သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာမယ်စကြာဝဠာ ထက်ထက်ထွန်း ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးပမ်း


ရန်ကုန်စည်ပင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ကြိုးပမ်းနေတဲ့ မြန်မာ မယ်စကြာဝဠာ ထက်ထက်ထွန်း

ရန်ကုန်မြို့ကြီး တိုးတက်ပြောင်းလဲရေး လိုအပ်ချက်တွေ နေ့စဉ်တွေ့မြင်နေရတဲ့ လူငယ်တဦးအနေနဲ့ ထိထိရောက်ပြုပြင်ပြောင်းလဲနိုင်ရေး ရည်ရွယ်ချက်နဲ့ မတ်လမှာ ကျင်းပမယ့် ရန်ကုန်စည်ပင် ဗဟိုကော်မတီဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း နာမည်ကျော် အနုပညာရှင် မြန်မာ မယ်စကြာဝဠာ ထက်ထက်ထွန်းက ဗွီအိုအေကိုပြောပါတယ်။

အသက် (၂၆)နှစ်အရွယ် လူငယ်အမျိုးသမီးတဦးအနေနဲ့ စည်ပင်ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မယ့် နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ထက်ထက်ထွန်းက အခုလို စဖြေပါတယ်။

ထက်ထက်ထွန်း။ ။ သူတို့ပြောတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ စာရွက်စာတမ်းတွေနဲ့ မေးခွန်းတွေ၊ လူတွေ့တွေ အကုန်လုံးသွားရတယ်။ သွားပြီးတော့မှ ဖောင်တင်ခဲ့တာပါ။ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိဆိုတာကို ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့မှာသူတို့ ကြေညာပေးမှာပေါ့။ အဲဒီနေ့မှာ ကိုက်ညီမှုရှိတယ်၊ မဲဆွယ်ခွင့်ရှိတယ်ဆိုပြီး သူတို့ကြေညာမယ့် စာရင်းမှာပါတဲ့သူတွေကသာ စပြီး မဲဆွယ်ခွင့်ရမှာပေါ့။

အင်ကြင်းနိုင်။ ။ အသက်အရွယ် ကန့်သတ်ချက်ထဲမှာ ကိုယ်ကရော ကိုက်ညီမှုရှိလားရှင့်။

ထက်ထက်ထွန်း။ ။ အသက် (၂၅)နှစ်အထက်ဆိုရင် စပြီးတော့ ၀င်ပြိုင်ခွင့်ရှိပြီလို့ စည်းမျဉ်းစည်းကမ်းမှာဖေါ်ပြထားတော့ ညီမက အသက် (၂၆)နှစ် ရှိပြီဆိုတော့ ပြိုင်လို့ရပြီဆိုတော့ ပြိုင်လိုက်တာပါ။

အင်ကြင်းနိုင်။။ အခုလို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ့်ဖက်က အားသာချက်တွေက ဘာတွေရှိလဲရှင့်။

ထက်ထက်ထွန်း။ ။ အားသာချက်က ညီမဘက်က ကြည့်လို့ရှိရင် ညီမက ဖြစ်ချင်တဲ့ စိတ်ဆန္ဒပေါ့။ စိတ်က အရာအားလုံးကို ဦးဆောင်နိုင်တယ်ဆိုတဲ့အတိုင်း ညီမရဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒ၊ နောက် ညီမရဲ့ မြို့ ပတ်ဝန်းကျင်အတွက် ကူညီချင်တယ်ဆိုတဲ့ စိတ်ဆန္ဒအရင်းခံအတွက် အဲဒီအချက်က အားသာတယ်လို့ထင်တယ်။ လူဆိုတာ စိတ်ဆောင်မှုရှိတယ်ဆိုရင် အရာအားလုံးဖြစ်နိုင်တယ်ဆိုတဲ့အတိုင်းပါပဲ။ မတတ်သေးဘူးဆိုရင် အရာအားလုံးသင်ယူလို့ ရတယ်ပေါ့နော်။ အဲတော့ ညီမရဲ့အားသာချက်ထဲမှာ စိတ်ဆန္ဒရှိမယ်၊ နောက် ညီမက အနုပညာရှင်တယောက်အနေနဲ့ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ထားတဲ့ အလှမယ်တယောက်အနေနဲ့ ပရိသတ်တချို့တ၀က်ရဲ့ အားပေးထောက်ခံမှု၊ ယုံကြည်မှု ရပြီးသာ လူတယောက် ဖြစ်တဲ့အတွက်ကြောင့် အဲဒီအပိုင်းမှာတော့ နည်းနည်းအားသာမယ်လို့ ထင်ပါတယ်။

အင်ကြင်းနိုင်။။ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ့်ကို တွန်းအားပေးတဲ့ အကြောင်းအရာတွေထဲမှာ မိသားစုတွေလည်းပါမယ်၊ ဒါပေမယ့် တဖက်မှာလည်း ကိုယ်တိုင်ဆုံးဖြတ်မှ ဖြစ်တာဆိုတာ အခုလို ရွေးချယ်ခံဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲရှင့်။

ထက်ထက်ထွန်း။ ။ ဘာကြောင့်ဆုံးဖြတ်ရသလဲ အဓိကအချက်ကတော့ ခုနပြောသလို မိသားစု၊ ပတ်ဝန်းကျင် တွန်းအားတွေ ပါတဲ့အပြင် ညီမရှေ့မှာ မြင်နေရတဲ့ ညီမတို့ ရန်ကုန်မြို့ကြီးမှာ အများကြီးပြောင်းလဲ တိုးတက်ဖို့လိုနေတာ မြင်နေရလို့ပါ။ ဒါက လူတိုင်းလည်း မြင်မှာပဲ။ အဓိကအချက်ကတော့ အဲဒါတွေ တစိတ်တပိုင်း အခန်းကဏ္ဍတခုကနေပြီးတော့ ပြောင်းလဲပေးနိုင်မယ့်သူ၊ အများအကျိုးအတွက် ကူညီပေးနိုင်မယ့်သူ တယောက်၊ နောက် ကိုယ်ဒီမှာ အသက်ရှင်နေပြီး ကိုယ့်ရဲ့ နိုင်ငံနဲ့လူမျိုး၊ ကိုယ့်ပတ်ဝန်းကျင် အတွက် အသုံးကျနိုင်တဲ့ လူတယောက်ဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒအပေါ်မှာ အကောင်အထည်ဖေါ်ဖို့အတွက် ၀င်ပြိုင်ဖို့ညီမ ဆုံးဖြတ်ချက် ချခဲ့တာပါ။

အင်ကြင်းနိုင်။။ ရန်ကုန်မြို့ကြီး ပြောင်းလဲတိုးတက်လာဖို့အတွက် အဓိကအခြေခံကျတဲ့အချက်တွေထဲမှာ ဘာတွေကို စပြီးပြောင်းလဲဖို့ ကြိုးစားမလဲရှင့်။

ထက်ထက်ထွန်း။ ။ အဓိကကတော့ ပြောင်းလဲရမှာတွေကတော့ အများကြီးပဲပေါ့နော်။ အဓိက ပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ ရှေ့က ဦးဆောင်သူတယောက်အပေါ်မှာ ယုံကြည်မှုဘယ်လောက်ရှိလဲ၊ ဦးဆောင်မယ့်သူတယောက်ကို ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် ထောက်ခံသလဲ ဆိုတဲ့ အပေါ်မူတည်ပြီးတော့ ပြည်သူအားလုံး ပူးပေါင်းပါဝင်မှုက အရေးကြီးမယ်လို့ထင်ပါတယ်။ အဲဒီအရာတွေ ပြည့်စုံလာပြီဆိုရင် ပြည်သူလူထုရဲ့ ပူးပေါင်းမှု ပိုများလာမယ်၊ အဲဒီလို ပိုများလာမှ တိုးတက်ပြောင်းလဲမှုက ပိုပြီးမြန်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ညီမတို့ စည်ပင်သာယာကော်မတီ တခုတည်းမှမဟုတ်ပါဘူး။ တခြားသော အစိုးရအဖွဲ့တွေ၊ အခြားသက်ဆိုင်ရာ ကဏ္ဍ အသီးသီးရော၊ နောက် စီးပွားရေးလုပ်ငန်းရှင်တွေရော အားလုံးကူညီကြမယ်၊ ပူးပေါင်းကြမယ် အဲဒီလို ၀ိုင်းဝန်းလုပ်ဆောင်မှသာ ပြောင်းလဲလာမယ်လို့ ညီမ ထင်ပါတယ်။

Htet Htet Htun
Htet Htet Htun

အင်ကြင်းနိုင်။ ။ အဲတော့ ရန်ကုန်မြို့မှာ အဓိက အခြေခံအကျဆုံး လိုအပ်တဲ့ ပြောင်းလဲမှု အထူးသဖြင့် အများပြည်သူတွေလိုလားတဲ့ အချက်က ဘာလဲလို့ မြင်ပါလဲရှင့်။

ထက်ထက်ထွန်း။ ။ အများပြည်သူလိုလားတဲ့အချက်နဲ့ အခြေခံအကျဆုံး လိုအပ်တဲ့အချက်က တူချင်မှ တူမှာပါ။ အများပြည်သူလိုလားတာကတော့ အရမ်းကို တိုးတက်တဲ့၊ အရမ်းကို အဆင်ပြေတဲ့ စီးပွားရေး လုပ်လို့ကောင်းတဲ့ နေရ၊ ထိုင်ရ အဆင်ပြေတဲ့ မြို့ကြီးအဖြစ်လိုချင်တယ်လို့ ပြောကြလိမ့်မယ်။ တကယ်တမ်း အခြေခံအကျဆုံး ပြောင်းလဲဖို့ လိုအပ်နေတာက ပညာရေးလို့ပဲ ညီမပြောချင်ပါတယ်။ အဲတော့ ဘာတွေလုပ်ပေးသွားမလဲဆိုတဲ့ အပိုင်းမှာတော့ အခုချိန်မှာ အပြောကြီးသက်သက်ဖြစ်နေလိမ့်မယ်၊ လုပ်ပေးမယ်ဆိုတဲ့ အရာတွေက ပြောရင် အရမ်းလွယ်ပါတယ်။ လက်တွေ့မှာ ညီမ ဘယ်လောက်ထိလုပ်ခွင့်ရမလဲ၊ ဒီအရာတွေအတွက် ညီမ ဘယ်လောက်ထိကြိုးစားမယ်ဆိုတာ၊ ဘယ်သူတွေက ဘယ်လောက်ထိ ပါဝင်ကြမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG