[[Zawgyi/Unicode]]
မြန်မာပြည်သူတွေအတွက် တရားမျှတမှုရှိရေး၊ လူအခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူရေး၊ စစ်တပ်ကို လက်နက်ပစ္စည်းများနဲ့ နည်းပညာများ မရောင်းချရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် ထောက်ခံပံ့ပိုးကြဖို့ အာဏာသိမ်း တနှစ်အပြည့်မှာ ဥရောပသမဂ္ဂနဲ့ နိုင်ငံ ၉ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက် ထုတ်လိုက်ကြပါတယ်။
အယ်ဘေးနီးယား၊ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွတ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ ဒီကြေညာချက်မှာ ပါဝင်ကြပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက် ခံကြောင်း ကြေညာချက်မှာ ပြောထားပါတယ်။ အာဆီယံသဘောတူညီချက်မှာ ပါရှိတဲ့အတိုင်း ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့အုပ်စုတွေအပါအဝင် ပါဝင်ပတ် သက်သူအားလုံးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပေးဖို့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကိုလည်း အလားတူ တွေ့ဆုံခွင့်ပေးဖို့ စစ်ကောင်စီကို ကြေညာချက်မှာ တိုက်တွန်းလိုက်ပါတယ်။
အမျိုးသမီးတွေ၊ ကလေးတွေ၊ လူ့အခွင့်အရေး လှုပ်ရှားကြသူတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးနေကြတဲ့ ဝန်ထမ်းတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေအပါအဝင် လွန်ခဲ့တဲ့ တနှစ်အတွင်း အသက်ဆုံးပါးသွားခဲ့ကြသူတွေ ကိုလည်း အောက်မေ့ဖွယ် အမှတ်တရစကားပြောထားပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကြေညာချက်မှာ အကျယ်တဝံ့ ဖော်ပြရှုတ်ချလိုက်ပါတယ်။
=============
[[Unicode]]
=============