သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု အယူခံ ၅ ကြိမ်မြောက် တလ ထပ်တိုး


လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး။
လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး။

ဗြိတိသျှလူငယ်နှစ်ဦး ဖြစ်တဲ့ Hannah Witheridge နဲ့David Miller တို့ ကော့တောင် အပမ်းဖြေကျွန်း မှာသတ်ဖြတ်ခံရပြီးတဲ့နောက် သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ် နှစ်ဦးရဲ့ နောက်ဆုံးအယူခံနဲ့ ပတ်သက်လို့ အစိုးရရှေ့နေဘက်က ခုခံချေပချက်ပေးဖို့အတွက် ပြင်ဆင်မယ့်ရက်ကို ထပ်တိုးဖို့ခွင်ပြုချက်တောင်းရာမှာ တရားရုံးချုပ်ကနေ ၅ကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၂၄ရက်နေ့မှာ တလထပ်တိုးပြီး ခွင့်ပြုလိုက်ပါတယ်။

ဗွီအိုမြန်မာပိုင်းသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ဗြိတိသျှလူငယ်နှစ်ဦး သတ်ဖြတ်ခံခဲ့ရတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ သေဒဏ်ပေးခြင်းခံ ထားရတဲ့ မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦးရဲ့ အယူခံကို သြဂုတ်လ ၂၁ရက်နေ့မှာ ကော့စမွေတရားရုံးကတဆင့် ထိုင်းဗဟိုတရားရုံးချုပ်ကို တင်ထားခဲ့ပြီး စက်တင်ဘာလ ၁၈ရက်နေ့မှာတော့ တရားရုံးကနေ အယူခံကိုလက်ခံခဲ့ပါတယ်။ ဒီအယူခံနဲ့ ပတ်သက်လို့အစိုးရှေ့နေတွေဘက်က ခုခံချေပချက်ပေးဖို့အတွက် လစဉ်ထပ်တိုးတောင်းဆိုနေရာမှာ ဇန်နဝါရီလ ၂၄ရက်နေမှာတော့ ၅ ကြိမ်မြောက်အဖြစ် တလထပ်တိုးပြီး ခွင့်ပြုခဲ့တယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရွက်နေတဲ့မြန်မာသံရုံးရဲ့ ဥပဒေအကြံပေး ရှေ့နေဦးအောင်မျိုးသန့် က ပြောပါတယ်။

“အမှန်တော့ ထိုင်းအစိုးရရှေ့နေဘက်ကနေ ခုခံလျှောက်လဲချက်တင်ဖို့ အတွက် အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ရက်ချိန်း တလ ထပ်တောင်းပါတယ်။ရက်ချိန်း တလ ထပ်တိုးပေး လိုက်ပါတယ်။ တရားရုံးချုပ်ကပါ။ အဆင်မြင့်ဆုံးတရားရုံးတွေက မျှတမှန်ကန်တဲ့ စီရင်ဆုံးဖြတ်မှု ကိုပြုလုပ်ကြပါတယ်။ အဲဒီလိုပြုလုပ်တဲ့အခါမှာ တရားလို၊ တရားခံတွေဘက်ကနေ စာရွက်စာတမ်းအယူခံတို့၊ လျောက်လဲချက်တွေကို ပြည့်စုံအောင် လက်ခံရယူချင်တဲ့ သဘောရှိပါတယ်။ အဆင့်မြင့်ဆုံးတရားရုံးတွေက မျှတမှန်ကန်တဲ့စီရင်ဆုံးဖြတ်မှုကို လုပ်ကြပါတယ်။ ၆လလောက် ပတ်ဝန်းကျင်အတွင်းလောက်မှာတော့ အမိန့်ချဖြစ်လိမ့်မယ်လို့ထင်ပါတယ်။”

မြန်မာလူူငယ်နှစ်ဦးနဲ့ ပတ်သက်လို့အမြင့်ဆုံး သေဒဏ်ပေးထားတဲ့ လိပ်ကျွန်းအမူနဲ့ပတ်သက်လို့ တရားခံအကျိုးဆောင်တွေဘက်ကတော့ သက်သေခိုင်လုံမူမရှိဘူးလို့ ယူဆနေတာပါ။ အထူးသဖြင့် လူသတ်လက်နက်မှာတွေရတဲ့ DNA တွေ့ရှိချက်ထဲမှာ မြန်မာလူငယ်နှစ်ဦး ရဲ့ DNA မတွေ့ရှိတာကို က အမူဖြစ်စဉ်မှာ ထူးခြားနေတယ်လို့ ဆိုပါတယ်။ ဒီအတွက် သူတိုနဲ့ ပတ်သက်တဲ့ အယူခံစာမျက်နှာပေါင်း ၃၁၉မျက်နှာကို တင်ပြထားတာကြောင့် လိပ်ကျွန်း လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ သတ်တယ်ဆိုတဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်လိမ့်မယ်လို့ယုံကြည်နေကြောင်း ရှေ့နေဦးအောင်မျိုးသန့် ကပြောပါတယ်။

“အန်ကယ်တို့ အနေနဲ့ တရားရုံးကနေခွင့်ပြချုက်အရ ပြန်လည်စစ်ဆေးခွင့်ရတော့ ပေါက်တူးပေါ်မှာတွေ့တဲ့ DNA က ကလေး နှစ် ဦး DNA မတူဘူးဆိုတာ အတော်ထူးခြားတဲ့ အဓိက အချက်ပါ။ တကယ်တော့ လူသတ်လက်နက်မှာ တရားခံက ကိုင်တယ်ဆိုရင် ၁၅စက္ကန့် ဆို DNA ကျန်ပါတယ်။ ကလေးတွေသတ်ပါတယ်ဆိုတဲ့ ရဲက တောက်လျှောက်စွပ်စွဲလာတဲ့ ပေါက်တူးပေါ်မှာ DNA တွေ့တယ်။ အဲဒီ DNA ဟာ ကလေးတွေ DNA မဟုတ်ဘူးဆိုတာနဲ့ ရှင်းနေတဲ့ ကိစ္စပါ။ ဒီအတွက်ကလေးတွေဟာ ဒီအမှုက လွတ်ကင်းမယ်လို့သိသာနိုင်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ ကော့တောင်အပမ်းဖြေကျွန်း ဖြစ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်လူငယ် နှစ် ဦး သတ်ခံခဲ့ရတာပါ။ ဒီအမှုမှာ မြန်မာရွှေ့ပြောင်းလူငယ် နှစ်ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလူယူမှု အပါအဝင် အမှု ၇ မှုနဲ့ တရားစွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သူတို့ နှစ် ယောက်ကို ၂၀၁၅ ခုနှစ်ကုန်မှာတော့ ကောစမွေတရားရုံးကနေ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး ဘန်ခွမ်အကျဉ်းထောင်မှာ ဆက်လက်ထိမ်းသိမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG