သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

လွှတ်တော်တွင်း တပ်ကိုယ်စားလှယ်လျှော့ချရေး ပူးတွဲကော်မတီ ဆွေးနွေး


လွှတ်တော်တွေမှာ တပ်မတော်ကိုယ်စားလှယ် ပါဝင်မှုရာခိုင်နှုန်းလျော့ချရေးအပေါ် ပြည်ထောင်စု လွှတ်တော်က ဖွဲ့ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ဆွေးနွေးခဲ့ကြပါတယ်။ လွှတ်တော်သက်တမ်းအလိုက် တပ်မတော်သား ကိုယ်စားလှယ်ပါဝင်မှုကို လျှော့ချဖို့ အာဏာရ NLD ပါတီဖက်က ဆွေးနွေးခဲ့ပေမယ့်၊ တကယ်တမ်း လက်တွေ့ဖြစ်လာဖို့ဆိုရင် အရပ်ဖက် စစ်ဖက် ခေါင်းဆောင်ပိုင်းအနေနဲ့ ကြိုတင်ညှိနိုင်းမှ ဖြစ်နိုင်မယ်လို့ နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့်သတင်းပေးပို့ထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေနဲ့ ဒီကနေ့ အခန်း ၄ ဥပဒေပြုရေးအပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဖွဲ့စည်းခြင်း စတဲ့ ပုဒ်မတွေကိုတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးရာမှာတော့ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဘက်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လျော့ချရေးနဲ့ ပတ်သက်တာတွေလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ ဆွေးနွေးတာနဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီက ကော်မတီဝင် ဦးအောင်ကျော်ဇံ က

"ကျွန်တော်က လျော့ချတာ မဟုတ်ဘူး လုံးဝအပြတ် သူများအကြောင်းကိုပြောရရင်တော့ NLD ကလျော့ချမယ်။ NLD က ရာခိုင်နှုန်းအတိုင်း လျော့ချမယ်။ သူများအကြောင်းပြောလို့ မကောင်းဘူး ဒီလောက်ပဲပြောပါမယ်။ ရာခိုင်နှုန်းအတိုင်း ၃ ကြိမ် လျော့ချမယ်။ ၃ ကြိမ်ဆိုတာ အခု ဒုတိယအကြိမ်ပေါ့။ တတိယအကြိမ်မှာ လျော့မယ်။ စတုတ္ထ အကြိမ်မှာလျော့မယ်။ ပဉ္စမအကြိမ် ၅ နှစ် ၅ နှစ်တာ ၃ ခါလျော့မယ်။ အဲ့ဒါဆို တတိယအကြိမ်မှာဆို Zero ပေါ့ဗျာ။ လျော့ပြီးသွားမှာပေါ့။"

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လျော့ချတာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဘက်ကတော့ တိတိကျကျ ထုတ်ဖော်မပြောပါဘူး။ ဒီကနေ့ ဆွေးနွေးတာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်က

"တချို့ပြင်တာတွေရှိတယ်။ တချို့မပြင်တာတွေလည်းရှိတယ်။ ပြင်တာတွေကို တယောက်နဲ့ တယောက် မတူတာတွေလည်းရှိတယ်။ အဲ့တော့ အသေးစိတ်ကိုတော့ မမှတ်ထားလိုက်ဘူး။ မမှတ်ထားလိုက်ဘူးဆိုတာက မှတ်ထားလောက်အောင်လည်း ခေါင်းထဲမှာမရှိဘူး။ တချို့ကလည်း ပြင်တာတွေလည်းရှိတယ်။ ပြင်တာတွေ တောင်မှ ပြင်တဲ့ Idea ခြင်း မတူတာရှိတယ်။ အဲ့လို လေးတွေတော့ ရှိကြတယ်။"

ဒီလိုလျော့ချတာနဲ့ပတ်သက်လို့ တပ်မတော်သား ကော်မတီဝင်တွေက သဘောထား မှတ်ချက် မပေးခဲ့ပါဘူး။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် လျော့ချရေးဆွေးနွေးတာနဲ့ပတ်သက်လို့ လက်ရှိအာဏာရ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ နိုင်ငံရေး သဘောတူညီချက် ရယူသင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကပြောပါတယ်။

"ရာခိုင်နှုန်းတဖြေးဖြေးလျော့ချပြီး ထွက်ခွာသွားဖို့ ဖော်ဆောင်တာပဲဖြစ်ဖြစ် အဲ့ဒီနေရာမှာ အရေးကြီးတာကတော့ ဒီနိုင်ငံရေးခေါင်းဆောင်တွေပေါ့လေ။ အာဏာရ ပါတီခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေကြားမှာ ညှိနှိုင်းဆွေးနွေးမှုက အရေးကြီးတယ်လို့ မြင်တယ်။ အဲ့ဒီလို အရပ်ဖက်ခေါင်းဆောင် တွေနဲ့ စစ်ဖက် ခေါင်းဆောင်တွေကြား ညှိနှိုင်းဆွေးနွေးမှုကနေပြီးတော့ ရလာတဲ့ သဘောတူညီချက် တွေကို အခြေခံပြီးတော့မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ရာခိုင်နှုန်း လျော့ချရေးပဲဖြစ်ဖြစ် ဒါမှမဟုတ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲကနေ အပြီးတိုင် တဆင့်ခြင်း ထွက်ခွာသွားဖို့ကို ဖော်ဆောင်တာပဲဖြစ်ဖြစ် လုပ်သင့်တယ်လို့မြင်တယ်။ အဲ့ဒီလိုမဟုတ်ဘဲ နဲ့ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးမှု မရှိဘဲနဲ့ နိုင်ငံရေးအရ သဘောတူညီချက်မရှိဘဲ လုပ်မယ်ဆိုရင် ဒါဟာ သင်္ကြန်အမြှောက်ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်။"

ဒီကနေ့ပူးပေါင်းကော်မတီ အစည်းအဝေးမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၄ ပုဒ်မ ၇၄ ကနေ ၁၄၇ အထိ ဆွေးနွေးဖြစ်ခဲ့ပါတယ်။၄၅ ဦးပါတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ ဆွေးနွေးချက်ရလဒ်တွေကို ဒီနှစ် ဇူလိုင်လ ၂၇ ရက်နေ့ မတိုင်မှ ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံတင်ပြရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG