သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ အစီအစဉ် နှောင့်နှေးမှု မြန်မာဝန်ကြီး ရှင်းလင်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူးပလောင်ဒုက္ခသည်စခန်းအတွင်း ယာယီတဲခေါင် မိုးနေတဲ့ သားအဖနှစ်ဦး။

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေးကိစ္စမှာ မြန်မာအစိုးရထုတ်ပြန် ထားတဲ့ သတင်း အချက်အလက်တွေကို (ဒုက္ခသည်တွေက) အပြည့်အစုံမရတာကြောင့် ဒုက္ခသည်တွေ ပြန်လာမယ့်အစီအစဉ် နှောင့်နှေးနေရတယ်လို့ မြန်မာအစိုးရတာဝန်ရှိ ဝန်ကြီးက ပြောပေမယ့် ဒုက္ခသည်တွေကတော့ သူတို့ရဲ့လုံခြုံရေးအပါအဝင် တောင်းဆိုထားတဲ့ အချက်တွေကို မြန်မာအစိုးရက တရားဝင် လိုက်လျှောခြင်း မရှိသေးတာကြောင့် ခုချိန်ထိ မပြန်နိုင်သေးဘူးလို့ ပြောပါတယ်။ ဒီအကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး သွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ကိစ္စကို ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းကစပြီး မြန်မာအစိုးရက လုပ်ဆောင်နေပေမယ့် ဒုက္ခသည်တွေ ကတော့ သိသိသာသာ ပြန်လည်ဝင်ရောက်လာတာ မျိုးတော့ မရှိသေးပါဘူး။ ဒါကြောင့် ဒုက္ခသည်တွေ ပြန်လာရေးနဲ့ပတ်သက်လို့ လတ်တလော မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နဲ့ဆွေးနွေးချိန်မှာ အဲဒီိအကြောင်းတွေကို ရှင်းပြ ဆွေးနွေးခဲ့တယ်လို့ မြန်မာအစိုးရအဖွဲ့ဝင် လူမှုဖူလုံရေး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက VOA ကိုပြောပါတယ်။

“အခုဟိုဘက်မှာ ဒုက္ခရောက်နေတဲ့ လူတွေက သူတို့ဒီကို ဘယ်လိုပြန်လာရမလဲဆိုတဲ့ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ဆောင်ရွက်ရမယ် လုပ်ငန်းကို သိလည်းမသိဘူး၊ စမ်းလို့ကို မရဘူး။ ဘာလို့လဲဆိုတော့ သူတို့ကို ဘယ်သူကမှ Information လာမပေးဘူး။ အဲလိုမျိုး စဖို့လည်းဘာမှ လာမပြောဘူး ဆိုတဲ့အတွက်ကြောင့် သူတို့က ဘယ်လို လုပ် ပြီးတော့ ဘယ်သူ့အဆက်သွယ်နဲ့ ဘယ်လိုစရမလဲ ဆိုတဲ့ဟာမျိုးတွေ ဖြစ်နေတယ်။ ဘာ လို့ဆို ကျနော့်ကို မက်ဆေ့ခ်ျတွေ ပို့ကြတယ်။ အဲဒီလိုပဲ သဘောတူညီ လမ်းကြောင်း က မဟုတ်ဘဲ သူ့ဟာသူ ပြန်ဝင်လာသူတွေက အဲဒီအတိုင်းပဲ ပြောတယ်။ ဟိုမှာနေလို့ မရ ဘူး၊ မနေချင်တော့ဘူး ဒုက္ခတွေရောက်နေတယ် မုတ်သုံရာသီလည်း ရောက်နေပြီ ဆိုတဲ့ အတွက်ကြောင့် သူတို့ သိပ်ပြန်လာချင်တယ်၊ ဒါပေမယ့် ပြန်လာဖို့ ခက်နေတယ် ဆိုတဲ့ ဟာ- အဲဒါမျိုးနဲ့ ပတ်သက်လို့ ကျနော်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ပြောပြတဲ့ အခါကျတော့ သူက တိုက်တွန်းမယ်တဲ့။ အခုသွားမှာက ဘင်္ဂလားဒေ့ရှ်ဘက်ကို သူ ရောက်မှာတဲ့ … ရောက်ရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တိုက်တွန်းပါမယ်လို့ သူက ပြောသွားတယ်။ ”

ဒုက္ခသည်တွေ ပြန်လာရေးအစီအစဉ် နှောင့်နှေးနေတာနဲ့ ပတ်သက်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အဲဒီလိုပြောပေမယ့် ဒုက္ခသည်တွေအနေနဲ့ သတင်းအချက်လက် မရလို့ မပြန်ကြသေးတာ မဟုတ်ပဲ၊ နိုင်ငံသားဖြစ်ခွင့် လွတ်လပ်စွာ သွားလာခွင့်အပါအဝင် သူတို့ လိုလားတဲ့ တောင်းဆိုချက်တွေကို မြန်မာအစိုးရက အာမခံ အကောင်ထည် ဖေါ်ပေးမယ် ဆိုတဲ့ ကတိစကားတွေ ကြားရတဲ့အချိန်ကျမှသာ ရခိုင်ပြည်နယ်မှာ ပြန်လည်အခြေချဖို့ စဉ်းစား ထားကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘာလုခါလီ ဒုက္ခသည်စခန်းက ကိုအီစလမ်က ပြောပါတယ်။

“ကျနော်တို့ ပြန်ဖို့ကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ကမ်းလှမ်းတာရှိတယ်။ ဒါပေ မယ့် ကျနော်တို့ရဲ့ တောင်းဆိုချက်ကို အပြည့်အဝ မရမချင်း၊ မြန်မာ အစိုးရက လက်ခံတဲ့ အစီအစဉ် မရှိသေးတဲ့အတွက်ကြောင့် ကျနော်တို့ မပြန်သေးတာပါ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင်များ ဒီ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကျနော်တို့ ဒုက္ခသည်စခန်းကို ရောက်တဲ့ အချိန်မှာလည်း ကျနော်တို့ရဲ့ တောင်းဆိုချက်ကို တင်ပြခဲ့တယ်။ နောက် မြန်မာ့အစိုးရ ဘက်က ဒေါက်တာ ဝင်းမြတ်အေး ခရီးစဉ်မှာလည်း ကျနော်တို့ လက်မှတ်ထိုးပြီးတော့ တောင်းဆိုခဲ့တယ်။ အဲဒီတောင်းဆိုချက်ကို လက်မခံမချင်း ကာလပတ်လုံး ကျနော်တို့က သွားဖို့အစီအစဉ် မရှိပါဘူးခင်ဗျား။ ”

မြန်မာအစိုးရကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေပေါ် အခြေခံပြီး ပြန်ဝင်လာ မယ့် ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို ဖေါ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

“ခုနက အခွင့်အရေးလို့ပြောတဲ့အတွက်ကြောင့် သူတို့ ပြန်ဝင်လာမယ့်သူတွေရဲ့ အခွင့် အရေးဟာ ဥပဒေအတိုင်း ရရှိမှာပဲ။ ရရှိဖို့အတွက်က ဆောင်ရွက် ရမယ့် လုပ်ငန်းစဉ်တွေ ရှိတယ်။ အဲဒီ လုပ်ငန်းစဉ်တွေ အကုန်လုံးကို ကျနော်တို့က ပြင်ဆင်ထားပြီးသား၊ စထားပြီး သား ဖြစ်တဲ့အတွက်ကြောင့် ပြန်ဝင်လာ တဲ့သူတွေက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အကုန်ရရှိမှာ.. ဆိုတဲ့အတွက်ကြောင့် ဒါအတွက်ကလည်း သူတို့ မသိဘူးဖြစ်နေတယ်၊ လွှမ်းမိုးမှုတွေ ရှိနေနိုင်တယ်။ အခုတော့ သူတို့သိအောင် ကျနော်တို့က နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီအတွက်ကိုလည်း ပြန်ဝင်လာရင် ပုံမှန် အတိုင်း ကျနော်တို့က ဆောင်ရွက်သွားမှာဖြစ်တယ် .. သူတို့ရမယ့် အခွင့်အရေးတွေ အတွက်”

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းက ထောင်ချီတဲ့ဒုက္ခသည်တွေဟာ ပြန်လည် အခြေချ နေထိုင်ခွင့်ရမယ့်အစီအစဉ်နဲ့ ပတ်သက်လို့ ဇွန် (၁၆) ဒီကနေ့မှာ မြန်မာအစိုးရကို ဆန္ဒပြတောင်းဆိုတာတွေ လုပ်ခဲ့ကြောင်း ကိုအီစလမ်က ပြောပါတယ်။

“ဆန္ဒပြပွဲ ပြုလုပ်ရခြင်းအကြောင်းရင်းကတော့ မြန်မာအစိုးရနဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ အတွက် စာချုပ်ချုပ်တဲ့အခါ ရိုဟင်ဂျာခေါင်းဆောင်များ ပါဝင်ခွင့် ပြုရေး၊ ဒုတိယအချက်က ရိုဟင်ဂျာနာမည်ကို ဂုဏ်ရှိသောနာမည် အဖြစ် ဖေါ်ပြပေးရေးနဲ့ တတိယအချက်က မြန်မာ အစိုးရနဲ့ UNHCR/ UNDP တို့ MOU လက်မှတ်ထိုးတာကို အဲဒီ MOU မှာ ရိုဟင်ဂျာ အမည်နဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပါဝင်ခြင်းရှိမရှိ မဖေါ်ပြတာကို စိတ်ပျက် မိကြောင်းနဲ့ ရိုဟင်ဂျာ ဒုက္ခသည်များနဲ့ နည်းလမ်းရှာ ဆောင်ရွက်မှုပြုလုပ်ဖို့ တောင်း ဆိုကြတာ ဖြစ်ပါတယ်ခင်ဗျာ။ ”

မြန်မာနိုင်ငံကို ရောက်နေတဲ့ မြန်မာပြည်ဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဟာ ရခိုင်ပြည်နယ် မောင်တော ဘူးသီးတောင်ကို သွားရောက်မှာဖြစ်သလို မြန်မာနိုင်ငံခရီးစဉ်အပြီး ဘင်္ဂလာဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ လည်း သွားရောက်တွေ့ဆုံမှာပါ။ မြန်မာနိုင်ငံမှာ ရှိနေစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇွန် (၁၅) ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုလိုနီခေတ် အင်္ဂလိပ်အစိုးရလက်ထက်မှာ ဘင်္ဂလားဒေသ ကနေ သူတို့ကို ခေါ်သွင်းလာတာသာ ဖြစ်ကြောင်း၊ ၁၈၇၂ ခုနှစ် သန်းကောင်စာရင်းအရ ရှီးရိုက်၊ ပထန်နဲ့ မွတ်စလင် ဆိုတာသာရှိပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘဲ ဘင်္ဂလီတွေ အဖြစ်သာ လက်ခံထားကြောင်း Ms. Burgener ကို ရှင်းပြခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG