သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဌာနချုပ်နား စစ်တပ်ဗုံးကြဲတိုက်ခိုက်


ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်

ကချင်တိုင်ရင်းသားလက်နက်ကိုင် KIO အဖွဲ့ဌာနချုပ်ရှိရာ ဝိုင်းမော်မြို့နယ်ထဲက လိုင်ဇာဌာနချုပ်နဲ့ မဝေးတဲ့ နမ့်ဆန်ယန်ရွာကို စစ်တပ်က သောကြာနေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA လက်နက်ကိုင်အဖွဲ့က သိမ်းယူခဲ့တဲ့နောက်မှာ စစ်တပ်က အခုလို ပြန်လည်တိုက်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလော စစ်ရှိန်မြင့်တက်လာနေတဲ့ ကချင်ပြည်နယ်က အခြေအနေကို အလိမ္မာ တင်ပြထားပါတယ်၊

ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIO ရဲ့ ဌာနချုပ်နားက နမ့်ဆန်ယန်ရွာအနီးမှာ စစ်ကောင်စီဘက်က ဒီလဆန်းက စတင်ပြီး၊ စစ်အင်အား ဖြည့်တင်းလာပြီးနောက် နှစ်ဘက်တပ်တွေအကြား ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားတာတွေ၊ လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာပါ။

သောကြာနေ့ ညပိုင်းမှာတော့ KIO ဌာနချုပ် လိုင်ဇာအဝင် ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်က နမ့်ဆန်ယန်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက နမ့်ဆန်ယန် ဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး VOA ကို အခုလို အတည်ပြုပြောဆိုပါတယ်။

“မနေ့က ည ၁၀ နာရီခွဲလောက်ကနေ စဖြစ်တာ ဖြစ်ပါတယ်။ သိရတာတော့ ၃ စင်း ဝဲပြီးမှ ပစ်တယ်လို့ သိရတယ်။ အများပိုင်းကတော့ ရွာပေါ့။ အဲဒီနမ့်ဆန်ယန်ရွာမှာ ကြဲကြတယ်လို့တော့ သိရတယ်။ သူတို့ရဲ့ ရန်သူများ ရှိမလား ထင်တဲ့နေရာမှာလည်း ကြဲကြတယ်။ နမ့်ဆန်ယန်ရွာမှာလည်း ကြဲပါတယ်။”

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးခဲ့တာနဲ့ ပတ်သက်လို့ ဒေသခံတယောက်က အခုလို ပြောပြပါတယ်၊

“ည ၁၀ နာရီခွဲလောက်မှာ လေယာဉ်နဲ့ ဗုံးလာချသွားတာပေါ့။ နှစ်လုံးလို့ ပြောကြတယ်။ ရွာ ရပ်ကွက်အုပ်ချုပ်ရေးရုံး Hall ခန်းကျတော့ ပြောင်သွားတယ်လို့ ပြောတယ်။ Hall ခန်းနဲ့ ရှေ့တည့်တည့် မျက်နှာချင်း(ဆိုင်) မှာ RC ကက်သလစ် ဘုရားရှိခိုးကျောင်းရှေ့မှာပေါ့။ အဲဒီမှာ ကျတယ်လို့ ပြောကြတယ်။ နွား ၂ ကောင်ပါသွားတယ်တဲ့။ လူတော့ အထိအခိုက်မရှိဘူးလို့ ပြောကြတယ်။”

နမ့်ဆန်ယန်ရွာဟာ ၂၀၁၁ ခုနှစ် ကချင် တကျော့ပြန် စစ်ပွဲဖြစ်ပွားချိန်က ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ရတဲ့ကျေးရွာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အစိုးရ၊ စစ်တပ်၊ KIA နဲ့ ဘာသာရေးအသင်းအဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ မိသားစု ၂၀၀ လောက် ပြန်လည်အခြေချနေထိုင်ခဲ့တာပါ။ ဒီလဆန်းပိုင်း ဒေသတွင်း စစ်ရေးတင်းမာမှုတွေ ပြန်လည် မြင့်တက်လာချိန်မှာ နောက်တစ်ကြိမ် ထပ်မံတိမ်းရှောင်ခဲ့ရတဲ့ ရွာဖြစ်ပါတယ်။

နမ့်ဆန်ယန်ရွာကို ဗုံးကြဲတာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို သုံးသပ်ပါတယ်။

“ဘာကြောင့် ဗုံးကြဲတယ်ဆိုတာတော့ အတိအကျ ပြောလို့တော့ မရဘူးပေါ့နော်။ နမ့်ဆန်ယန်ဘက်မှာတော့ သူတို့ရဲ့ စစ်ကြောင်းတွေလည်း တော်တော်လေး ရှေ့မတိုး၊ နောက်မဆုတ်ဘဲနဲ့ ပိတ်မိနေတာ ရှိတယ်။ နောက် သူတို့ရဲ့ လူနာတွေများ ကယ်ထုတ်တာလားပေါ့။ စဉ်းစားစရာတော့ အများကြီး ရှိတာပေါ့။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ ဝိုင်းမော်မြို့နယ် မလန်းယန်နဲ့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အနီးက ဒိန်ဂါယန်နဲ့ ခလားယန်ဘက်တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ နမ့်ဆန်ယန်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ ဖားကန့်မြို့နယ် နမ့်မဖြစ်ရွာ၊ ပန်းတင်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို သောကြာနေ့ မနက် ၁နာရီခန့်က KIA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တဲ့နောက် ဖြစ်ပွားခဲ့တာပါ။

ပန်းတင်စခန်းကိုတော့ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“သူတို့ ရဲစခန်းနဲ့ သူတို့ တပ်မတော်သားတွေ ပေါင်းပြီးမှနေတဲ့ စခန်းကိုတော့၊ သူတို့ ပန်းတင်တံတားလို့ ခေါ်တာ။ အဲဒီတံတားကို သွားသိမ်းကြတာ။ ဒါ အတည်ပြုပြောလို့ ရပါတယ်။ အတိအကျတော့ မသိဘူး။ ဒါပေမဲ့ နည်းနည်းတော့ အထိနာတယ်လို့တော့ ပြည်သူလူထုတွေရဲ့ ပြောသံတော့ ကြားပါတယ်။”

ပန်းတင်စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဘက်ထိခိုက်သေဆုံးတာ ရှိသလို၊ လက်နက်ကြီး ကျည်ထိတာကြောင့် အရပ်သား တစ်ဦးလည်း သေဆုံးကြောင်း ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ တစ်နာရီလောက်တော့ကြတယ်။ ရွှေရောင်လင်းရဲ့ အလုပ်သမား နားနေဆောင်မှာ တစ်လုံးကျတယ်။ ပြီးရင် ဖားကန့်ဆေးရုံကြီးမှာ တစ်လုံးကျတယ်။ အရပ်သားတစ်ယောက် သေသွားတယ်။ အဲဒီ ရွှေရောင်လင်းစားသောက်ဆိုင် ဝန်ထမ်းနားနေဆောင်မှာပဲ။ ဒဏ်ရာရတာ ၂ယောက်လား မသိဘူး။ အဲလိုတော့ ပြောတယ်။ နစကဘက်ကတော့ ၄ ယောက်ကျတယ်လို့ ပြောတယ်။ ဒီ PDF နဲ့ KIA ပေါင်းကတော့ ၃ ယောက် ကျတယ်လို့ ပြောတယ်။”

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီတပ်က အရာရှိတစ်ဦးနဲ့ စစ်သား ၄ ယောက်ကျဆုံးပြီး၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံရကြောင်းနဲ့ KIA, PDF ဘက်က တစ်ယောက်ကျဆုံးကြောင်း ဖော်ပြတာတွေ ရှိပါတယ်။

ထိခိုက်ကျဆုံးတဲ့ အခြေအနေကိုတော့ သီးခြားအတည်ပြုချက် မရပါဘူး။ ကချင်ပြည်နယ် ရွှေကူမြို့မှာတော့ အာဇာနည်နေ့က အစိုးရရုံးဌာန ၂ ခုနဲ့ ရဲစခန်းကို ဒေသခံ PDF တွေက၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့သလို၂၀ ရက်နဲ့ ၂၁ ရက်နေ့ကလည်း ရွှေကူမြို့အနောက်ဖက်ကမ်းက ဆင်တပ်၊ ရေလဲ၊ မိုးစစ်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG