သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်စောင့်အစိုးရ ဖွဲ့စည်းမှုအပေါ် နိုင်ငံရေးအင်အားစုများရဲ့သဘောထား


ဒေါက်တာတေဇာဆန်း၊ ဦးအောင်မျိုးမင်း၊ ဦးကိုကိုကြီး၊ ဦးခင်မောင်ဆွေ
ဒေါက်တာတေဇာဆန်း၊ ဦးအောင်မျိုးမင်း၊ ဦးကိုကိုကြီး၊ ဦးခင်မောင်ဆွေ

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက အိမ်စောင့်အစိုးရကို ဖွဲ့စည်းလိုက်တာဟာဟာ နိုင်ငံရေးအရ သံတမန်လမ်းကြောင်းတခုကို ဖော်ဆောင်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဝန်ကြီးတဦးက ပြောလိုက်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က ဘယ်လိုပဲ နာမည်ပြောင်းပြောင်း ပြည်သူလူထုဘက်က အယုံအကြည့်မရှိဘူးလို့လည်း နွေဦးတော်လှန်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်ကပြောလိုက်ပါတယ်။ အိမ်စောင့်အစိုးရဖွဲ့လိုက်တဲ့အပေါ် နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက သူတို့ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ဆောင်ရွက်ဖို့အတွက် အိမ်စောင့်အစိုးရကို ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့ နေ့စွဲနဲ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီအပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ သူ့ရဲ့သဘေားထားကို အခုလို ပြောပါတယ်။

"NUG သဘောထားထက် ကျနော်ရဲ့တဦးချင်းသဘောထားပြောချင်ပါတယ်။ ဒါကတော့ ပထမဦးဆုံး အခုလောလောဆယ်ကာလအတွင်းမှာ မကြာမီကပဲရွေးကောက်ပွဲရလဒ်တွေကို ပယ်ဖျက်လိုက်တယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေဖြစ်တယ်၊ ဒါကြောင့်မိုလို့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်တယ်ဆိုတဲ့အသံထွက်လာပါတယ်။ အခုမရှေးမနှောင်းမှာပဲ အခုလိုမျိုး အိမ်စောင့်အစိုးရဖွဲ့စည်းလိုက်တယ်။ နောက်တခါ အရပ်သားတွေ ပါဝင်တယ်။ နောက်တခါ တပ်မတော်ရဲ့ပုံစံတင်မကတော့ဘဲ ဝန်ကြီးချုပ်အနေနဲ့ တာဝန် ယူတယ်ဆိုတဲ့ ပုံစံဖြစ်လာတာက နိုင်ငံရေးအရလမ်းကြောင်းတခုကို အထူးသဖြင့် သံတမန်နည်းအရ လမ်းကြောင်းတခုကို ဖော်ဆောင်တယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ မကြာမီမှာ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာမှာ စစ်ကောင်စီနဲ့ NUG ကြားထဲမှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတဲ့ Credentials စိန်ခေါ်မှု ကျနော်တို့ ရှိလာပါလိမ့်မယ်။ ရှိလာတဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းထားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်သွားမယ်ဆိုရင် နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် အခက်အခဲရှိတယ် လို့များ သူတို့သတ်မှတ်ထားလားမသိပါဘူး။ အမှန်ကတော့ အာဏာသိမ်းထားတဲ့သူကတော့ အာဏာသိမ်းထားတာပဲဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကာလမှာ ဒီမိုကရေစီနည်းလမ်းတကျ ပါဝင် ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုမျိုးအဖြစ်အပျက်ကို သူတို့အနေနဲ့ အခုဆိုရင်တော့ အစိုးရတရပ်အနေနဲ့ ထူထောင်ပြီးတော့ လည်ပတ်နေပါတယ်ဆိုတဲ့ စောဒကနဲ့ အကြောင်းပြချက်နဲ့ ပိုမိုပြီးတော့ အသိအမှတ်ပြုမှု လက်ခံမှုရရှိဖို့အတွက် ကြိုးစားမလားဆိုတဲ့ သဘောမျိုးပေါက်နေတာကိုတွေ့ရပါတယ်။"

စစ်ကောင်စီအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကတော့ သူ့ရဲ့သဘောထားကို အခုလို ပြောပါတယ်။

"အဲဒါကိုအောင်မြင်အောင်လုပ်ဖို့ဆိုတာ ကော်မတီတရပ်အနေနဲ့ မဖြစ်နိုင်ဘဲနဲ့ ကျနော်တို့ Caretaker Government ပေါ့။ အိမ်စောင့်အစိုးရအနေနဲ့ လုပ်ဖို့အတွက် ဖြစ်မှသာလျှင် တိုင်းနဲ့ ပြည်နယ်အသီးသီးကို ထိထိမိမိဆုပ်ကိုင်ပြီးတော့ ဆောင်ရွက်နိုင်ခြေတွေရှိမယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး Caretaker Government အနေနဲ့ ကျနော်တို့ ဆောင်ရွက်သွားဖို့ဆိုတာ ဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။"

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြန်မာ့နွေဦးတော်လှန်ရေးကို စတင်ခဲ့တဲ့ မန္တလေးဆန္ဒပြသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကတော့ စစ်ကောင်စီဘက်က ဘယ်လိုပဲ နာမည်ပြောင်းပြောင်း သူ့အနေနဲ့ အယုံအကြည်မရှိဘူးလို့ ဗီအိုအေကို ပြောပါတယ်။

"အဲဒီတော့ဗျာ ပြောရရင်- ကျနော်တို့ပြည်သူတွေအနေနဲ့ကတော့ ဒီအကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နာမည်တွေ ဘယ်လိုပဲခေါ်ခေါ်၊ ဘယ်လိုပဲ ပြောင်းပြောင်း၊ အိမ်ပဲစောင့်စောင့် ၊ ခြံပဲစောင့်စောင့် ကျနော်တို့ ပြည်သူတွေအနေနဲ့တော့ လုံးဝအယုံအကြည်မရှိဘူး၊ လုံးဝ အသိအမှတ်ပြုမှုလည်းမရှိဘူးဆိုတာကို ပြောချင်ပါတယ်ခင်ဗျ။ နောက်ပြီးတော့ သူတို့ အာဏာသိမ်းတဲ့အချိန်မှာ အာဏာသိမ်းတာက ၁ နှစ်အာဏာသိမ်းတယ်ဆိုပြီး ပြောခဲ့တယ်။ နောက်ကျတော့ ၂ နှစ်ဖြစ်တယ်၊ ဟော အခုနောက်တော့ ပိုတောင် နောက်ရွှေ့သွားတယ်။ အဲဒီတော့ ပြောချင်တာက ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီအကြမ်းဖက်စစ်ကောင်စီကို ကျနော်တို့ ဘယ်လိုမှ ယုံကြည်လို့ မရဘူးဆိုတာ အင်မတန် ထင်ရှားပါတယ်။ အဲဒီတော့ ပြည်သူလူထုအနေနဲ့ကတော့ ဒီစစ်ကောင်စီသည် ကျနော်တို့ကို လုံးဝ လုံးဝ ကိုယ်စားမပြုဘူး။ ကျနော်တို့လူထုအနေနဲ့လည်း လုံးဝ အသိအမှတ်မပြုဘူး။ လက်မခံဘူးဆိုတာ အင်မတန် ထင်ရှားပါတယ်ခင်ဗျ။"

ဒီနေ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာတော့ ရွေးကောက်ပွဲကျင်းပဖို့ ၂ နှစ်လောက် အချိန်ယူရနိုင်ပြီး အဲဒီနောက် အနိုင်ရတဲ့ပါတီကို တာဝန်တွေလွှဲအပ်သွားမယ်ဆိုတဲ့အချက်လည်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ အခုလို ပြောပါတယ်။

"အဓိကကတော ကျနော်တို့ ဒီဟာက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု၊ တပ်ကတော့ အာဏာထိန်းတယ်လို့ ပြောတာပေါ့။ အဲဒီအခြေအနေ ဖြစ်လာတာကိုက အရက်ဘက်စစ်ဘက် ဆက်ဆံရေး ပျက်စီးတာကို ပြတာပဲ။ ကျနော်အဲဒီလိုပဲ မြင်ပါတယ်။ အဲဒီတော့ ဒီအချိန်ကာလ ကန့်သတ်ချက်တွေအရ၊ ဖွဲ့စည်းပုံ ၂၀၀၈ အရ အာဏာထိန်းတယ်ဆိုတော့- ၂ နှစ်အတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးရမယ်၊ အဲဒါမှ မလုပ်နိုင်ဘူးဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ သူတို့ကိုယ်တိုင်က ဖျက်သိမ်းလိုက်ပြီ” ဆိုတဲ့ သဘောသက်ရောက်တယ်။ ဒါကြောင့် ဒီနေ့ မိန့်ခွန်းမှာ ၂ နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတာကိုတော့ ဖွဲ့စည်းပုံကို ကိုးကားပြီးတော့ ကတိပြုတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့အမြင်မှာက စစ်တပ်က ရွေးကောက်ပွဲတွေ လုပ်ပေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲရော၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ရော ဖျက်သိမ်း ခံရတယ်ပေါ့။ အကောင်အထည် မပေါ်ဘူးဆိုတဲ့ အချိန်မှာ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ ကိုယ်စားလှယ်တွေကို အာဏာလွှဲမယ်ဆိုတဲ့ ကတိလောက်နဲ့တော့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ရမှာမဟုတ်ဘူးလို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။"

စစ်တပ်အာဏာသိမ်းမှု ၆ လပြည့်တဲ့နေ့မှာပဲ စစ်ကောင်စီက အိမ်စောင့်အစိုးရကိုဖွဲ့စည်းလိုက်တာဖြစ်ပြီး စစ်ကောင်စီလို့ခေါ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဆက်ပြီးတော့ ရှိသွားမယ်လို့လည်းဆိုပါတယ်။ စစ်ကောင်စီရဲ့ အမိန့်အမှတ် ၁၅၂/၂၀၂၁ အရစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမှာဖြစ်တယ်လို့ပြောထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Unicode












#MyanmarMilitaryCoup #MyanamrCaretakerGovernment #VOABurmese

XS
SM
MD
LG