သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကာကွယ်ရေး ဘတ်ဂျက် ဒေါ်လာ ၂.၃ ဘီလီယံတောင်းခံ


၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံ ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြ တောင်းခံထားပါတယ်။ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက် နည်းနည်း လျော့သွားပေမဲ့လည်း ပြည်ပရန် အန္တရာယ်မရှိဘဲ လူမျိုးစု တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေပဲရှိတဲ့ မြန်မာနိုင်ငံအတွက်တော့ များနေတုန်းပဲလို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇန်နဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကာကွယ်ရေးအသုံးစရိတ် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံ တောင်းခံသွားပြီးတော့ ဒီအသုံးစရိတ်ဟာ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေနဲ့ ညှိနှိုင်းတောင်းဆိုတာ ဖြစ်တယ်လို့ ပြောဆိုသွားတဲ့ အကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

“ဟုတ်ကဲ့၊ ဒီနေ့ ကာကွယ်ရေးဝန်ကြီးဌာနက တောင်းတာကတော့ ၂ ဒဿမ ၃ ဘီလီယံလောက် တောင်းတာပေါ့နော်။ ကျနော်တို့ မနှစ်ကကျတော့ ၂ ဒဿမ ၄ လောက် တောင်းတယ် ထင်ပါတယ်။ နည်းနည်းတော့ လျော့သွားတဲ့ သဘောရှိတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေအရပေါ့နော်၊ တပ်မတော် ကာကွယ်ရေး အသုံးစရိတ်က အများကြီး များနေသေးတယ်လို့ ပြောလို့ရတယ်။ ဝန်ကြီးကတော့ ရှင်းပြတာပေါ့။ ကျနော်တို့ အရှေ့တောင်အာရှ နိုင်ငံတွေရော၊ အမေရိကန် နိုင်ငံရော၊ ဂျပန်နိုင်ငံရော သူတို့ နှိုင်းယှဉ်ပြတော့ ကျနော်တို့ရဲ့ အသုံးစရိတ်က နည်းတယ်ဆိုတဲ့ အကြောင်းပေါ့နော်။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ ဝင်ငွေကနည်းတော့၊ အဲဒီမှာ GDP မှာ ၃ ဒဿမ ၈ ရာခိုင်နှုန်းလောက် သွားပြီးတော့ ဖြစ်နေတယ်။”

ကာကွယ်ရေး အသုံးစရိတ်ကို မြန်မာကျပ်ငွေနဲ့ ကြည့်မယ်ဆိုရင်တော့ စီမံကိန်းတွေအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ သုံးဖို့ ငွေမှာ ကျပ် ၂၂၈၂ ဘီလီယံဖြစ်ပေမဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ လစာနဲ့ စရိတ်အတွက် ၈၃ ဘီလီယံ ထပ်တိုးပြီး စုစုပေါင်းကျပ်ငွေ ၂၃၆၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒဿမ ၃ ဘီလီယံ) တောင်းခံတာလို့ ဆိုပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေး တစ်နှစ်အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၃၉ ဘီလီယံ၊ မလေးရှားနိုင်ငံက တနှစ်ကို အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ ဘီလီယံ သုံးစွဲပြီး ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ မြန်မာနိုင်ငံထက် များစွာ မြင့်မားနေတယ်ဆိုပြီးတော့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောဆိုသွားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံ အသုံးပြုခဲ့ပြီး အဲဒီအသုံးပြုခဲ့တဲ့ ကာကွယ်ရေးစရိတ်ဟာ တိုင်းပြည်ရဲ့ စုစုပေါင်း အသုံးစရိတ် ၁၂ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် တောင်းခံတာဟာ ပြီးခဲ့တဲ့နှစ်ကထက် အနည်းငယ် လျော့နည်းသွားတာကို လွှတ်တော်ကိုယ်စားလှယ်တွေက ကြိုဆိုပေမဲ့ လျော့နည်းသွားတဲ့ ဘတ်ဂျက်တွေကို တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးတွေမှာ ပိုသုံးပေးဖို့ အလိုရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဖိုးအောင် က ပြောပါတယ်။

“ဘတ်ဂျက် လျော့သွားတယ်ဆိုတော့ ကျနော်တို့ ကျန်တဲ့ ဖွံ့ဖြိုးရေးပိုင်းတွေ ဆက်လုပ်နိုင်တယ်ဆိုတော့၊ ကျနော်တို့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အနေနဲ့တော့ ဝမ်းသာတယ်၊ ကြိုဆိုတယ်လို့တော့ ပြောရမှာပေါ့။ တကယ်လို့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဆောင်နိုင်မယ်ဆိုရင်တော့ တပ်မတော်ရဲ့ အသုံးစရိတ်တွေ နည်းနည်း ထပ်လျှော့ချဖို့တော့ လိုအပ်လိမ့်မယ်လို့ မြင်ပါတယ်။ သူတို့ရဲ့ အသုံးစရိတ်တွေက လိုအပ်တာထက် ပိုများနေတယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသား နယ်မြေတွေရဲ့ ဖွံ့ဖြိုးရေးအတွက် သုံးဖို့က နည်းနည်း နည်းသွားတဲ့ အခါကျတော့ တိုင်းရင်းသားတွေရဲ့ တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး အတွက်တော့ နှောင့်နှေးသွားနိုင်တဲ့ အနေအထားမျိုး ဖြစ်နိုင်တာပေါ့။”

မြန်မာနိုင်ငံဟာ ပြည်ပရန် အန္တရာယ်မရှိဘဲ ပြည်တွင်းက တိုင်းရင်းသား ညီအကိုတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ သုံးစွဲနေရတဲ့အတွက် များလွန်းနေတယ်လို့လည်း မြန်မာ့စစ်ရေး လေ့လာအကဲဖြတ်တွေက ပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံ စစ်တပ်ကြီးတခုလုံးအတွက် တောင်းခံတဲ့ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံဟာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် လုံလောက်တယ်ဆိုရုံသာ ရှိပြီးတော့ ကာကွယ်ရေး အသုံးစရိတ်တွေကို လျှော့ချမယ်ဆိုရင် ရှိနေတဲ့ စစ်တပ် အရေအတွက်ကိုပါ လျှောချဖို့ လိုတယ်လို့ တရုတ်-မြန်မာ နယ်စပ်မှာနေထိုင်တဲ့ မြန်မာစစ်ရေး လေ့လာ သုံးသပ်သူ ဦးအောင်ကျော်ဇော် က ပြောပါတယ်။

“တပ်ကြီး ဒီလောက်ကြီးနေရင် ဒီလောက်နဲ့ မလောက်ပါဘူး။ ကျနော်ထင်တယ် ဒါက for show သက်သက်ပါပဲ။ ဒီထက်မက သုံးစွဲမှုတွေ ရှိတယ်လို့ ကျနော်တို့ထင်တယ်။ အဓိက လုပ်ရမှာက တပ်ကို။ အခုတပြည်လုံးမှာရှိတဲ့လူတွေ ပြောဆိုနေတဲ့ အထဲမှာ တပ် reform (ပြုပြင်ပြောင်းလဲရေး) ဆိုတာ တယောက်မှ မပါကြဘူး။ အနည်းစုပဲ။ တပ်ကို reform မလုပ်နိုင်ဘဲနဲ့ ကျနော်တို့ ဒီကနေ့ သွားချင်တဲ့ reform လည်း သွားလို့မရဘူး။ တပ်ကို professional ဖြစ်အောင်လုပ်ရမယ်၊ တပ်ရဲ့ အင်အားကို လျှော့ချရမယ်။”

ကာကွယ်ရေးဝန်ကြီးဌာနက အသုံးပြုတဲ့ ဘတ်ဂျက်ဟာ ကျန်ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ထက် မြင့်မားနေပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနက တင်ပြတဲ့ ဘတ်ဂျက်တွေကို လွှတ်တော်က လျှော့ချခိုင်းတာမျိုး၊ ဖြတ်ချတာမျိုးတော့ လုပ်ဆောင်လို့ မရဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

တပ်မတော်အနေနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စု ဘတ်ဂျက်ကနေ ၁၃ ဒဿမ ၆ ရာခိုင်နှုန်း အသုံးပြုထားပြီးတော့ လာမယ့်နှစ်မှာတော့ ၁၂ ဒဿမ ၂၆ ရာခိုင်နှုန်းသာ အသုံးပြုဖို့ လျာထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆို သွားပါတယ်။
XS
SM
MD
LG