သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေ ဆက်ဖြစ်နေမှု တိုင်းရင်းသားခေါင်းဆောင်တွေ စိုးရိမ်


ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးစောဆန်းအောင် ကော့ကရိတ်မြို့နယ်အတွင်းက တိုက်ပွဲသတင်းအခြေအနေကို ဖုန်းနဲ့နားထောင်နေစဉ်။ (ဇန်နဝါရီ ၁၉၊ ၂၀၁၅)
ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးစောဆန်းအောင် ကော့ကရိတ်မြို့နယ်အတွင်းက တိုက်ပွဲသတင်းအခြေအနေကို ဖုန်းနဲ့နားထောင်နေစဉ်။ (ဇန်နဝါရီ ၁၉၊ ၂၀၁၅)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ မြန်မာအစိုးရတပ်တွေက အာရှလမ်းသစ်နဲ့ ၁၀ မိုင်အကွာလောက်မှာရှိတဲ့ ဒီကေဘီအေရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။ ဒီကေဘီအေအပါအဝင် တိုင်းရင်းသားနယ်မြေတချို့မှာ အခုလို ထိုးစစ်ဆင်နေတာတွေဟာ တနိုင်ငံလုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးမှာ ထိခိုက်နိုင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စုစည်းထားတဲ့အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်ကစပြီး မြန်မာ့တပ်မတော်က အာရှလမ်းသစ်ဖွင့်နိုင်ရေး အကောက်ခွန်ဂိတ်တွေကို ဖယ်ရှားရင်း နယ်မြေရှင်းတယ်ဆိုပြီး ဒီကေဘီအေ နဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ ပြီးခဲ့တဲ့ရက်ကတော့ နယ်မြေရှင်းလင်းနိုင်ခဲ့ပြီလို့ တပ်မတော်ဘက်ကဆိုပါတယ်။ ဒါပေမယ့် မြန်မာအစိုးရတပ်တွေဟာ ဒီကေဘီအေ ထိန်းချုပ်ရာနေရာတွေကို ဒီကနေ့အထိ ဆက်တိုက် လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်နေတယ်လို့ ဒီကေဘီအေ၊ ကလိုထူးဘော အခြေချ ဗျူဟာက ဗိုလ်မှူး စောဆန်းအောင်က ဆိုပါတယ်။

“အခြေအနေက နေ့တိုင်းကိုဖြစ်နေတယ်။ အခု မနက် ၅ နာရီခွဲကနေပြီးတော့ ကျနော်တို့ရှိတဲ့တောင်ကုန်းကို ၁၂၀ နဲ့လှမ်းပစ်နေတယ်။ အလုံး ၃၀ လောက် ရှိနေပြီပေါ့။ မနက် ၅ နာရီခွဲက အလုံး ၂၀ လောက်ရှိပြီ။ ကျနော်တို့လူကြီးတွေက ကျနော်တို့ကို ကြေးနန်းရိုက်တယ်၊ လမ်းမကြီးကနေ ခွာပေးလိုက်- အထက် လူကြီးတွေပေါ့လေ၊ ကေအန်ယူရဲ့ခေါင်းဆောင်တွေ ကျနော်တို့ အထက်လူကြီးတွေနဲ့ညှိတယ်လို့ ပြောတာပေ့ါလေ။ ကျနော်တို့ကို ခွာခိုင်းတယ်။ လုံး၀ သေနတ်တောင်မဖောက်ရဘူးလို့ ပြောတယ်။ လုံးဝလှုပ်ရှားမှုမရှိဘူး။ ဒါပေမယ့် အခု ကျနော်တို့နေတဲ့တောင်ကြောတွေကို လိုက်ပစ်နေတယ်။ အရင်တုန်းကတော့ လမ်းကို ရှင်းတယ်လို့ပြောတယ်။ အခု ဒါ လမ်းနဲ့မဆိုင်တော့ဘူး။ အခု ပစ်ခတ်မှုကတော့ လမ်းနဲ့မဆိုင်ဘူး။”

ဒီကေဘီအေအပါအဝင် တိုင်းရင်းသားနယ်မြေတွေမှာ မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်မူတွေရှိနေတဲ့အတွက် တနိုင်ငံလုံး အပစ် ရပ်စဲရေး လက်မှတ်ရေးထိုးရေးကို ထိခိုက်နိုင်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။

“အရမ်းလည်း စိုးရိမ်နေတယ်။ ဘာကြောင့်လဲဆိုတော့ တဖြည်းဖြည်းနဲ့ပြင်းထန်လာရင်ပေါ့ဗျာ - အန်ကယ်လ်တို့ဆွေးနွေးနေတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေနိုင်တယ်လို့ အန်ကယ်လ်မြင်တယ်လေ။ ယုံကြည်မှုတွေ လျော့ကျနိုင်တယ်၊ ပိုပြီးတော့မှ ခိုင်မာအောင်သာ ဆွေးနွေးရမယ်ဆိုတော့ အဲဒါတော့ စိုးရိမ်တယ်။ အန်ကယ်လည်း မြင်တယ်လေ။ အဲဒီအလားအလာကတော့ မကောင်းဘူး။ ပလောင်နယ်မြေမှာဖြစ်တယ်။ အခု ဒီကေဘီအေမှာဖြစ်တယ်။ ဒါတွေက ပိုပြင်းထန်တာပေါ့လေ။ ဒိထက်နည်းနည်းလျော့တာကတော့ ကချင်ပြည်နယ်မှာဖြစ်တယ်။ ကိုးကန့်နယ်မှာလည်း ရပ်သွားတယ်ဆိုတဲ့အနေအထားအထိ မရောက်သေးဘူး။ မကြာမကြာ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပြီးတော့ ပစ်နေတာတော့ ရှိတယ်။”

ပစ်ခတ်မှုတွေကြောင့် ကားလမ်းအဟောင်းပိတ်ထားရတယ်လို့ သတင်းတွေထွက်နေပေမယ့် ကော့ကရိတ်မြို့နယ်ရပ်တပ်ဖွဲ့မှူးရုံးကတော့ ကားလမ်းတွေ ပိတ်မထားကြောင်း ပြောပါတယ်။ ကော့ကရိတ်မြို့ခံတဦးကတော့ လက်နက်ကြီးသံတွေ မနက်ကတည်းက ကြားနေရတယ်လို့ ပြောပါတယ်။

“ဒီမနက် ၅ နာရီခွဲကတည်းက စပစ်နေတာ။ ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်မှ တိတ်သွားတာ။”

ဒီကေဘီအေတွေ ရှိနိုင်တယ်လို့ ယူဆရတဲ့ အောက်ဘိုတဲဆိုတဲ့နေရာကိုတော့ လက်နက်ကြီးနဲ့ပစ်နေတာတွေရှိကြောင်း မြဝတီမြို့က ပြည်သူတဦးကလည်း ဆိုပါတယ်။

“…အောက်ဘိုတဲမှာတော့ လူတွေတော့ မရှိဘူး။ အကုန်လုံးဖယ်ကြဆိုပြီး ဖယ်ထားခိုင်းတယ်။ အဲဒီမှာ ဒီကေဘီအေအဖွဲ့တွေ တော်တော်များများရှိတယ်။ မိသားစုတွေလည်း ရှိကြတယ်။ မနက်က အလုံး ၃၀ ကျတဲ့အခါကျတော့ ခနပိတ်ထားလိုက်တာ စစ်တပ်ကနေပြီး..”

တပ်မတော်ဘက်က ဇူလိုင်လ ၁၁ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ မြဝတီသင်္ကန်းညီနောင် အာရှလမ်းမသစ်နဲ့ လမ်းဟောင်းကို နယ်မြေရှင်းလင်း ထိန်းချုပ်ပြီး ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ လမ်းဟောင်းမှာ တိုက်ပွဲဖြစ်တာ ၁၉ ကြိမ်နဲ့ အာရှလမ်းသစ်မှာ အကြိမ် ၂၀ ဖြစ်ခဲ့ပြီး တပ်မတော်ဘက်ကကော ကရင်လက်နက်ကိုင်တွေဘက်ကပါ နှစ်ဘက် ထိခိုက်မှုတွေရှိကြောင်း ရေးထားပါတယ်။ ကရင်လက်နက်ကိုင် ၃ ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆုတ်ခွာသွားတဲ့ ကရင်လက်နက်ကိုင်တပ်တွေကိုလည်း ဆက်လက် ရှင်းလင်းတိုက်ခိုက်နေတယ်လို့ ရေးသားထားပါတယ်ရှင်။

XS
SM
MD
LG