မန္တလေးတိုင်းက ကျေးရွာတခုမှာ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ လက်နက်ကိုင်ကာကွယ်ရေး အဖွဲ့ဝင်တချို့ အပါအဝင် လူ ၁၇ ဦးထက်မနည်း သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြင်းခြံမြို့နဲ့ ၁၀ မိုင်လောက်အကွာမှာရှိတဲ့ ဆင်းကွပ်ကျေးရွာက စာသင်ကျောင်းကို ဒီကနေ့ အစောပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ရာက သေဆုံးသူတွေထဲမှာ လသားအရွယ် ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်ရသူတွေ ပါဝင်တာကြောင့် သေဆုံးသူ တိုးလာမှာကိုလည်း စိုးရိမ်နေကြတာပါ။ အပြန်အလှန် တိုက်ပွဲဖြစ်တာမျိုး မရှိဘဲ၊ လေကြောင်းက တိုက်ခိုက်ခံခဲ့ရတာလို့လည်း ပြောပါတယ်။ လူအများအပြား သေကျေထိခိုက်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဆုံးရှုံးမှုတွေ ကြုံနေရချိန်မှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လာနေတာပါ။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ သေဆုံးမှုတွေ တိုးလာနေတဲ့ အတွက်လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးထားပါတယ်။
Forum