သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဖုန်းကုမ္ပဏီ ၁၂ ခု ဈေးပြိုင်စနစ်နဲ့ လက်ခံမည်


မြန်မာအိမ်ရှင်မတစ်ဦး လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ်။
မြန်မာအိမ်ရှင်မတစ်ဦး လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ်။
မြန်မာနိုင်ငံတွင်း မိုဘိုင်းလက်ကိုင်ဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် ကမ္ဘာ့တဝှမ်းက မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီတွေ ကြိုးစားနေကြတာမှာ အခုနောက်ဆုံး ကုမ္ပဏီကြီး ၁၂ ခုကို မြန်မာအစိုးရ က ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဒီကုမ္ပဏီ ၁၂ ခုထဲကမှ ၂ ခုကိုပဲ မြန်မာအစိုးရက လုပ်ငန်းလိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။ အခု ပထမအဆင့် စိစစ်ပြီး ဈေးပြိုင်ခေါ်ခွင့်ပြုလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ ဘယ်ကုမ္ပဏီတွေ ပါဝင်လဲ။ ဒီကုမ္ပဏီတွေထဲက နှစ်ခုကို ဘယ်အချိန်မှာ လိုင်စင်ခွင့်ပြုချက် ထုတ်ပေးမှာပါလဲဆိုတာကို ကြည့်ရအောင်ပါ။

လက်ရှိမြန်မာနိုင်ငံတွင်းက ပြည်တွင်းဆက်သွယ်ရေးလုပ်ငန်း နှစ်ခုနဲ့အတူ မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လက်တွဲ လုပ်ကိုင်နိုင်ဖို့ အတွက် ပြည်တွင်းပြည်ပကုမ္ပဏီတွေ ပထမအဆင့် လျှောက်လွှာတွေ တင်ခဲ့ကြပြီးတဲ့နောက် အခုအခါ ကုမ္ပဏီ ၁၂ခုကို မြန်မာအစိုးရ က ဈေးပြိုင်ခေါ်ခွင့် ပြု လိုက်တာဖြစ်ပါတယ်။

ဒီအထဲမှာတော့ အိန္ဒိယ Bharti Airtel Ltd, China Mobile, Japan’s KDDI Corp, Africa’s MTN, Singapore Telecommunications Ltd, Norway’s Telenor SA and Digicel ကုမ္ပဏီတွေ ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေအနေနဲ့ ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထားပြီး သူတို့ရဲ့ လျှောက်လွှာတွေကို တင်ရမှာဖြစ်တဲ့ အကြောင်း တယ်လီဖုန်း ဆက်သွယ်ရေး ဈေးပြိုင် ကမ်းလှမ်းမှုတွေကို သုံးသပ် ရွေးချယ်မယ့် ကော်မတီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရဖို့ အတွက် နိုင်ငံခြားကုမ္ပဏီတွေ ဈေးပြိုင်ကမ်းလှမ်း နေကြရာမှာ China Mobile ကုမ္ပဏီက Vodafone နဲ့ ပူးတွဲ လျှောက်လွှာ တင်ထားသလို ပြင်သစ် Telecom-Orange ကလည်း Murabeni ကုမ္ပဏီနဲ့ ပူးတွဲ လျှောက်လွှာ တင်ထားတာဖြစ်ပါတယ်။ အာဖရိကရဲ့ အကြီးဆုံး မိုဘိုင်းကုမ္ပဏီကြီးဖြစ်တဲ့ တောင်အာဖရိက MTN ကုမ္ပဏီ ကတော့ M1 Telecom and Amara Communications ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားတာဖြစ်ပါတယ်။

MTN ကုမ္ပဏီအနေနဲ့ ဒုတိယအဆင့် ဈေးပြိုင် လျှောက်လွှာ တင်သွင်းခွင့် ရထားပြီးဖြစ်ကြောင်း MTN အကြီးအကဲ Sifiso Dabengwa က ပြောပါတယ်။

“လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ ရရှိလာမယ့် အကျိုးအမြတ်၊ အခွင့်အလမ်းတွေကို ကျနော်တို့ စူးစမ်းနေပါတယ်။ ကျနော်တို့အနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရဖို့ စိတ်အားထက်သန်နေတဲ့ ဒေသတချို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အခုကစလို့ ဇွန်လ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်နှစ်ခု ချပေးဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ ကျနော်တို့ လျှောက်လွှာ တင်ထားပါတယ်။ အာဖရိကမြောက်ပိုင်း နိုင်ငံတချို့မှာ လုပ်ငန်းချဲ့ထွင်ဖို့လည်း ကျနော်တို့ စိတ်ဝင်စားနေတာရှိသလို ကျနော်တို့အတွက် အကျိုးအမြတ် အခွင့်အလမ်းကောင်းတွေ ရနိုင်မယ့် တခြား နိုင်ငံတွေမှာလည်း လုပ်ငန်းတွေ လုပ်သွားချင်ပါတယ်။”

တောင်အာဖရိကနိုင်ငံ Johannesburg မြို့အခြေစိုက် MTN ကုမ္ပဏီဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသသတွေက နိုင်ငံပေါင်း ၂၂ ခုမှာ ဒေါ်လာ ၃၄ ဘီလျံတန်ဖိုး ရင်းနှီးမြှုပ်နှံနေတဲ့ အာဖရိကရဲ့ အကြီးဆုံး တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံ မှာ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရဖို့ အပြိုင် လျှောက်လွှာ တင်ထားကြတဲ့ ကုမ္ပဏီ ၁၂ ခုထဲက ၂ ခုကိုပဲ မြန်မာအစိုးရက လုပ်ငန်းလိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီတွေ လုပ်ငန်းလုပ်ကိုင်ခွင့်ရမလဲ ဆိုတာကို ဇွန်လထဲမှာ ကြေညာနိုင်လိမ့်မယ်လို့ စိစစ် ရွေးချယ်ရေးကော်မတီက ခန့်မှန်းထားတယ်လို့လည်း သိရပါတယ်။

မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေမှာတောင် လူတိုင်းနီးပါး လက်ကိုင်ဖုန်းတွေ အသုံးပြုနေကြချိန်မှာ မြန်မာနိုင်ငံမှာတော့ လူဦးရေ သန်း ၆၀ ရှိတဲ့အထဲ စုစုပေါင်း လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်သာ မိုဘိုင်းလက်ကိုင်ဖုန်းတွေကို အသုံးပြုနိုင်သေးတာဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဆက်သွယ်ရေး ဈေးကွက် အခွင့်အလမ်းတွေ အများအပြား ရှိနေတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ ကမ္ဘာ့ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေ အကြီးအကျယ် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

မိုဘိုင်းဆင်းကဒ်တွေ ဈေးကြီးလှတဲ့ မြန်မာနိုင်ငံမှာ လာမယ့် ၃ နှစ်အတွင်း လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုလာနိုင်တဲ့အထိ တိုးချဲ့လာနိုင်ဖို့လည်း မျှော်လင့်နေကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကလည်း သိပ်မကြာခင်တုန်းကပဲ မြန်မာနိုင်ငံမှာ တန်ဖိုးနည်းလက်ကိုင်ဖုန်းတွေနဲ့ ကျပ် ထောင်ဂဏန်းသာပေးရမယ့် ဆင်းကဒ်တွေ ရောင်းချပေးမယ်လို့ ကတိပေး ပြောဆိုထားတာဖြစ်ပါတယ်။
XS
SM
MD
LG