အချက်အလက်ဆောင်းပါး
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ (၂၀)ရက်နေ့အထိ နှစ်စ ရက်ပေါင်း (၂၀) အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း (၄၄) ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁၀၃) ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှုများအပါအဝင်၊ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒီရက်ပေါင်း (၂၀) အတွင်း အရပ်သားပြည်သူသေဆုံးမှုက ( ၁၁၃) ဦးထက်မနည်းရှိပါတယ်။
သတင်းမီဒီယာတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဖေါ်ပြချက်တွေကို လေ့လာစောင့်ကြည့်မှုအရ လေကြောင်းတိုက်ခိုက်မှု (၄၄) ကြိမ်မှာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာက အကြိမ် (၃၉) ကြိမ်အထိ ရှိတာကိုတွေ့ရပါတယ်။ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုတွေကို လုပ်ဆောင်တဲ့နေရာမှာ ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေနဲ့၊ လေထီးအသုံးပြု တိုက်ခိုက်ခြင်းတွေလည်း လုပ်ဆောင်လာတာတွေ့ရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် (၅) ဦးထက်မနည်းသေဆုံးရတဲ့ အရပ်သားပြည်သူတွေ အစုအလိုက်အပြုံလိုက်သေဆုံးမှုတွေက (၃) ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ ဇန်နဝါရီလ (၈) ရက်နေ့မှာ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄၀) ကျော်သေဆုံးပြီး (၅၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က စန်လွန်ရွှေမှော်ကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁၅) ဦးထက်မနည်းသေဆုံးခဲ့ရပြီး (၁၀) ဦးကျော် ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်။ ဇန်နဝါရီလ (၁၇) ရက်နေ့မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် စစ်သုံ့ပန်း ၂၈ ဦးထက်မနည်း သေဆုံးပြီး (၃၅) ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်(အေအေ) က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်း၊ မကွေး၊ မန္တလေး ဒေသတွေမှာ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်စီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပါအဝင်၊ စစ်ကြောင်းထိုးဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်စီးမှုတွေကြောင့် အရပ်သားနေအိမ်အလုံးပေါင်း (၃၈၃) လုံးထက်မနည်းပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာနဲ့ ဇန်နဝါရီလ (၁၀) ရက်နေ့၊ (၇၇) နှစ် မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာတွေမှာ ထည့်သွင်းပြောဆိုထားပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီခေါင်းဆောင်က ပေးပို့ခဲ့တဲ့ ပြည်နယ်နေ့ ကယားပြည်နယ်နေ့နဲ့ကချင်ပြည်နယ်နေ့ သဝဏ်လွှာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက မြို့ရွာတွေကို ဖျက်စီးပြီး ပြည်သူတွေကိုဆင်းရဲဒုက္ခရောက်စေတယ်လို့လည်း အပြစ်တင်ထားတာကိုတွေ့ရပါတယ်။
တဖက်မှာလည်း စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်မှုတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ၊ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၆) ရက်နေ့မှာ ဇန်နဝါရီလ (၂၁) ရက်နေ့မှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ နှစ်ဖက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီလ (၂၁) ရက်နေ့မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ထဲက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထား တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှု (၄) နှစ်နီးပါးရှိလာချိန်မှာ နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေ လျော့ကျသွားခြင်းမရှိဘဲ အရပ်သားပြည်သူသေဆုံးမှုတွေလည်း ဆက်လက်ရှိနေစဲဖြစ်ပါတယ်။ သတင်းမီဒီယာတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဖေါ်ပြချက်တွေကို လေ့လာစောင့်ကြည့်မှုအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ (၂၀) ရက်နေ့အထိ ရက်ပေါင်း (၂၀)အတွင်း နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲပေါင်း (၁၆၂) ကြိမ်ထက်မနည်း ဖြစ်ပွားထားတာကိုတွေ့ရပြီး စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့တဲ့ ဧရာ၀တီတိုင်းအတွင်းက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားလာတာကိုတွေ့ရပါတယ်။ ဧရာ၀တီတိုင်းအတွင်းမှာ စစ်ကောင်စီက ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုအဖြစ် ရွှေသောင်ယံမြို့နယ်အတွင်းက မကျီးဇင်ရွာကို ဇန်နဝါရီလ (၉) ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီလအတွင်းမှာတော့ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ပဲခူးတိုင်း၊မကွေးတိုင်းအတွင်းက ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်က မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားသုံးစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ရပ်စောက်၊ ဒေသတွေမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နဲ့ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်များကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်ခဲ့တာကိုတွေ့ရပါတယ်။
Forum