သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြ အမှုတွေ ကြေအေးခွင့်လျှောက်ထားနိုင်ပေမယ့် လက်မခံသူလည်းရှိ


Myanmar protests
Myanmar protests

Zawgyi/Unicode

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင် ဆန္ဒပြတာတွေကြောင့် ပုဒ်မ ၅၀၅ အပါအဝင် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း တရားစွဲဆိုခံရတဲ့အမှုတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကြေအေး ရုပ်သိမ်းခွင့် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ဒီအပေါ် ကြေအေးခွင့်လျှောက်ထားသူတချို့ရှိတယ်လို့ သိရပေမယ့် CDM အာဏာဖီဆန်ရေးလုပ် ထားသူ အတော်များများကတော့ ဒါကို လက်မခံပါဘူး။ အပြည့်အစုံကို ကိုရန်နိုင်ဆက်သွယ်မေးမြန်းထားပါတယ်။

အစိုးရဌာနအသီးသီးမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းအတော်များများက အဲဒီလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ မပူးပေါင်းမဆောင်ရွက်ဘူးဆိုပြီး CDM လို့ခေါ်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘက်ကလည်း CDM လုပ်တဲ့ ဝန်ထမ်းတွေကို အလုပ်ကရပ်ဆိုင်းတာတွေ၊ ထုတ်ပစ်တာတွေ လုပ်သလို တချို့ ဆိုလည်း ဖမ်းဆီး တရားစွဲခံရတာတွေလည်းရှိပါတယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းမှာတော့ အဲဒီလို စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ပြီးပုဒ်မ ၅၀၅ (က) (ခ) စတာတွေနဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့သူတွေအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေအပေါ်မှာ အသနားခံစာတင်ရင် ပြန်လွှတ်ပေးတာတွေလည်း ရှိလာနေတယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

“အခုမှာ ဒီဟာတွေက တရားရုံးမှာရင်ဆိုင်ဆဲတွေပေါ့။ ထောင်ကအမှုတွေက တရားရုံးက နောက်မှ။ အဲဒီမတိုင်ခင်ကတည်းက ထောင်မှာသွားသွားပြီးတော့ စစ်တဲ့အမှုတွေ ရှိတယ်လေ။ အဲဒီအမှုတွေမှာက အသနားခံစာတင်လို့ရှိရင် သူတို့က ရွေးပြီးတော့ သူရဲ့ အမှုအတိမ်အနက်တွေကိုလိုက်ပြီးတော့ သူတို့ ရုပ်ပေးတယ်။ စပြီးစွဲပြီဆိုကတည်းက သိပ်မကြာဘူး။ မြန်မြန်လည်းစစ်တယ်။ ၂ ယောက် ၃ ယောက်စစ်တဲ့အချိန်မှာ အဲဒီလိုမျိုး အသနားခံစာတင်လို့ရှိရင် သူတို့ ရုပ်သိမ်းတယ်။ အသနားခံစာတင်တယ်ဆိုတာကလည်း ကိုယ့်ဘာသာကိုယ်တင်ချင်လို့မဟုတ်ဘူး။ သူတို့ တင်လိုက်ပါဆိုတဲ့အမှုတွေမှာ တင်ကြတာ။”

ဒီလိုမျိုး အမှုတွေကို ပြန်ရုတ်သိမ်းပေးနေတာတွေကို အစောပိုင်းကတည်း လုပ်ပေးနေတာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ အဲဒီလို တရားစွဲတာတွေနဲ့ ပတ်သက်ပြီး အမှုတွေကို ပြန်ရုပ်သိမ်းဖို့၊ ကျေအေးဖို့နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ထောက်ခံချက်တွေပါရှိဖို့လိုအပ်တယ်လို့လည်း အခုလို ရှင်းပြပါတယ်။

“ဟုတ်တယ်။ အမှုရုပ်သိမ်းဖို့အတွက် ဘာလိုလဲဆိုလိုရှိရင် အဲဒီမှာ စစ်တယ်၊ စစ်ရင်းနဲ့မှ ၁ ယောက်၊ ၂ ယောက်၊ ၃ ယောက်၊ ၄ ယောက် စစ်ရင်းနဲ့မှ အမှုအတိမ်အနက်ပေါ်လာပြီးလို့ရှိရင်၊ ဒီအပေါ်တော့ဖြင့် ရုပ်သိမ်းလိုက်ပါလား၊ အသနားခံစာတင် လိုက်ပါလား စသဖြင့်ပေါ့။ ထောက်ခံစာလိုတယ်လေ။ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ သက်ဆိုင်ရာ နယ်မြေက စအဖပေါ့နော် အဲဒီလူတွေရဲ့ထောက်ခံချက် ပေးရမှာပေါ့ မှတ်ချက်ပေးရမှာပေါ့။

CDM လုပ်တဲ့ ဝန်ထမ်းတွေအပေါ် ဖမ်းဆီးတရားစွဲတာတွေနဲ့ တရားစွဲခံရသူတွေဘက် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းတွေအပေါ် တောင်းပန်ရင် အမှုတွေ ပြန် ရုပ်သိမ်းပေးနေတာနဲ့ပတ်သက်ပြီး သစ်တောဌာနကနေ CDM လုပ်ထားတဲ့ ဝန်ထမ်း တဦးကတော့ သူူ့သဘောထားကို ဗီအိုအေကို အခုလို ပြောပါတယ်။

၅၀၅ နဲ့ ပတ်သက်ပြီး စွဲခံထားရတဲ့ အမှုတွေဆိုတာကတော့ CDM သမားတွေစွဲထားတယ်ဆိုတာကတော့ အစကတည်းက မဖြစ်သင့်တဲ့ကိစ္စ၊ ဝန်ထမ်းတွေအကုန်လုံးက ဒီအစိုးရတက်လာတဲ့အချိန်မှာ ရွေးချယ်ပိုင်ခွင့်ဆိုတာရှိရမယ်။ ဒီအစိုးရနဲ့ပတ်သက်ပြီးတော့ မလုပ်ချင်တော့တဲ့အတွက်ကြောင့်မို့လို့ ရုံး၊ ဌာနဆိုင်ရာကိစ္စတွေ မလုပ်ချင်တော့တဲ့အတွက်ကြောင့်မို့လို့ CDM လုပ်တာ။ ဒီလို CDM လုပ်သွားတာက ဝန်ထမ်းတယောက်ရဲ့ ရွေးချယ်မှု၊ ဒါကို လက်ခံပေးသင့်တယ်။ အဲဒါကိုမှာ ၅၀၅ နဲ့ စွဲတယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စ၊ ပြန်တောင်းပန်တယ်ဆိုတာကတော့ တောင်းပန်စရာလည်းမလိုဘူး၊ အစကတည်းက မစွဲသင့်တဲ့ကိစ္စမို့လို့ ပြန်လည်းတောင်းပန်စရာမလိုဘူး။ ရှိပြီးသား အခုဆိုလိုရှိရင်လည်း ၅၀၅ နဲ့ စွဲခံထားရတဲ့ ထောင်ထဲမှာရှိတဲ့ ဝန်ထမ်းလည်းရှိတယ်။ ဒါပေမဲ့ အခုသူတို့ပြောသလို တောင်းပန်မှ ပြန်လွတ်မယ်ဆိုပြီး ပြောနေတာလည်းရှိတယ်။ ဒါပေမဲ့ အဲဒီဝန်ထမ်းနဲ့ပတ်သက်ပြီးတော့လည်း လွတ်တယ်ဆိုတဲ့ သတင်းလည်းမကြားမိသေးဘူး။ CDM လုပ်တာက ဝန်ထမ်းတယောက်ရဲ့ လွတ်လပ်ခွင့်၊ ပြည်သူတယောက်ရဲ့ လွတ်လပ်ခွင့်လို့ပဲ ပြောရမယ်။ ပြည်သူ့ဝန်ထမ်းတယောက်ရဲ့ လွတ်လပ်ခွင့်၊ ဒီအစိုးရဌာနမှာ သူလုပ်ချင်လုပ်မယ်၊ မလုပ်ချင်မလုပ်ဘူးဆိုတာကလည်း ဒီအစိုးရဌာနမှာ သူလုပ်ချင်လို့လည်း သူဝင်လာတယ်၊ မလုပ်ချင်လို့လည်း ထွက်ပိုင်ခွင့်ရှိတယ်။ ဒါကိုပဲ ကြည်ကြည်ဖြူဖြူပဲ လက်ခံပေးသင့်တယ်။”

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က အခုနောက်ဆုံးထုတ်ပြန်ချက်အရတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်း ချိန်ကစပြီး နိုင်ငံတဝန်း ဖမ်းဆီးခံရသူ၇,၂၀၆ ဦးရှိပြီး အဲဒီထဲမှာ ဆက်ပြီးတော့ ဖမ်းဆီးခံရသူ ၅,၆၀၀ ကျော်ရှိနေသေး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


=======

Unicode










#MyanmarMilitaryCoup #MyanmarProtest #VOABurmese

XS
SM
MD
LG