သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ် ထိခိုက်သေဆုံးမှုဆိုင်ရာ ကုလအစီရင်ခံစာ စစ်ကောင်စီတုံ့ပြန် 


မြန်မာစစ်ဘေးရှောင် ကလေးငယ်များ - IDP Children။ ဓါတ်ပုံ - မိုင်ညီဝင်းမောင်
မြန်မာစစ်ဘေးရှောင် ကလေးငယ်များ - IDP Children။ ဓါတ်ပုံ - မိုင်ညီဝင်းမောင်

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ အခြေအမြစ်မရှိ လိုရာဆွဲ ရေးသားထားတာ ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီက တုံ့ပြန် စွပ်စွဲလိုက်ပါတယ်။ မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ကလေးသူငယ်တွေကို ထိခိုက်စေတဲ့ စာသင်ကျောင်းနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေဟာ အရင်နှစ်တွေ ကထက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ၂ ဆကျော်တိုးလာခဲ့ပြီး မြန်မာနိုင်ငံတွင်း တိုက်ခိုက်မှုတွေမှာတော့ စစ်ကောင်စီကို အဓိက တရားခံအဖြစ် ဖော်ပြထားတာပါ။ ဒီအကြောင်း ရန်ကုန်ကနေ ပေးပို့ထားတဲ့ သတင်းကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ၂၀၂၂ ခုနှစ် အတွက် ကလေးသူငယ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးပြု ထည့်သွင်း ဖော်ပြချက်တွေ ပါဝင်ပြီး၊ တဖက်သက် တဆင့်စကားတွေနဲ့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံထားတာကို စိတ်ပျက်ဖွယ် တွေ့ရှိရတယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန် ထုတ်ပြန်လိုက်တာပါ။ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီဖွဲ့စည်းပြီး သေကျေထိခိုက် ဒဏ်ရာရတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန် ခံရတာတွေကို တိုင်ကြားနိုင်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့အကြောင်းလည်း ပြောပါတယ်။ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ခုလို ကော်မတီဖွဲ့ စီစဉ်ဆောင်ရွက်နေတယ် စစ်ကောင်စီဘက်က ပြောပေမဲ့ လက်တွေ့မှာ ဘာတခုမှ လုပ်ဆောင်နေတာ မတွေ့ရဘူးလို့ ကလေးသူငယ်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဝေဖန်မှုကို တုံ့ပြန်ဖို့သာ ကော်မတီဖွဲ့ထားတာပဲ ရှိတယ်။ လက်တွေ့မြေပြင်မှာ လုပ်တာမရှိဘူး။ ဘာမှတော့ Action မရှိပါဘူး။ နောက်ပြီးတော့ သူတို့ ဒီလို ဆောင်ရွက်နေတာတွေက ထိရောက်မှုလည်း မရှိပါဘူး။"

လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံကို တင်သွင်းတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ပဋိပက္ခတွေအတွင်း ကလေးငယ်တွေကို သတ်ဖြတ်တာ၊ ခြေလက်အင်္ဂါ ဆုံးရှုံးရတဲ့ အခြေအနေတွေအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေ အဖြစ် အတင်းအကျပ် ဝင်ခိုင်းတာတွေ၊ ကျောင်းနဲ့ ဆေးရုံတက်ခွင့်နဲ့ အကူအညီရပိုင်ခွင့် ပိတ်ပင်ခံရတာတွေ ထည့်သွင်းထားပါတယ်။

ကလေးငယ်တွေ ထိခိုက်သေဆုံးရတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေကို ထောက်ပြထားတဲ့ ကုလရဲ့အစီရင်ခံစာဟာ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ NUG နဲ့ PDF တို့ကြောင့် ကလေးသူငယ် သေဆုံး၊ ထိခိုက် ဒဏ်ရာရစေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကိုတော့ ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ စစ်ကောင်စီက တုံ့ပြန် ပါတယ်။ NUG နဲ့ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၉၇ ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ၂၇၅ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။ ကလေးငယ်တွေ အပါအဝင် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေကြားမှာ အပြန်အလှန် အပြစ်ဖို့ ပြောဆိုတာတွေ ရှိနေတာပါ။

မြန်မာစစ်တပ် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၂
မြန်မာစစ်တပ် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၂

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာ သိမ်းလိုက်ကတည်းက လက်နက်ကိုင် ပဋိ့ပက္ခတွေကြား ဒုက္ခရောက်သူကြသူတွေ အထဲမှာ အထိခိုက် အလွယ်ဆုံး ဖြစ်တဲ့ ကလေးသူငယ်တွေက ပိုပြီးခံစားရတယ်လို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။ ကျူးလွန်သူက ဘယ်သူလဲဆိုတာကိုလည်း ထုတ်ဖော်ပြောစရာမလိုဘဲ အများက သိကြတယ်လို့လည်း သူက ပြောပါတယ်။

"ကျနော်တို့ဘက်မှာဆိုရင် စာသင်ကျောင်းတွေကို လေယာဉ်တွေနဲ့ပစ်တယ်။ စစ်ကောင်စီကပဲ လုပ်နေတာလေ။ အဲ့လို ပစ်လို့သာ ကလေးတွေ ပြေးရလွှားရတယ်။ ဒီအာဏာသိမ်းပြီးနောက်မှာ ကျောင်းမနေရဘူး။ ပြေးလွှားနေရတယ်။ စိတ်ဒဏ်ရာတွေရတယ်။ လေယာဉ်နဲ့ပစ်ခံရလို့ တချို့ကလေးတွေ ဆိုရင် လက်နက်ငယ်တွေ ထိမှန်တာရှိတယ်။ လက်နက်ကြီးထိမှန်လို့ သေဆုံးတဲ့ သူတွေလည်း ရှိတယ်ပေါ့ဗျာ။ စစ်တပ်ကပြောသလို PDF တွေကလုပ်တယ်။ NUG ကလုပ်တယ်ဆိုတာ ဒါကတကယ်တော့ ပုံမှားရိုက်တဲ့အခါမှာ သူတို့လိုရာကို ဆွဲပြီးတော့လုပ်နေတာ။ ကျနော်တို့ မြေပြင်မှာနေ နေတဲ့သူတွေက အမှန်ပြောရင် ဘယ်သူလုပ်တာလဲဆိုတာ ကိုယ်တိုင်ခံစားရလို့ ကျနော်တို့သိတယ်။ အကြမ်းဖက်မှုမျိုးစုံကို လုပ်နေတာ၊ ကျူးလွန်တာ ဘယ်သူလဲ - စစ်တပ်ကပဲ ကျူးလွန်နေတာ။"

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြင်းထန်လာသလို၊ စစ်ဘေး သင့်ဒေသတွေမှာ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ အများအပြား တိုက်ခိုက်ခံခဲ့ရပြီး ကလေးငယ် ထိခိုက် သေဆုံးမှုတွေ သိသိသာသာ ပိုများလာခဲ့ပါတယ်။ ဒီနှစ် ဧပြီလက စစ်ကောင် စီတပ်ဖွဲ့တွေ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အတွင်းမှာတင် လူ ရာနဲ့ချီသေဆုံးခဲ့တဲ့ အထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် အယောက် ၄၀ နီးပါး ပါဝင်ခဲ့ပါတယ်။

XS
SM
MD
LG