သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြီးအကဲ Time မဂ္ဂဇင်းရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး စာရင်းဝင်


Myanmar Armed Forces Day
Myanmar Armed Forces Day

ကမ္ဘာကျာ် Time မဂ္ဂဇင်းကြီးရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာပေါ်က သြဇာလွှမ်းမိုးမှုအရှိဆုံးနဲ့ အကျော်ကြားဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ထည့်သွင်းထားပါတယ်။ ဦးဆောင်မှုကဏ္ဍ ကျော်ကြားသူတွေစာရင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နာမည်ဆိုးနဲ့ ကျော်ကြားသူ အာဏာရှင်ခေါင်းဆောင်အဖြစ် ဖော်ပြထားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို အပယ်ခံဘဝ ပြန်ရောက်အောင် လုပ်ခဲ့သူဖြစ်ပြီး ကမ္ဘာမှာ ဒုတိယအဆိုးဆုံး အာဏာရှင်နိုင်ငံဖြစ်အောင် လုပ်ခဲ့သူဖြစ်တယ်လို့ သူ့ကို ရွေးချယ်ခဲ့သူ Time မဂ္ဂဇင်းရဲ့ အရှေ့အာရှ သတင်းထောက် Charlie Campbell က ပြောထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ အခြေအနေကို လေ့လာသုံးသပ်စာရင်းပြုစုတဲ့ Economist Intelligence Unit ရဲ့ ၂၀၂၂ ခုနှစ် ဒီမိုကရေစီ အညွန်းကိန်းထဲမှာလည်း တာလီဘန်တွေပြီးရင်း မြန်မာစစ်ကောင်စီဟာ အဆိုးဆုံး အာဏာရှင်ဖြစ်တယ်လို့ ဖော်ပြခဲ့တာကို သူက ကိုးကားခဲ့တာ ဖြစ်ပါတယ်။

Time မဂ္ဂဇင်းကြီးရဲ့ ၂၀၂၃ ခုနှစ်အတွက် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းရဲ့ ခေါင်းဆောင်ကဏ္ဍ ထိပ်ဆုံးမှာတော့ ယူကရိန်းသမ္မတကတော် Olena Zelenska ကို ရွေးချယ်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ညွှန်းတွေကို ရေးသားသူ ကလေး ၂ ဦး မိခင်ကနေ ယူကရိန်းစစ်ပွဲမှာ ကိုယ်ကျိုးစွန့်၊ တိုင်းပြည်အတွက် ရဲရင့်တဲ့စစ်သည်တဦးအနေနဲ့ မားမားမတ်မတ်ရပ်တည်နေတဲ့အတွက် Olena Zelenska ဟာ သြဇာအရှိဆုံး ခေါင်းဆောင်ဖြစ်တယ်လို့ သူ့ကို ရွေးချယ်ခဲ့သူ အမေရိကန်သမ္မတကတော် Jill Biden ကပြောပါတယ်။

Time မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်တဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းမှာ အနုပညာရှင်တွေ၊ ဖန်တီးတီထွင်သူတွေ၊ ဦးဆောင်စွန့်စားသူတွေ၊ အမွှန်းတင်ဂုဏ်ပြုထိုက်သူတွေနဲ့ စွမ်းရည်ထက်မြက်သူတွေကိုလည်း ကဏ္ဍအလိုက် ရွေးချယ်ထားပါတယ်။ ၂၀၂၃ ခုနှစ်အတွက် သြဇာအရှိဆုံး ခေါင်းဆောင်များစာရင်းမှာ အမေရိကန်သမ္မတ Joe Biden၊ သြစတြေးလျဝန်ကြီးချုပ် Anthony Albanese၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့ သူတို့တိုင်းပြည်အတွက် ကောင်းကျိုးဆောင်ရွက်ခဲ့သူတွေ အဖြစ် ရွေးချယ်ထည့်သွင်း ထားပါတယ်။

ဒီလိုစာရင်းထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားသူအဖြစ် ထည့်သွင်းခံရတာပါ။ အဆိုးဘက်က ဖော်ပြတယ်ဆိုပေမဲ့လည်း အခုလို စစ်ကောင်စီအကြီးအကဲကို Time မဂ္ဂဇင်းကြီးရဲ့ စာရင်းထဲမှာ ဖော်ပြတဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသူ တချို့ကတော့ ကန့်ကွက်ကြောင်း Time မဂ္ဂဇင်းကို အသိပေးခဲ့တယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။
Time မဂ္ဂဇင်းကြီးရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး ခေါင်းဆောင် အယောက် ၁၀၀ စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တကြိမ်မက ဖော်ပြခံခဲ့ရဖူးပါတယ်။ ၂၀၀၈ ခုနှစ်၊ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ဖော်ပြခံခဲ့ရဖူးပြီး၊ ၂၀၁၆ ခုနှစ်ကသူ့ကို ရွေးချယ်ခဲ့တဲ့ အမေရိကန်သမ္မတဟောင်း Barack Obama က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအတွက် မျှော်လင့်ချက်မီးအိမ်ဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ကလည်း Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့အထင်ကရ အမျိုးသမီးအယောက် ၁၀၀ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းဖော်ပြခဲ့ရဖူးပါတယ်။

==== Unicode =====






XS
SM
MD
LG