သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က NLD အစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနတွေ လျော့ချပြီး ပြင်ဆင်ဖွဲ့စည်းမယ့်ကိစ္စကို လိုအပ်တဲ့ အချိန်ထက် စောပြီးဆောင်ရွက်နိုင်ကြောင်း မနေ့က အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
အရင်ဝန်ကြီးဌာနပေါင်း (၃၀)ကျော်အစား (၂၁)ခုအဖြစ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းရာမှာ တလ၊ နှစ်လလောက်ကြာနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ အခုဒီထက် အချိန်စောပြီးဖွဲ့စည်းနိုင်မှာဖြစ်ကြောင်းနဲ့ ၀န်ကြီးဌာနတွေအနေနဲ့လည်း လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်ဆောင်ရွက် သွားမှာဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
NLD အစိုးရသစ် လက်ထက်မှာ ရှိမယ့် ၀န်ကြီးဌာနတွေကတော့ သမ္မတရုံး ၀န်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သာသနာရေးနှ င့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေး ၀န်ကြီးဌာနတို့ဖြစ်ပါတယ်။
အခုလိုဝန်ကြီးဌာနတွေလျော့ချလိုက်ပြီး ၀န်ကြီးအရေအတွက်လျော့နည်း သွားတဲ့အတွက် NLD အစိုးရ ငါးနှစ်သက်တမ်း အတွင်း နိုင်ငံတော်ရဲ့ အသုံးစရိတ်သန်းပေါင်း (၅၀၀၀) လောက်ကိုချွေတာနိုင်မယ်လို့ လည်း သမ္မတဦးထင်ကျော်က လွှတ်တော်မှာပြောကြားခဲ့ပါတယ်။
အခုလိုဝန်ကြီးဌာနတွေကို အချိန်တိုအတွင်းဖွဲ့စည်းလိုက်တဲ့ အတွက် နောက်ပိုင်းပြင်ဆင်စရာတွေ ရှိလာနိုင်ကြောင်းနဲ့ လက်တွေ့လုပ်ကြည့် တဲ့အခါ အပိုအလိုတွေ သိလာမှာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က မနေ့က အစည်းအဝေးမှာ သတိပေးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒုဝန်ကြီးနေရာတွေ ရှိမရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။
သမ္မတရုံးဝန်ကြီးအပြင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထား တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့နေ့လည်ပိုင်း မှာ ပြည်တွင်း၊ ပြည်ပအခြေစိုက် သံတမန်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားရေးမူဝါဒကိုရှင်းလင်းပြောကြားမှာဖြစ်ပါတယ်။