သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဝင်းမြတ်အေး Cox's Bazar ဒုက္ခသည်စခန်းကို ဧပြီလ ၁၁ ရက်နေ့သွားမည်


Dr. Surakiart Sathirathai ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးအဖွဲ့ နဲ့ဒေါက်တာဝင်းမြတ်အေး တွေ့ဆုံစဉ် (ဓါတ်ပုံ- Prof Win Myat Aye ဖေ့စ်ဘုတ်ခ်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးလည်းဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီကို ဦးဆောင်နေသူ လည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ်အေးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို ဧပြီလ ၁၁ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပြီး Cox’s Bazar က ဒုက္ခသည် စခန်းတွေကို ဧပြီ ၁၂ ရက်နေ့မှာ သွားရောက်ကြည့်ရှုမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးရုံး သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး Dhaka Tribune မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံက အဆင့်မြင့်အရာရှိတွေထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပထမဆုံး သွားရောက်မှာ ဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က နောက်တသုတ်ပြန်ပို့မယ့်လူ တသောင်းလောက် စာရင်းကိုလည်း မကြာခင်မှာပဲ မြန်မာအာဏာပိုင်တွေထံ ပေးပို့မှာ ဖြစ်ကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ၂ နှစ်အတွင်း နေရပ်ပြန်ရေးအတွက် အစီအစဉ်သဘောတူညီချက်ကို ဇန်နဝါရီလမှာ ဘင်္ဂလားဒေ့ရှ် မြန်မာ ၂ နိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် သေသေချာချာ မစတင်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့ကို ရောက်ရှိနေစဉ်မှာ မြန်မာပြည်ကို ပြန်ပို့ဖို့အတွက် ဒုက္ခသည် အိမ်ထောင်စု ၁၆၇၃စု၊ လူဦးရေ ၈၀၃၂ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေး ၀န်ကြီးက ပေးအပ်ခဲ့ပါတယ်။ လောလောဆည်မှာ ဒီလ ၈၀၀၀ကျော် အနက်က ၈၀၀ကျော်ဟာ မြန်မာပြည်မှာ နေထိုင်ခဲ့သူတွေအဖြစ် အတည်ပြုပြီး ဖြစ်တာကြောင့် သူတို့ကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေကို မြန်မာအစိုးရရဲ့ အဆင့်မြင့် တာဝန်ရှိသူတဦးအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ကြည့်ရှုမယ့် အစီအစဉ်အပေါ် ကျေနပ်အားရကြောင်းနဲ့ ဒီခရီးစဉ်အတွင်း မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ အကြံပေးအဖွဲ့ ခေါင်းဆောင် Surakiart Sathirathai ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG