သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးအချက်အခြာကျတဲ့ မအီမြို့တံတားတချို့ ဖျက်ဆီးခံရ


စစ်ကောင်စီတပ်ဖွဲ့တွေ ဖျက်ဆီးလိုက်တဲ့ အမ်းမြို့နဲ့ တောင်ကုတ်မြို့ကြားရှိ မအီမြို့က တံတား (Photo crd CJ)
စစ်ကောင်စီတပ်ဖွဲ့တွေ ဖျက်ဆီးလိုက်တဲ့ အမ်းမြို့နဲ့ တောင်ကုတ်မြို့ကြားရှိ မအီမြို့က တံတား (Photo crd CJ)

စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်ရေးအရအရေးပါတဲ့ မအီမြို့က တံတား ၂ စင်းကို စစ်တပ်က ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမ်းမြို့နဲ့ တောင်ကုတ်မြို့ကြားမှာ တည်ရှိသလို၊ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့တွေရဲ့ အရှေ့အလယ်ပိုင်းမှာ တည်ရှိတာမို့ AA တပ်တွေ မလာနိုင်အောင် လမ်းကြောင်းဖြတ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီနေ့မှာလည်း ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့အကြောင်း မစုမြတ်မွန်က တင်ပြပါမယ်။

ရက္ခိုင့်တပ်တော် AA ပါဝင်တဲ့ တိုင်းရင်းသား ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ကတည်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ပေါက်တောမြို့နယ်တွေကို AA က သိမ်းယူ ထိန်းချုပ်နိုင်ခဲ့သလို လက်နက်ခဲယမ်း အမြောက်အများလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ရေတပ်သင်္ဘော စုစုပေါင်း ၅ စီးကိုလည်း AA က တိုက်ခိုက်ဖျက်စီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုလို ရခိုင်မြောက်ပိုင်းမှာ စစ်ရေးအရ မြို့နယ်တွေကို လက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ ရခိုင်တောင်ပိုင်းကို ထိန်းထားနိုင်ဖို့ စစ်ရေးအရ အင်အားတိုးချဲ့တာတွေ တပ်မိသား စုဝင်တွေကို ရွှေ့ပြောင်းတာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ပို့ဆောင်နေတာတွေ လုပ်နေပါတယ်။ အမ်းမြို့နဲ့ တောင်ကုတ်မြို့ကြားမှာ တည်ရှိပြီး စစ်ရေးအရ အရေးပါနေတဲ့ ရခိုင်တောင်ပိုင်း မအီမြို့နယ်ထဲက စစ်တပ်တွေ တပ်စွဲနေပါတယ်။ ဒါကြောင့် အဲဒီဘက်ကို AA ရခိုင်တပ်တွေ ရောက်မလာနိုင်အောင် မအီမြို့က တံတား ၂ စင်းကို စစ်တပ်ဘက်က သောကြာနေ့က မိုင်းဆွဲဖျက်ဆီးခဲ့တယ်လို့ တံတားအနီးနေထိုင်တဲ့ မအီဒေသခံတွေက ပြောပါတယ်။

“ပထမတံတားကတော့ မအီမြို့အလယ်က တံတားပေါ့၊ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်ကြားက တံတားပေါ့။ လမ်းမကြီးပေါ်က တံတားပေါ့။ နောက်ပြီးတော့ဒီ ကျောက်ကြီးပေါက် မအီက ထွက်သွားရင် ၁ဝ မိုင် ပတ်ဝန်းကျင်လောက်က တံတားကို ဖောက်သွားတာ သူတို့က၊ တံတားနှစ်စင်း ဖောက်ခွဲခံရတယ်”

အမ်းမြို့နဲ့ တောင်ကုတ်မြို့ကြားမှာ တည်ရှိသလို၊ ကျောက်ဖြူနဲ့ ရမ်းဗြဲမြို့တွေရဲ့ အရှေ့အလယ်ပိုင်းမှာတည်ရှိတဲ့ မအီမြို့နားက ဇီးဇံတောင်မှာ စစ်ကောင်စီဗျူဟာကုန်းကို အခိုင်အမာ တည်ဆောက်ထားတယ်လို့ အဲဒီဘက်မှာနေသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တပ်မိသားစုဝင်တွေကို ရဟတ်ယာဉ်တွေနဲ့ ပြန်ပို့တာရှိသလို အင်အားအသစ် ထပ်ဖြည့်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။ ဒါကြောင့် အဲဒီဘက်ကို ရခိုက် AA တပ်တွေ ရောက်မလာနိုင်အောင် အဆက်ဖြတ်ပုံရတယ်လို့ မအီဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်တယောက်က သုံးသပ်ပါတယ်။

“အခုစစ်ကောင်စီက ဗျူဟာတည်ထားတဲ့ ဇီးဇံတောင်ကဆိုရင်လည်း ရမ်းဗြဲကိုရော တောင်ကုတ်နယ်တွေကိုရော လက်လှမ်းမီတဲ့နေရာလို့ ပြောလို့ရတယ်၊ မအီကလည်း တောင်ကုန်၊ ရမ်းဗြဲ၊ အမ်း၊ ကျောက်ဖြူ ၄ မြို့နယ်ရဲ့ အလယ်ဆုံမှတ်မှာ ရှိတာ၊ ဒီဗျူဟာကို ထိန်းထားနိုင်သေးရင် သူတို့အဲဒေသမှာ တော်တော်နေလို့ ရနိုင်သေးတယ်၊ ပြီးတော့ ဒီတံတားကို ချိုးလိုက်တာကလည်း ကျနော်မြင်သလောက် AAက လာတိုက်မှာကို စိုးရိမ်ပြီးတော့ တံတားတွေကို ဖျက်လိုက်ပုံရတယ်”

ရခိုင်မြောက်ပိုင်းမှာ စစ်ရေးအရ အတော်လေးအနိုင်ရနေပုံရတဲ့ AA အဖွဲ့အနေနဲ့ တောင်ပိုင်းမြို့နယ်တွေကို တိုက်ခိုက်မယ်ဆိုရင် စစ်ရေးအရ အဓိကကျတဲ့ မအီမြို့ကို မရရအောင် တိုက်ခိုက်သိမ်းယူရမယ့် အနေအထားရှိတယ်လို့လည်း ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။ မအီမြို့နယ်ထဲက ထောင်နဲ့ချီတဲ့ ဒေသခံတွေကတော့ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်ကို ပြီးခဲ့တဲ့ လကတည်းက AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတာကြောင့် ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်တယ်။

ဒါ့အပြင် ကျောက်ဖြူမြို့နယ်က ကုလဘာကျေးရွာအနီးမှာလည်း ဒီရက်ပိုင်းအတွင်း စစ်ကောင် စီနဲ့ AA တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်နေတာကြောင့် ကုလဘာကျေးရွာနဲ့ အနီးအနား ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးရတယ်လို့ ကုလဘာ ကျေးရွာဒေသခံတဦးကပြောပါတယ်။

“ဒီနေ့က၂ နာရီလောက်မှာ စပစ်တယ်။ ၆ ကြိမ်လောက်ရှိပြီ။ အခုအင်တာဗျူးနေတုန်းလည်း ဆက်ပစ်နေတယ်။ ဒီမှာ အကုန်လုံးကလည်း တုန်လှုပ်နေကြတယ်၊ ထိတ်လန့်နေကြတယ်။ ပြေးတဲ့သူကပြေး ဘယ်လိုမှ လွတ်လွတ်လပ်လပ်မရှိဘူး။ အခုလည်း ဗုံးခိုကျင်းထဲမှာ စား ဗုံးခိုကျင်းထဲမှာနေ အိပ်တယ်ဆိုတာလည်း အဲဒီမှာပဲ။ ကျနော်တို့ရွာမှာ လူတောင်မှ ၈ဝ ရာခိုင်နှုန်းလောက်က မရှိတော့ဘူး။ ကျနော်တို့ပဲ နည်းနည်းကျန်တာ။”

မောင်တော၊ ရသေ့တောင်အပါအဝင် တချို့မြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA ကြား တိုက်ပွဲတွေ ဒီကနေ့ ပြင်းထန်နေပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာလည်း စစ်ကောင်စီတပ်အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို ရွှေ့ပြောင်းတာတွေ ရှိနေသလို စစ်တွေဒေသခံအများစုဟာလည်း မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို ရွေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ AA ဘက်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတခုမကျန် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

XS
SM
MD
LG