ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်တပ်က သောကြာနေ့ညက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လားရှိုးမြို့ခံတွေ စိုးရိမ်နေကြပါတယ်။ ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်တပ်တိုက်ပွဲဖြစ်ခဲ့စဉ်မှာ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြသူတချို့ နေရပ်ပြန်လာလို့ မြို့ပြန်လည် စည်ကားစပြုနေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန် တင်ပြပါမယ်။
ကိုးကန့် MNDAA ဦးဆောင်တဲ့ ညီနောင်မဟာမိတ်တပ်တွေ လားရှိုးမြို့ကို သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်တပ်က ပထမဆုံးအကြိမ် လေကြောင်း တိုက်ခိုက်မှုတွေကို သောကြာနေ့ ညပိုင်းက လုပ်ခဲ့ပါတယ်။ ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်း TNLA အဖွဲ့ကို စစ်ပွဲတွေ ချက်ချင်းရပ်ပါလို့ တရုတ်နိုင်ငံ ရွှေလီမြို့ လုံခြုံရေးကော်မတီက စာပေးပို့ ဖိအားပေးထားချိန်နဲ့ လားရှိုးမြို့ပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ချိန်တိုက်ဆိုင်နေပါတယ်။ ဩဂုတ်လ ၃၀ ရက် သောကြာနေ့ ည ၉ နာရီလောက်မှာ စစ်လေယာဉ်ပေါ်ကနေ ၂ နေရာ ဗုံးကြဲချခဲ့တယ်လို့ လားရှိုးမြို့ခံတယောက်က VOA ကိုပြောပြပါတယ်။
“၂ လုံးပဲ ကျတာ ဘူတာသွားတဲ့ အရှေ့ခါးရိုးကျောင်းနားလေးက စာသင်ကျောင်း။ အထက ၈ ရယ်၊ အဲဒီအပေါ်ကနေ တက်လာရင် ကျနော်တို့ မြို့ထဲကို ပြန်တက်လာရင် ဘီယာဆိုင်တဆိုင် ရှိတယ်၊ ဝမ်း-ဝမ်း ဘီယာဆိုင် နောက်က နှစ်ထပ်အိမ်တအိမ်။ တရုတ်အိမ် တအိမ်ရယ်။ စာသင်ကျောင်းရယ် ကျတာ ဒါပဲ။ အထိအခိုက်တော့ မကြားဘူး။ လူမရှိလောက်ပါဘူး။ စာသင်ကျောင်းလည်း လူမရှိဘူး။”
လားရှိုးမြို့မှာ July လဆန်းပိုင်းလောက်က တိုက်ပွဲတွေ ပြင်းထန်ချိန် ဘေးလွတ်ရာ ပြေးခဲ့ကြရပြီး မကြာခင်ကမှာ နေရပ်တွေမှာ ပြန်လာနေ နေကြသူတွေဟာ အခုလို စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထပ်ပြီး ဘေးလွတ်ရာ ပြေးရမလားလို့ စဉ်းစားနေကြရပြီလို့ အမျိုးသမီးတယောက်က ပြောပါတယ်။
“လေယာဉ်က ၄ ခေါက်လောက်လာတယ်။ လာရင်တော့ ၂ စင်း၊ ၃ စင်းလောက်လာတယ်။ အမှတ် ၈ ကျောင်း။ လေယာဉ်ကွင်းနားက ကျောင်းမှာ ကျတာ။ အိမ်တော့ ပျက်ဆီးသွားတယ်။ ထိခိုက်တဲ့လူတော့ မရှိဘူး။ ၈ နာရီ ၄၀ ကျော်လောက်မှာ ကျတာ။ မပေါက်ကွဲတဲ့ဟာက လေယာဉ်ကွင်းမှာ။ အခု လားရှိုး ရောက်နေပြီ။ တချို့လူတွေကတော့ ရင်တုန်တာပေါ့။ ဘယ်လို လုပ်ရမလဲ။ အခုတော့ တွေဝေနေကြတာပေါ့။ သွားရမလား နေရမလား အဲလို အကုန်လုံးက တွေဝေနေကြတာပဲ။”
လားရှိုးမြို့ထဲက ရပ်ကွက် ၉ နဲ့ ၁၀ မှာ ဗုံးကျပေါက်ကွဲခဲ့ပြီး ရပ်ကွက် ၄ နဲ့ ၅ ဘက်မှာလည်း ကျတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဒေသခံတွေက အတည်ပြုပြောဆိုတာ မရှိပါဘူး။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်တဲ့ တပ်တွေက August လ ၃ ရက်နေ့မှာ သိမ်းယူခဲ့တာပါ။ လားရှိုးမြို့ကို သိမ်းယူနိုင်ခဲ့ပြီးနောက် MNDAA က ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ ၁ အုပ်ချုပ်ရေးနယ်မြေထဲ ထည့်သွင်းခဲ့ပါတယ်။ မြို့ထဲမှာ MNDAA က လုံခြုံရေး၊ ရေနဲ့ လျှပ်စစ်မီး၊ ဖုန်းလိုင်းနဲ့ အင်တာနက် ဆက်သွယ်မှုတွေအပါအဝင် မြို့အုပ်ချုပ်ရေးကို ဆောင်ရွက်ခဲ့တာမို့ တိုက်ပွဲကြောင့် ဘေးလွတ်ရာသွားခဲ့သူတချို့ မြိုမှာ ပြန်လာနေခဲ့ကြပါတယ်။ မြို့မှာ ပြန်လည် စည်ကားစပြု လာချိန်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာတာကြောင့် နေရပ် မပြန်ရသေးသူတွေ ပြန်ဖို့ စဉ်းစားစရာ ဖြစ်နေကြပါတယ်။
“လူတွေက ရေ၊ မီး အဓိကပေါ့။ ပြီးတော့ ဖုန်းလိုင်း အဓိကပေါ့။ ဒီ သုံးမျိုးအပေါ်မှာ အခြေခံပြီးမှ ပြန်နေလို့ ရပြီဆိုတဲ့ အတွေးတွေက ဝင်ကြတာပေါ့။ ပြီးတော့ ဟိုဘက်ကနေလည်း ပြန်လည်ထူထောင်ရေး ဘယ်လိုလုပ်ပါတယ်။ ဘယ်လို လုပ်ပါတယ်ဆိုပြီးမှ တောက်လျောက် သူတို့ကလည်း ပြနေတဲ့အချိန်ကျတော့ ပြန်ချင်တဲ့သဘော ရှိတယ်။ လက်ရှိမှာတော့ တခြား သူတို့ သိမ်းပိုက်ထားတဲ့မြို့တွေမှာလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်စဉ်တွေက ဖြစ်နေတာပေါ့နော်။ မနေ့ညကတော့ လားရှိုးမှာ ပြန်ဖြစ်ပြီဆိုတော့ ဒါ နောက်ထပ်မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ အာမခံ ပြောလို့ မရဘူးဗျ။ ဒီအချိန်မှာတော့ ကိုယ့်ဟာနဲ့ ချင့်ချိန်သုံးသပ်ဆုံးဖြတ်ပြီးမှပဲ လုပ်မှပဲ အဆင်ပြေမှာပါ။”
လားရှိုးမြို့ အနောက်တောင်ပိုင်းမှာ တအာင်း TNLA တပ်ထိန်းချုပ်ထားတဲ့ သီပေါမြို့နဲ့ ကျောက်မဲမြို့တွေအပေါ် စစ်တပ်က အခုသီတင်းပတ်ထဲ ၂၇ ရက်နဲ့ ၂၉ ရက်နေ့တွေက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သီပေါမြို့မှာ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။ နမ့်ဆန်မြို့ပေါ်ကိုလည်း ဒီလ ၁၂ ရက်နေ့ကတော့ ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးခဲ့ပါတယ်။
အခုဩဂုတ်လဆန်းပိုင်း ၅ ရက်နဲ့ ၇ ရက်နေ့တုန်းကလည်း TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သား အနည်းဆုံး ၅ ဦး သေဆုံးခဲ့ပါတယ်။ MNDAA ထိန်းချုပ်တဲ့ လောက်ကိုင်နဲ့ သိန္နီမြို့တွေပေါ်လည်း ဒီလဆန်းပိုင်းအထိ လေကြောင်းက ၉ ကြိမ် တိုက်ခိုက်ပြီး အရပ်သား ၁၅ ဦး သေဆုံးပြီး စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ဆေးရုံတို့ ပျက်ဆီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သတင်းထုတ်ပြန်ပေမဲ့ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ခြင်း ခုချိန်ထိ မရှိသေးပါဘူး။
Forum