
“သူဌေးက သူပြောတာပဲ၊ တကယ်လို့ ပတ်စ်ပို့တွေ၊ စာရွက်စာတမ်းတွေ အကုန် အလုပ်သမားဆီမှာ ထားမယ်ဆိုရင် ဘာမှ တာဝန်မယူပေးဘူးပေါ့။ ဥပမာ ပျောက်သွားတာတို့၊ ပျက်သွားတာတို့၊ ပတ်စ်ပို့ကိုင်တဲ့ အလုပ်သမားတွေက ပတ်စ်ပို့ကိုင်ပြီဆိုရင် ရက် ၉၀ ပြည့်တိုင်း သွားပြီး အကြောင်းကြားတာပေါ့၊ လဝကရုံးဆီမှာ။ အဲဒါကတော့ ၃ လတိုင်း သွားရမှာပေါ့၊ အလုပ်သမားတွေက။ အဲဒီ အကြောင်းကြားတဲ့ဟာလည်း သူ တာဝန်မယူပေးဘူးပေါ့။”
အရင်က ထိုင်းအလုပ်သမားတွေနဲ့ လုပ်အားခ တန်းတူမရ၊ အချိန်ပို လုပ်အားပေးနေရတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ အခုအခါမှာ တန်းတူ အခွင့်အရေးရဖို့ အလုပ်ရှင်ဘက်က သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
“လုပ်အားခနဲ့ ပတ်သက်ပြီး ထိုင်းအလုပ်သမားနဲ့ တန်းတူ လခရမယ်ဆိုတဲ့ အကြောင်း၊ ပြီးတော့ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေအရ သူ လစာပေးမယ်ပေါ့။ ဒီ ခွန်ကယ်မြို့ဆို တနေ့ကို ၁၅၇ ဘတ် ရရမှာ။ အဲဒါလည်း တရားဥပဒေအတိုင်း သူ လိုက်လုပ်ပေးမယ်ပေါ့။ ဆန္ဒပြတဲ့ အလုပ်သမားတွေ အားလုံးကို တရားမစွဲဘူး၊ ၃ ရက်ဆက်တိုက် အလုပ်မဆင်းတဲ့အတွက် သူ တရားမစွဲဘူး၊ အရေးမယူဘူးဆိုတဲ့ သဘောမျိုးပေါ့။ ပြီးတော့ အလုပ်သမားတွေ အားလုံး မနက်ဖြန်ကစပြီးတော့ အလုပ်ဆင်းရမယ်ဆိုတဲ့ သဘောတူညီချက်ပေါ့။”
အလုပ်ရှင်ကတော့ သူ့ဘက်ကလည်း တောင်းဆိုချက်တွေ လုပ်ရာမှာ အလုပ်သမားတွေ အနေနဲ့ အလုပ်ချိန်မှာ ဖုန်းမပြောဖို့၊ အချိန်မှန် အလုပ်လုပ်ဖို့ စတာတွေ ပြောဆိုပြီး ထိုင်း၊ မြန်မာ နှစ်ဘာသာနဲ့ သဘောတူ စာချုပ်တွေကို စက်ရုံမှာ ကပ်ထားမယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေကတော့ အခုလို သူတို့ရဲ့ တောင်းဆိုမှုတွေ အောင်မြင်တဲ့အတွက် ဝမ်းသာ ကျေးဇူတင်ကြောင်း ပြောဆိုပါတယ်။
“အခုလိုမျိုး အဖွဲ့အစည်း အသီးသီးက လာရောက် ဝိုင်းဝန်း ဖြေရှင်းပေးတဲ့အတွက်၊ ထိုင်းအာဏာပိုင်တွေရော အကုန်လုံး စုပေါင်းညီညာ လာရောက် ဖြေရှင်းပေးတဲ့အတွက် ကျနော်တို့ အလုပ်သမားအဖွဲ့က အထူးကျေးဇူးတင်ကြောင်းပေါ့။ မနက်ဖြန်ဆိုရင်တော့ ကျနော်တို့ ညဆိုင်းဆို ညဆိုင်း၊ နေ့ဆိုင်းဆို နေ့ဆိုင်း အလုပ်ပြန်ဆင်းရမယ်။”
အခုလိုမျိုး ထိုင်းအလုပ်ရှင်ဘက်က ကျေကျေနပ်နပ် လိုက်လျောမှု လုပ်တာဟာ ထိုင်းနိုင်ငံမှာတော့ ပထမဦးဆုံးအကြိမ် ဖြစ်ပြီး ပတ်စပို့ ကိုင်ခွင့်ပေးမယ် ဆိုတာတွေ၊ ထိုင်းတွေနဲ့ တန်းတူ လုပ်အားခတွေ ပေးမယ်ဆိုတာတွေဟာ ထူးခြားမှုတွေလည်း ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေ အတွက် အလုပ်လုပ်ခွင့် ကတ်တွေ၊ ပတ်စ်ပို့တွေ ကိုင်ဆောင်ရတော့မှာ ဖြစ်တဲ့အတွက် အရင်တုန်းက မရဘူးတဲ့ အခွင့်အရေးကို ရရှိတော့မှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ အလုပ်သမားတွေက လုပ်ငန်းခွင်ကို ပြန်ဆင်းတော့မှာလည်း ဖြစ်ပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက သူတို့ရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေကို ပြန်တောင်းတာကနေ နောက်ဆက်တွဲအဖြစ် အလုပ်ရှင်က ပတ်စ်ပို့တွေကို အတုလုပ်ထားတာ၊ ကပ်ခွာလို့ ခေါ်ကြတဲ့ ဓာတ်ပုံတွေ၊ နာမည်တွေ ပြောင်းပြီး အတုလုပ်၊ အလဲအလှယ်လုပ် အသုံးပြုနေတဲ့ ကိစ္စတွေ တသီတတန်း ပေါ်လာနေပြီ ဖြစ်တဲ့အတွက် ပြဿနာတွေ ဒီ့ထက်ကြီးလာမှာ စိုးတာကြောင့် အလုပ်ရှင်က လိုက်လျောလိုက်တဲ့ပုံ ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။