သုံးရလွယ်ကူစေသည့် Link များ

တလင်တမယား စနစ် ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် အတည်ပြု


တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို မနေ့က ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။ ဒီဥပဒေကို အမျိုးသားလွှတ်တော်မှာ ဆက်လက် ဆွေးနွေးသွားဦးမှာပါ။

ဒီဥပဒေဟာ တလင်တမယားစနစ်ကို လက်ခံကျင့်သုံးနိုင်ဖို့ တိုက်တွန်းထားတဲ့ ဥပဒေဆိုပေမဲ့ ဥပဒေမှာ ပါဝင်တဲ့ ပုဒ်မတွေဟာ ပြည့်စုံမှုမရှိဘူးလို့ လွှတ်တော်အမတ်တချို့က ဝေဖန်နေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအရ အတည်ပြုဖို့ မဲအရေမတွက် များတာကြောင့် ဒီဥပဒေကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သတ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပုလဲမြို့နယ်က ဒေါ်ခင်စန်းလှိုင်က အခုလို ပြောပါတယ်။

“အဓိကကတော့လေ ဒီဥပဒေက ကျမတို့ မြင်ရသလောက် ဥပဒေရှုထောင့်က ပြောမယ်ဆိုရင်တော့ ဒီဥပဒေက သိပ်ပြီးတော့ ပြည့်စုံမှုလည်း မရှိဘူး။ အကုန်လုံးပေါင်းမှ ပုဒ်မ ၂၀ ပဲပါတယ်။ ဒီပုဒ်မ ၂၀ နဲ့တင် ဥပဒေတရပ်ကို ပြဌာန်းလိုက်ပြီး ဥပဒေနဲ့ပဲ ထိန်းချုပ်သွားမယ်ဆိုလို့ရှိရင်တော့ အကာအကွယ် သိပ်မဖြစ်ဘူးလို့ ကျမတို့တော့ ဒီလို ယုံကြည်တယ်။ ကျမတို့က အခုက တလင်တမယားစနစ်ကို မကျင့်သုံးသင့်ဘူးဆိုပြီး အခုက ကန့်ကွက်နေကြတာ မဟုတ်ပါဘူး။ တလင်တမယားစနစ် ကျင့်သုံးခြင်းအားဖြင့် ကောင်းတဲ့ကောင်းကျိုးတွေ ရှိတယ်ဆိုတာကိုလည်း ကျမတို့က နားလည်တယ်။ ဒါပေမဲ့ ဒီဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက်မှာ ဥပဒေကို အကာအကွယ်ယူပြီးတော့ ဒီဥပဒေရဲ့ အားနည်းချက်အပေါ်မှာ ထောက်ပြီးတော့မှ ကျူးလွန်လာတဲ့အမှုတွေ အများကြီးရှိတယ်။ အမျိုးသားတယောက်ဟာ နောက်ထပ် အမျိုးသမီးတယောက်ကို တရားဝင် အိမ်ထောင်ပြုခွင့် မရှိဘူးဆိုတဲ့အချိန်မှ တရားမဝင်တဲ့ အိမ်ထောင်ရေးတွေက အများကြီး ပေါ်ပေါက်လာနိုင်တယ်။ ဒီလို တရားမဝင် အိမ်ထောင်ကနေ မွေးဖွားလာမယ့် ကလေးတွေရဲ့ ကလေးသူငယ် အခွင့်အရေးတွေကလည်း ဆုံးရှုံးပြီးတော့ သွားနိုင်တယ်။”

ဒီဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေပါ ပုဒ်မတွေက ပြည့်စုံမှုမရှိကြောင်း ဝေဖန်မှုတွေ ရှိနေပေမဲ့ ဥပဒေတင်သွင်းတဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကတော့ ဥပဒေဟာ မြန်မာယောကျာ်းနဲ့ မိန်းမကို တန်းတူ အခွင့်အရေးရဖို့ တင်ပြခဲ့တာဖြစ်ကြောင်း လွှတ်တော်မှာ ပြောဆိုပါတယ်။ လူဦးရေပေါက်ဖွားမှုနှုန်း အဆမတန် များပြားလှတဲ့ အမျိုးသားရေး ပြဿနာတွေ ရှိလာတာကြောင့် အခုလို ဥပဒေတင်သွင်းတာဖြစ်ကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်း က ပြောပါတယ်။ ဒီဥပဒေနဲ့ပတ်သတ်ပြီး သူက အခုလို ပြောပါတယ်။

“အခုပြဌာန်းမယ့် တလင်တမယားစနစ် ဥပဒေဟာ နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်း မရှိပါဘူး။ ဒီဥပဒေထဲမှာပဲ ဒီဥပဒေဟာ အာဏာမတည်မည်က တဦးထက်ပိုတဲ့ တရားဝင် လင်မယားတို့နဲ့ သက်ဆိုင်ခြင်းမရှိရလို့ အတိအကျ ပြဌာန်းပေးထားပြီးသား ဖြစ်ပါတယ်။ တလင်တမယားစနစ် ကျင့်သုံခြင်းအားဖြင့် အမျိုးသမီးများ အခွင့်အရေးကို ထိခိုက်စရာအကြောင်း မရှိပါဘူး။ မပြောပလောက်တဲ့ အမျိုးသမီးအနည်းငယ်ကိုသာ ထိခိုက်နိုင်တာဖြစ်ပါတယ်။ မျှတမှုရှိတဲ့ ဥပဒေဖြစ်ပြီး လင်နဲ့မယားတို့ရဲ့ ဆန္ဒအစစ်အမှန်နဲ့လည်း ကိုက်ညီမှု ရှိပါတယ်။”

ပြည်သူ့လွှတ်တော် အတည်ပြုလိုက်တဲ့ ဒီဥပဒေမှာ ပုဒ်မ ၂၀ ပါဝင်ပါတယ်။ ဥပဒေအရ အိမ်ထောင်ရေး ဖောက်ပြန်သူဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောက်ဒဏ် ၁၀ နှစ်ထိ ကျခံနိုင်ပါတယ်။ ဒီဥပဒေဟာ မြန်မာနိုင်ငံတွင်း နေထိုင်သူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားတွေအပြင် မြန်မာနိုင်ငံ ပြင်ပမှာ နေထိုင်နေတဲ့ နိုင်ငံသား၊ မြန်မာနိုင်ငံတွင် နေထိုင်စဉ် နိုင်ငံသားနဲ့ လက်ထပ်တဲ့ နိုင်ငံခြားသားတွေ အပေါ်မှာပါ အကျုံးဝင် သက်ရောက်ဖို့ ဖော်ပြထားပါတယ်။ ဥပဒေအရ ယောကျာ်း (သို့) မိန်းမတဦးဦးဟာ တရားဝင် လက်ထပ်ထိမ်းမြားထားခြင်း ရှိလျက်နဲ့ နောက်ထပ် အိမ်ထောင်ပြိုင် ထားပါက အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူတဦးအဖြစ် ပြစ်မှုကျူးလွန်ရာ ရောက်ပါတယ်။ ဒီလိုအိမ်ထောင်ရေးပြစ်မှု ကျူးလွန်ပါက လင်မယားကွာရှင်းခွင့်ကို ကျန်ဇနီးမယား(သို့) လင်ယောကျ်ားက တောင်းခံနိုင်ပြီး ကွာရှင်းပါက အိမ်ထောင်ရေး ဖောက်ပြန်သူအနေနဲ့ နှစ်ဦးပိုင်ပစ္စည်းနဲ့ ပတ်သတ်ပြီး ခံစားခွင့် မရပါဘူး။ ဒီအပြင် အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူနဲ့ အတူနေထိုင်တဲ့ ယောကျာ်း (သို့) မိန်းမဟာလည်း အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူ သေဆုံးသွားလျှင် အမွေဆက်ခံခွင့် မရဘူးလို့ ဖော်ပြထားပါတယ်။

“ဒီဥပဒေအတိုင်းဆိုရင် အများအပြားယူခြင်းကို အမှန်တကယ် ထိထိရောက်ရောက် ကာကွယ်ရမယ့်အစား တရားဝင် ထိမ်းမြားခြင်းမပြုဘဲနဲ့ တရားမဝင် တိတ်တိတ်ပုန်း မိန်းမများထားခြင်းဖြင့် အိမ်ထောင်ရေး ဖောက်ပြန်မှုများ များပြားလာနိုင်ပါတယ်။ မယားကြီးအား ကွာရှင်းစေရန်အတွက် အနိုင့်အထက်ပြုကျင့်ခြင်း၊ အကျပ်ကိုင်ခြင်းများနဲ့ အိမ်တွင်းအကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်ပါတယ်။ တရားမဝင် ပေါင်းသင်းနေထိုင်မှုကြောင့် အမျိုးသမီးရဲ့ အခွင့်အရေးများကို ဆုံးရှုံးစေခြင်းတို့နဲ့ ဆိုးကျိုးတွေကို ပေါ်ပေါက်လာစေနိုင်ပါတယ်။”

ပုလဲမြို့နယ်က ဒေါ်ခင်စန်းလှိုင်က ဥပဒေကြောင့် အမျိုးသမီး အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ လွှတ်တော်မှာ အခုလို တင်ပြခဲ့တာပါ။ လက်ရှိမှာ ဒီဥပဒေကြမ်းဟာ မျိုးစောင့်ဥပဒေ ၄ ခုထဲမှာ ၁ ခု အပါအဝင်ဖြစ်တာကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။ မျိုးစောင့်ဥပဒေ ၄ ခုအနက် လူဦးရေ ထိန်းချုပ်မှုဆိုင်ရာ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး သမ္မတလက်မှတ်ထိုးကာ ပြဌာန်းပြီး ဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီး ဖြစ်ပါတယ်။ ဒီတလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကိုတော့ အခုပြည်သူ့လွှတ်တော်မှာ အတည်ပြုပြီးဖြစ်လို့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဦးမှာပါ။ ဒီကနေတဆင့် ပြည်ထောင်စုလွှတ်တော်ကိုတင်ပြီး အတည်ပြုမှာ ဖြစ်ပါတယ်။

XS
SM
MD
LG