သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံနဲ့သမ္မတရုံး ညွှန်ကြားချက်အရ AA ကို စစ်ဆင်နေဟု စစ်တပ်ရှင်းလင်း


နေပြည်တော် သတင်းစာရှင်းလင်းပွဲ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)
နေပြည်တော် သတင်းစာရှင်းလင်းပွဲ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)

ရက္ခိုင့်တပ်မတော် AA ကို စစ်ဆင်ရေးလုပ်ဆောင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်၊ သမ္မတရုံးရဲ့ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တပ်မတော်ဘက်ကပြောဆိုလိုက်ပါတယ်။ ဒ့ါအပြင် လက်ရှိတိုက်ပွဲတွေ ရပ်တန့်လိုက်ဖို့ ရက္ခိုင့်တပ်မတော်ရဲ့ လုပ်ဆောင် ချက်တွေအပေါ်မှာသာ မူတည်တယ်လို့ တပ်မတော် ဘက်က ပြောလိုက်ပြီး ရက္ခိုင့်တပ်မတော်ဘက်က တောင်းဆိုထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုချက်ကို တပ်မတော်ဘက်က လုံးဝလက်မခံကြောင်း ပြောဆို လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မေခက ပေးပို့ထားပါတယ်။

ဒီကနေ့နေပြည်တော်စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် ဘက်က အခုလိုပြောသွားခဲ့တာပါ။ လက်ရှိ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေ အနေနဲ့ပတ်သက်လို့ ဒီသတင်းစာ ရှင်းလင်းပွဲမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

“သမ္မတရုံးရဲ့ ညွှန်ကြားချက်အတိုင်း ဇန်နဝါရီလ ၄ ရက်နေ့မှာ သောင်းကျန်းသူ နှိမ်နင်း ရေးစစ်ဆင်ရေး လုပ်ခဲ့ တာမှာ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ပြီးခဲ့တဲ့ ၁၆ ရက် နေ့အထိ ထိတွေ့တိုက်ပွဲ ၈ ကြိမ်။ နောက်ပိုင်းဖြစ်ချိန် ၅ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမှာ AA သောင်း ကျန်းသူ ဆီကနေအလောင်း ၁၃ လောင်း ရရှိပြီးတော့ မိမိဘက်ကနေ အရာရှိ စစ်သည် အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ နယ်မြေစစ်ဆင်ရေးကို ထိထိ ရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း ကျနော့်အနေနဲ့ ရှင်းလင်းတင်ပြ လိုက်ပါတယ်။”

လက်ရှိမှာ တပ်မတော်ဘက်က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က တဖက်သတ် အပစ်ရပ် ခဲ့ပြီးဖြစ်ပေမယ့် ဒီလို လုပ်ဆောင်တာမှာ တပ်မတော်ဘက်က လက်ရှိ AA နဲ့တိုက်ပွဲတွေ ဖြစ်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါဝင်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ ဒီအပေါ်မှာ ဗိုလ်ချုပ်ထွန်းထွန်းညီပြောသွားတဲ့ အကြောင်းပြချက် တွေထဲမှာ ARSA က ဝင်တိုက်ထားဖူးတာ၊ နောက်ထပ် တိုက်ခိုက်နိုင်ခြေ သတင်းတွေရထားတာအပြင် -

“ရခိုင်ပြည်နယ် အခြေပြုပြီးတော့မှ လှုပ်ရှားဆောင်ရွက်နေတဲ့ AA က သူ့ရဲ့အခြေပြု နေရာက လိုင်ဇာမှာဖြစ်တဲ့ အတွက် ကျနော်တို့အနေနဲ့ကတော့ ARSA ရဲ့ အန္တရာယ်ကိုပဲ ကျနော်တို့က အဓိက ဦးစားပေးထားတာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အခုနက ပြောတဲ့ အခြေအနေတွေ အားလုံးဟာ အခုနက ကျနော်တို့ ကြေညာချက်မှာပါတဲ့ နယ်မြေတွေပဲ ဖြစ်ပါတယ်။ ရခိုင်ဒေသနဲ့မဆိုင်ဘူးလို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

AA အဖွဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်ကို confederation အဆင့် အတန်း လိုချင်တယ်လို့ ဆက်သွယ် မေးမြန်းခန်းတခုမှာ ပြောထားဖူးပါတယ်။ ဒါနဲ့ ပတ် သက်ပြီး တပ်မတော်ရဲ့သဘောထားကို တပ်မတော်သတင်းအမှန် ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အခုလို ပြောသွားပါတယ်။

“AA အနေနဲ့ AA ရဲ့လုပ်ဆောင်ချက်ပေါ်မူတည်ပြီး စဉ်းစားသွားမှာဖြစ်ပါတယ်။ သူတို့ ဘက်က ကျနော်တို့ ဘက်ကိုပြောနေ တာရှိတယ်။ Confederation ပေါ့။ သူပြော တာ ကတော့ Confederate ပေါ့။နိုင်ငံတော် အစိုးရရော၊ ပြည်သူရောသွားနေတာက ဒီမို ကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု။ Confederationမဟုတ်ဘူး။ ဒါဆိုရင် သူ့အယူအဆသည် နိုင်ငံတော်အစိုးရရော၊ တပ်မတော်ရော၊ ပြည်သူရော သွားမယ်ဆိုတဲ့လမ်းကြောင်းနဲ့ သူသွားမယ်ဆိုတဲ့လမ်းကြောင်းက တခြားစီဖြစ်နေပါတယ်။ ဒါကြောင့်မို့ သူ့အယူအဆရော၊ သူ့ရဲ့လုပ်ဆောင်ချက်တွေရော ပြုပြင်ပြောင်းလဲမှသာ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စတွေကို ဆောင်ရွက်သွားနိုင်မယ်လို့ ပြောချင်ပါ တယ်။”

နိုင်ငံတော်နဲ့ နိုင်ငံအကျိုးအတွက် သတင်းမီဒီယာတွေအနေနဲ့ သတင်းတွေဖော်ပြချိန်မှာ မလိုလားအပ်ဘဲနဲ့ အခြေအနေတွေကို ပိုမိုရှုပ်ထွေးသွားစေနိုင်တဲ့ အကြောင်းအရာတွေကို သေချာစုံစမ်းအတည်ပြုပြီးမှသာ ရေးသားပေးဖို့ တပ်မတော် ဘက်က တောင်းဆိုလိုက်ပြီး တပ်မတော်ဘက်ကထုတ်ပြန်ချက်အရ လက်ရှိ AA နဲ့ တပ်မတော်ကြားမှာ ၂၀၁၅ ခုနှစ်တွင် မှသာတိုက်ပွဲ ဖြစ်ပွားရတာဖြစ်ပြီး ၂၀၁၅မှာ ၁၅ ကြိမ်ထိတွေ့မှုရှိပြီး ၂၀၁၆ ခုနှစ်တွင် ၁၆ ကြိမ် ထိတွေ့ခဲ့ကာ မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG