သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထီးချိုင့်မှာ စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်စဥ်များအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အရပ်သားလူနေအိမ်များ။ (နိုဝင်ဘာ ၂၈၊ ၂၀၂၃/Photo: ထီးချိုင့် ပြည်သူ့ကာကွယ်ရေး)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်စဥ်များအတွင်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အရပ်သားလူနေအိမ်များ။ (နိုဝင်ဘာ ၂၈၊ ၂၀၂၃/Photo: ထီးချိုင့် ပြည်သူ့ကာကွယ်ရေး)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်ဖက်က လေကြောင်းကနေ ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ထီးချိုင့်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲကြီးတွေမရှိပေမယ့် စစ်ကောင်စီဘက်ကတော့ မကြာခဏ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစည်သူက ပြောပြပါမယ်။

နိုဝင်ဘာ ၈ ရက်နေ့က စတင်ခဲ့တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထီးချိုင့်မြို့သိမ်း တိုက်ပွဲက ခုဆိုရင် ရက် ၄၀ ကျော်လာပြီ ဖြစ်ပါတယ်။ ထီးချိုင့်မြို့ကို စစ်ကောင်စီဖက်က လေကြောင်းကနေ နေ့တိုင်းနီးပါး ပစ်ခတ်မှုတွေ ရှိနေပြီး နေအိမ်တွေကို မီးရှို့တာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနား လေတပ်စခန်းကနေ တက်လာတဲ့ တိုက်ခိုက်ရေး ဂျက်လေယာဉ် ၄ စီးက ထီးချိုင့်မြို့ ရက်ကွက်တွေပေါ်ကို ဗုံး ၈ လုံး ကြဲချခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ညနေ ၃ နာရီဝန်းကျင်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်က နောက်ထပ် တိုက်ခိုက်ရေး ဂျက်လေယာဉ် ၂ စီးနဲ့ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

“ဒီနေ့ ၁၁ နာရီလောက်ကနေ ၁၁ နာရီခွဲလောက်ထိ ဂျက်ဖိုက်တာ ၄ စီးနဲ့ ကြဲသွားတာပေါ့ဗျာ၊ အရှေ့ခန်းနဲ့ အနောက်ခန်းတွေပေါ့။ အဲ့ဒါက အနည်းဆုံး ၈ ကြိမ်လောက်တော့ရှိမယ်၊ တစ်စီး ၂ ကြိမ်နှုန်းနဲ့ ဆိုရင်။ ညနေ ၃ နာရီ ၃၀ လောက်မှာတစ်စီ၊ ၃ နာရီ ၄၀ လောက်မှာတစ်စီး ၂ စီးလာကြဲသွားတာပေါ့၊ တစ်စီးကို ၂ ကြိမ်နဲ့ အနည်းဆုံး ၄ ကြိမ် ကြဲသွားတာပေါ့။ လေယာဉ်ကတော့ စုစုပေါင်း ၆ စီးပေါ့၊ ပစ်ခတ်မှုတေော့ အားလုံးပေါင်း ၁၀ ကြိမ် အထက်ပေါ့။ မြို့ပေါ်က အမှတ် ၃ နဲ့ အမှတ် ၄ ရပ်ကွက်တွေဖက်ကြဲသွားတာဗျ။”

ဒီရက်ပိုင်းတွေအတွင်း ထီးချိုင့်မြို့မှာ ပြင်းထန်တဲ့ ထိတွေ့တိုက်ပွဲတွေ မရှိဘဲ ရင်ဆိုင်တိုက်ခိုက့်မှု အနည်းငယ်သာ ရှိတာပါ။ ဒါပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေ၊ လာရောက် မီးရှို့တာတွေကြောင့် ထီးချိုင့် မြို့က တော့ အတော်ပဲ ပျက်စီးသွားခဲ့ရတယ်လို့ ထီးချိုင့် ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ရေးကတော့ ဒီ ၂ရက် ၃ ရက်အတွင်းမှာ အေးနေပါတယ်ဗျ။ တအားကြီး ထိတွေ့တိုက်ပွဲကြီးတွေတော့ မရှိသေးပါဘူးဗျ၊ ကြိုကြား ကြိုကြားလောက်ပဲ ရှိတာပေါ့လေ။ မြို့ကလည်း တစ်ယောက်တစ်ဝက်လိုမျိုးပဲ ခုအချိန်ထိကတော့ ရှိနေဆဲပါပဲဗျ။ မြို့ကတော့ ၃ ပုံ ၂ ပုံလောက်ကတော့ ပျက်စီးပါတယ်။ လေယာဉ်နဲ့ ပစ်တာတွေရော မီးရှို့တာတွေရော ဆိုတော့ ၃ ပုံ ၂ ပုံလောက်ကတော့ ပျက်စီးပါတယ်။”

ထီးချိုင့်မြို့ဟာ မန္တလေး-ထီးချိုင့်-ဗန်းမော် ကားလမ်းပေါ်မှာ တည်ရှိပြီး ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ လမ်းပန်းဆက်သွယ်ရေး အရ အချက်အချာကျတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီထီးချိုင့်မြို့ကို KIA, AA, ABSDF, PDF စတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၈ ရက် နေ့ကတည်းက မြို့သိမ်းတိုက်ပွဲ စတင် ဆင်နွဲခဲ့ ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG