သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေဖြစ်ပွားနေမှု ငြိမ်းချမ်းရေးအလားအလာပေါ် ရိုက်ခတ်မှုရှိမရှိ


Soldiers of Kachin Independence Army (KIA) ဇန်နဝါရီ ၂၂၊ ၂၀၁၃)
Soldiers of Kachin Independence Army (KIA) ဇန်နဝါရီ ၂၂၊ ၂၀၁၃)

မြန်မာပြည်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေး ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး မျက်နှာစုံညီ ဆွေးနွေးနေကြချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာတော့ ကချင်လွတ်မြောက်ရေးတပ် KIA၊ တအာင်း ပလောင်တပ်TNLA တွေနဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လမ်းကို ဖော်ဆောင်နိုင်ဖို့က နှစ်ဘက်စလုံးက အပစ်ရပ်ပြီး ခိုင်မာတဲ့ယုံကြည်မှု တည်ဆောက်နိုင်မှဖြစ်မယ်လို့လည်း နိုင်ငံရေးအကဲခတ် တွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ပြောပြပေးပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင် ဖော်ဆောင်မယ့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ဘုံသဘောတူချက်တရပ် ချမှတ်နိုင်ဖို့ အရေး ကချင်ပြည်နယ် မိုင်ဂျာယန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး မျက်နှာစုံညီစည်းဝေးနေကြချိန်မှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့နဲ့ မြန်မာ စစ်တပ် ကြား တိုက်ပွဲတွေဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဟိုပုန်ကျေးရွာမှာ ကချင်လွတ်မြောက်ရေး တပ် KIA တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း (၂) နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ KIA တပ်နဲ့ တိုက်ပွဲဖြစ်နေ တဲ့ တချိန်တည်းမှာပဲ အဲ့ဒီ့ဒေသမှာ မြန်မာတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့လည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အခုလက်ရှိ အခြေအနေမှာတော့ မြန်မာ့တပ်မတော်ဘက်က စစ်အင်အားတွေ တိုးချလာပြီး နှစ်ဘက် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ပြီး စစ်ရေး တင်းမာနေဆဲအနေအထားဖြစ်တယ်လို့ တအာင်းတပ်ပြောခွင့်ရ မိုင်အိုက်ကျော်က ပြောပါတယ်။

“စစ်ရေးက တော်တော်လေး တင်းမာနေတယ်၊ ဒီမနက်ရော၊ မနေ့ညကရော ပေါ့နော်။ အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုရော ရှိသေးတယ်။ ဟိုပုန်ရွာအနီးမှာပဲ နေရာကတော့ မပြောင်းသေးဘူး။ ဒီအစိုးရဘက်က အောက် ဘက်က တောက်လျှောက်မဆုတ်ဘူး၊ မဆုတ်ဘဲနဲ့မှ ကျနော်တို့ရှိတဲ့ဘက်ကို သူကလုပ်နေတယ်။ ဒါပေမယ့် ကျနော်တို့အဖွဲ့က အပေါ်ဘက်မှာရှိနေတော့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တာ အဲလောက်တော့ ရှိသေးတယ်။ အဲလိုမျိုး ဖြစ်နေခဲ့မယ်ဆိုရင်တော့ တိုင်းရင်းသားတွေကြားမှာ တကယ်ပဲ ငြိမ်းချမ်းရေးသံသယတွေဟာ တိုးပွားလာမယ်၊ တဘက်နဲ့တဘက်ယုံကြည်မှုဟာ ပိုပြီးလျော့ကျလာနိုင်တဲ့အနေအထားတော့ရှိတယ်။ အကောင်းဆုံးကတော့ အကုန်လုံး ပြန်ဝိုင်းစဉ်းစားပြီးမှ တပ်မတော်ဘက်က ဒီထိုးစစ်တွေ ရပ်သွားလို့ရှိရင်တော့ ပို အဆင်ပြေနိုင်တဲ့ အခြေအနေရှိတယ်။”

မေး။ ။ ဟုတ်ကဲ့၊ မိုင်အိုက်ကျော်၊ အခုက ကွပ်ခိုင်ဘက်မှာဖြစ်နေတာက အဓိကက တာမိုးညဲဘက်မှာ ဘာကြောင့်ဖြစ်ရလဲဆိုတာလေး နည်နးည်းရှင်းပြပေးပါလား။

“၂၈ ရက်နေ့ကတော့ KIA အဖွဲ့လည်းသိတယ်။ ကျနော်တို့တပ်ဖွဲ့က နှစ်ဘက်က နီးနေတဲ့နေရာရှိတယ်။ ကျနော်တို့ရှေ့တန်းရှိတဲ့နေရာကို သူတို့ကတက်လာတယ်။ တက်လာပြီးတော့မှ နှစ်ဘက်လုံးနဲ့ ၂၈ ရက်နေ့ကတော်တော်လေး ပြင်းပြင်း ထန်ထန်ဖြစ်တယ်။ နေ့လည် ၁ နာရီကနေ ညမိုးချုပ်တဲ့အထိ ဖြစ်တယ်။ မြန်မာ့ တပ်မတော်က စကခ (၁၀) လက်အောက်ခံတပ်ရင်းတို့ တပ်မ (၉၉) တို့၊ တပ်မ (၅၅) တို့က စစ်ကြောင်းတွေ ပို့ထားတာရှိတယ်။ စစ်ကြောင်းက လေး ငါးကြောင်း၊ ခြောက်ကြောင်းလောက်ရှိတယ်။ ”

ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ ကချင်လွတ်မြောက်ရေးတပ် KIA တပ်နဲ့ မြန်မာ့ တပ်မတော်တို့ကြား စစ်ရေးတင်းမာနေတဲ့အခြေအနေဟာ လက်ရှိအစိုးရသွားလိုတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုအပေါ် ယုံကြည်မှုလျော့ပါးစေတယ်လို့ ကချင် သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက ရှုမြင်ပါတယ်။ KIA တပ်မဟာ (၆) လက်အောက်ခံ ကချင်တပ်ရင်း ၂ နဲ့ မြန်မာတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ အခြေအနေကိုလည်း သူက အခုလိုရှင်းပြပါတယ်။

“နယ်မြေကတော့ ကွပ်ခိုင်မြို့ရဲ့အရှေ့ဘက်ပေါ့၊ တာမိုးညဲပတ်ဝန်း ကျင်လောက် ပေါ့နော်။ အဲဒီနေရာကတော့ KIA ရဲ့တပ်ရင်း(၂) တပ်မဟာ (၆) တပ်ရင်းနယ်မြေမှာ ဖြစ်တာပေါ့နော။ စစ်တပ်တွေရဲ့လှုပ်ရှားမှုတွေ ကတော့ ရပ်သွားတာမရှိဘူး။ တိုက်ခိုက်မှုတွေလည်း ပုံမှန်ဖြစ်နေတယ်။ ဆိုတော့- အဲဒီလိုမျိုးအခြေအနေမှာ ခုနပဲ မိုင်ဂျာယန်အစည်းအဝေးကနေပြီးတေ့မှ KIA ကချင်လွတ်လပ်ရေးအဖွဲ့ kIO ရဲ့စစ်ပိုင်းခေါင်းဆောင် တွေကို မေးကြည့်တော့ လည်း တိုင်းရင်းသားတပ်တွေကတော့ တပ်ပေါင်းစု ပုံစံနဲ့အစိုးရတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ အခြေအနေတွေကို အခုပိုပြီးမှရောက်လာနိုင်တဲ့ အခြေ အနေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိရပါတယ်။”

မြန်မာပြည်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ဆိုရင် တတိုင်းပြည်လုံးအပစ်အခတ်ရပ် စဲရေးဖော်ဆောင်နိုင်မှဖြစ်သလို စစ်ရေးတင်းမာမှုတွေ လျော့ပါးဖို့က နှစ်ဘက်စလုံး က အပစ်ရပ်ပြီး ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်မှဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြား ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ရေး သူ့အမြင် အခုလိုပြောပါတယ်။

“အဲဒီ လတ်တလောဖြစ်နေတဲ့ြ့ပဿနာတွေနဲ့ပတ်သက်ပြီးတော့ သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ဒီအစိုးရအနေနဲ့ တပ်မတော် အကြီးအကဲတွေနဲ့ ထိထိရောက်ရောက် ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာဖို့လိုအပ်တယ်လို့မြင်တယ်။ ဒီတိုက်ခိုက်မှု၊ ဒီဆွေးနွေးမှုတွေ အားလုံးကို အမြန်ဆုံးရပ်စဲနိုင်ဖို့လိုအပ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ မီးစတဘက်၊ ရေမှုတ်တဘက်ပုံစံမျိုး ဖြစ်သွားမယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ရေးအပိုင်းမှာကော၊ နောက်ပြီးတော့ ပြန်လည်သင့်မြတ်ရေးအပိုင်းမှာကော အခက်အခဲတွေ အများကြီးရှိသွားနိုင်တယ်လို့ မြင်တယ်။”

၂၁ ရာစုပင်လုံညီလာခံခေါ်ယူပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်က ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံးပါဝင်ရေး ဦးဆောင်ကြိုးပမ်း နေချိန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ၂၁ ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်ခွင့် ရရေးမူနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံသဘောတူညီချက် ရဖို့ ဆွေးနွေးနေကြချိန်၊ အခုလိုတိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်နဲ့ အပစ် ရပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် အခုဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အပေါ် အများကယုံကြည်မှုတွေလျော့ပါးလာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG