သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုတ်သုံအားကောင်းဆဲ ရေဘေးဆက်ကြုံရနိုင်


ဘားအံရေဘေးသင့်ပြည်သူများ။ (MOI)
ဘားအံရေဘေးသင့်ပြည်သူများ။ (MOI)

ဒီရက်ပိုင်းတွေအတွင်း မြန်မာနိုင်ငံတဝှမ်း မုတ်သုံမိုးအားကောင်းပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မြစ်ရေတွေက မကြုံစဖူး စိုးရိမ်ရေမှတ်ကျော်လွန်တဲ့အထိ မြင့်တက် နေတဲ့အတွက် ရေဘေးသင့် ဒေသတွေက ဒေသခံ ပြည်သူတွေ သဘာဝ ဘေး အန္တရာယ် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က သတိပေးထားပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း ဒေသကြီးတွေမှာ မိုးများ ရေကြီးပြီး အကြီးအကျယ်ရေလွှမ်းမိုးနေပါတယ်။ ဘီးလင်းဘက်မှာတော့ ကူညီ ကယ်ဆယ်ပေးနေသူတွေ တောင် ရေထဲမျောပါ ပျောက်ဆုံးတာတွေ ရှိတဲ့အတွက် ဘေးအန္တရာယ်ရှိတဲ့နေရာတွေကို မသွားကြ ဖို့လည်း အထူးသတိပေးနေကြပါတယ်။ နိုင်ငံတဝှမ်းက ရေဘေးသင့် အခြေအနေတွေကို မဆုမွန် က စုစည်းတင်ပြထား ပါတယ်။

မြန်မာနိုင်ငံတဝှမ်း ဒီနှစ်မိုးတွင်း မုတ်သုံမိုးဦးအစမှာကတည်းကိုက မုတ်သုံလေ အားအလွန်ကောင်းနေပြီး နောက်သီတင်းပတ်တွေအထိ လေပြင်းတွေတိုက်ခတ် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နိုင်တဲ့ အတွက် စိုးရိမ်ရေမှတ်အထိ ကျော်လွန်ပြီး မြစ်ရေလျှံနေတဲ့ ဒေသခံ ပြည်သူတွေ ဘေးအန္တရာယ်တွေ အထူး သတိထားကြဖို့မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က သတိပေးပြောဆို လိုက်ပါတယ်။ ရှေ့လာမယ့် သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံတဝှမ်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေတွေအပေါ် မိုးဆက်လက် ရွာသွန်းနိုင်ခြေ နောက်ဆုံးရတိုင်းထွာချက်တွေနဲ့ပတ်သက်လို့မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

မွန်ပြည်နယ်။ ဘီးလင်းမြို့ စိုးရိမ်ရေမှတ်ပြကိန်း (MOI)
မွန်ပြည်နယ်။ ဘီးလင်းမြို့ စိုးရိမ်ရေမှတ်ပြကိန်း (MOI)

“မုတ်သုံလေအား…အားအသင့်အတင့်ကနေ အားကောင်းတယ်ပေါ့နော်။ ကမ်းရိုး တန်းဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးပေါ့နော်- ဒီဒေသတွေမှာတော့ နေရာအနှံ့ မိုးရွာပြီးတော့မှ ဒေသ အလိုက် မိုးကြီးနေတဲ့ နေရာတွေရှိပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာတော့ နေရာကွက် မိုးကြီးမှု တွေရှိပြီးတော့မှ နေရာအနှံ့အပြား မိုးရွာနေတဲ့ အနေအထားမျိုးလေးတွေ ရှိပါ တယ်။ ပြည်နယ်နဲ့တိုင်း လေးခုပေါ့နော်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည် နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ၆ ရက်ကနေ ၇ ရက်လောက် ရှိသွားပါပြီ။ ရှိသွားတဲ့အတွက်ကြောင့် မို့လို့ အဲဒီဒေသတွေမှာရှိတဲ့ မြစ်တွေ၊ ချောင်းတွေ မှာ ရေကြီးရေလျှံဖြစ်လာတဲ့ အနေအထားမျိုးလေးတွေ ရှိပါ တယ်။ သြဂုတ်လ တလ လုံးမှာတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတွေမှာတော့ ပုံမှန်ထက် ပို နိုင်ပြီးတော့ ကျန်တဲ့တနိုင်ငံလုံးမှာတော့ ပုံမှန်မိုးရေချိန်လောက် ရရှိနိုင်တဲ့ အနေ အထားမျိုးတွေ ရှိပါတယ်ခင်ဗျ။ မြစ်ရေအနေနဲ့ကတော့ ဧရာဝတီမြစ်ရေ၊ ချင်းတွင်း မြစ်ရေတွေကလည်း စိုးရိမ်ရေအမှတ် ရောက်လာနိုင်တဲ့ အနေအထားမျိုးလေးတွေ တွေ့ရှိရပါတယ်။ ဒါကလည်း မြန်မာနိုင်ငံမြောက်ပိုင်းတွေမှာ သြဂုတ်လမှာ မိုးရွာသွန်းမှုပိုလာနိုင်တဲ့အတွက်ကြောင့် …သြဂုတ်လ ပထမပတ်အတွင်းမှာလည်း ကချင်ပြည်နယ်တို့မှာ မိုးပိုလာနိုင်တဲ့ အနေအထားမျိုးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အခုလက်ရှိကတော့ ကျနော်တို့ ကမ်းရိုးတန်းတွေမှာပဲ မိုးများနေတဲ့ အတွက် ကြောင့် မို့လို့ ဒီ ကမ်းရိုးတန်းတွေနဲ့ ဆက်စပ်နေတဲ့ မြစ်တွေ၊ နောက် ပဲခူးတိုင်း ဒေသကြီး။ ဒီဒေသတွေမှာရှိတဲ့ မြစ်တွေမှာ မိုးများတဲ့အတွက်ကြောင့်မို့လို့ …. အနေအထားမျိုးဖြစ်ပါတယ်။”

ဒီရက်ပိုင်းအတွင်းမှာကို မိုးများရေကြီးပြီး ရေလွှမ်းမိုးမှုတွေနဲ့ ရေဘေးအန္တရာယ် အကြီးအကျယ်ရင်ဆိုင်နေရတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းနဲ့ ကျန်ပြည်နယ်တိုင်းတွေက ဒေသခံ ပြည်သူ တွေအနေနဲ့ မိုးလေဝသ သတိပေးကြေညာချက်တွေကို စဉ်ဆက်မပြတ် နားစွင့်ထားကြဖို့ သတိပေးပါတယ်။

ရေလွှမ်းမိုးမှုနဲ့ မြေပြိုကျမှုတွေဖြစ်နိုင်တဲ့၊ ဘေးအန္တရာယ် ကျရောက်နိုင်တဲ့ နေရာတွေကနေ သက်ဆိုင်ရာက ပြောင်းရွှေ့ခိုင်းရင်လည်း လိုက်နာပြီး အမြန်ဆုံးရွှေ့ပြောင်းကြဖို့ နဲ့ ရေကနေ ရတတ်တဲ့ ကူးစက်ရောဂါတွေ ကိုလည်း အထူး သတိထားကြဖို့ကို မိုးဇလညွှန်ကြားရေးမှူးချုပ်က သတိပေးပြော ဆိုပါတယ်။

“အဓိက ကတော့ ဒီရက်ပိုင်းတွေမှာ ရေကြီးတဲ့ဒေသတွေမှာ မဖြစ်မနေ ကိစ္စတွေ လောက်ပဲ သွားလာကြဖို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်။ နောက် တခု ကတော့ ရေကြီးတဲ့ဒေသမှာရှိကြတဲ့ ပြည်သူတွေအနေနဲ့လည်း - ကျနော်တို့ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဖော်ပြထားပါတယ်။ ရေဘေးလွတ်တဲ့နေရာတွေကို ရှောင်ရှား နေထိုင်ဖို့ ကျနော်တို့ အကြံပြုချက်ထဲမှာ ထည့်ထားပါတယ်။ ရေလွတ် တဲ့နေရာတွေမှာ သွားရောက်နေထိုင်….ရေကလည်း မိုးရွာလာပြီဆို တချို့နေရာ တွေမှာ တောင်ကျချောင်းတွေ ဘာတွေ စီးတဲ့အတွက်ကြောင့်မို့လို့ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ရင်းနဲ့ မျောပါသွားတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အဓိက ကတော့ ကူညီကယ်ဆယ်ရေး လုပ်တဲ့ အချိန်မှာလည်း မိမိတို့ ဘေးအန္တရာယ်ကိုလည်း ကြိုတင်ရှောင်ရှားပြီးမှ ဆောင်ရွက်ကြဖို့ ကျနော့် အနေနဲ့ ပြောကြားလိုပါတယ်။ နောက်တခုကတော့ ရေဘေးသင့် ပြည်သူတွေ အနေနဲ့ ဘေးလွတ်တဲ့နေရာတွေမှာ ခေတ္တ ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။ နောက်တခုကတော့ သူတို့နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ ….ရဲ့ ဘေးအန္တရာယ် ကာကွယ် ရေး အဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ရေဘေးသင့်နေတဲ့ ကရင် ပြည်နယ်အတွင်း ရေကြီးရေလျှံဖြစ်နေတဲ့ ဒေသတွေကို သွားရောက်ပြီး ရေဘေးသင့်စခန်းတွေကို ကြည့်ရှုခဲ့ပါ တယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဇူလိုင်၂၇ ရက်အထိ ရေဘေးကယ်ဆယ်ရေး စခန်း ကိုးခု၊ ဘားအံမြို့ သံလွင်မြစ် အနောက်ဘက် ကမ်းမှာ ရေဘေးကယ်ဆယ်ရေး စခန်းနှစ်ခု စုစုပေါင်း ၁၁ ခု ဖွင့်လှစ်ထားရပြီး အိမ်ထောင်စု ၁,၁ဝဝ ကျော် လူဦးရေ ၅,၉ဝဝ ကျော်ခန့်ရှိနေပြီလို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထား ပါတယ်။

အစိုးရပိုင်း အခုလို ကူညီပေးတဲ့အပြင် လူမှုအသင်းအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ ဘက်ကလည်း တတ်နိုင် သလောက် ကူညီဆောင်ရွက်ပေးနေကြတယ်လို့ ကရင်ပြည်သူ့ပါတီဒုဥက္ကဋ္ဌ ဦးစောစေးဝါးက အခုလို ပြောပြပါတယ်။

“ရေဘေးအန္တရာယ်ရှောင်တိမ်းရမယ့်ကိစ္စတွေ၊ စားဝတ်နေရေးတွေ၊ ရေထဲပါ သွားတဲ့ ကိစ္စတွေ၊ နောက်တခါ သေဆုံးတဲ့ကိစ္စတွေလည်း ရှိတာပေါ့ဗျာ။ ဟို တလောက ရဲဘော်လေးတွေ လိုက်ပြီးတော့ - ဘီးလင်းထဲမှာ လိုက်ပြီး ကူညီတဲ့ အခါမှာ နှစ်ယောက်ပါသွားတယ်။ အခုထက်ထိ အလောင်းပြန်ရှာမတွေ့သေးဘူး။ အစသဖြင့် အဲဒါမျိုးတွေက ရှိနိုင်တယ်ပေါ့ဗျာ-နော။ လိုက်လံ ဆော်သြတဲ့ကိစ္စ၊ သတိပေးတဲ့ကိစ္စတွေလည်း လုပ်လည်းလုပ်နေပါတယ်။”

အခုလက်ရှိအခြေအနေမှာတော့ စစ်တောင်းမြစ်ရေက တောင်ငူနဲ့ မဒေါက်မြို့ တွမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်လာနေပြီး ဒါဟာ နှစ်ပေါင်း (၅၃) နှစ်အတွင်း စိုးရိမ်ရေမှတ် အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဘီးလင်း မြစ်ရေနဲ့သံလွင်မြစ်ရေတွေကလည်း စိုးရိမ်ရေမှတ်ကျော်လွန်နေသလို ရွှေကျင် မြို့က ရွှေကျင်မြစ်ရေနဲ့ ပဲခူးမြို့က ပဲခူးမြစ်ရေတို့ကလည်း စိုးရိမ်ရေမှတ် ကျော် လွန်နေတာကလည်း နှစ်ပေါင်း (၅၄) နှစ်အတွင်း အမြင့်ဆုံးစိုးရိမ်ရေမှတ်ကို ရောက်နေတာဖြစ်ကြောင်း မိုးဇလညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ဘီးလင်းမြို့နယ်အတွင်း ရေကြီးရေလျှံဖြစ်နေချိန် ပိတ်မိပြည်သူ တွေကို ကယ်ထုတ်ရင်း ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ခလရ (၂) ကျိုက်ထိုက တပ်မတော်သားသုံးဦးလည်း ရေစီးနဲ့အတူ မျောပါပျောက်ဆုံး သွားခဲ့ပြီး အခုအချိန်အထိ ရှာဖွေမတွေ့ရှိသေးဘူးလို့ မွန်ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ် ဘားအံ မြဝတီ၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်နဲ့ မဒေါက်မြို့ အပါ အဝင် မြစ်ကမ်းနားတွေနဲ့ မြေနိမ့်ပိုင်း နေထိုင်ကြသူတွေအနေနဲ့ မြစ်ရေကြီးမှုဘေး အန္တရာယ်က ကင်းလွတ်ရာကို ရှောင်ရှားကြဖို့နဲ့ တောင်ငူမြို့နယ်နဲ့ ဘီးလင်းမြို့ နယ်တွေ အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူး သတိပြု နေထိုင်ကြဖို့ သတိပေးနှိုးဆော်နေပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့ စိုးရိမ်ရေမှတ်ပြကိန်း (MOI)
ပဲခူးတိုင်း၊ ရွှေကျင်မြို့ စိုးရိမ်ရေမှတ်ပြကိန်း (MOI)

မွန်ပြည်နယ်တွင်း ရေကြီး၊ ရေလျှံမှုတွေ အကြီးအကျယ်ဖြစ်ပွားနေချိန် - ရေဘေး ရှောင် အိမ်ထောင်စု ၁,၈၁၅ စုမှ လူဦးရေ ၇,၆၅၂ ဦးတို့အတွက် ကယ်ဆယ် ရေးစခန်း ၃၂ ခု ဖွင့်လှစ်ထားရှိပြီး မွန်ပြည်နယ်အစိုးရက ကူညီဆောင်ရွက်ပေး နေပါတယ်။ လတ်တလောမှာတော့ ဘုရားကြီး- မော်လမြိုင်- ထားဝယ်- ကော့သောင်း အဝေးပြေးလမ်းမကြီးကို ယာယီပိတ်ထားပြီး ခရီးသွားပြည်သူများ အခက်အခဲမဖြစ်စေရေး လာမယ့်၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ ( တနင်္လာနေ့) နေ့လယ်ကစလို့ Myanmar National Airline ကနေ ရန်ကုန်- မော်လမြိုင်- ရန်ကုန် လေကြောင်း ခရီးစဉ်အား ပြေးဆွဲပေးမှာဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကလည်း သတိပေးနိုးဆော်နေပါတယ်။

စစ်တောင်းဘက်မှာတော့-မဒေါက်မြို့ စစ်တောင်းမြစ်ရေက စိုးရိမ်ရေမှတ်အထက် (၆) ပေကျော်ထိမြင့် တက် လာမှုကြောင့် စစ်တောင်းမြစ် ရေကာတာကို အုပ်ချုပ် ရေး အဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက အရေးပေါ်ထိန်းသိမ်းနေ ရကြောင်းနဲ့ မဒေါက်မြို့ပေါ် မှာ အရေးပေါ်ကူညီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ် ပေးထားပြီး ဇူလိုင်လ ၂၇ ရက်နေ့၊ ညနေပိုင်းစာရင်းအရ အိမ်ထောင်စု (၁,၅၅၇) စုက ရေဘေးသင့်ပြည်သူ (၈,၅၈၁) ဦးကို တာဝန်ရှိသူများက နေရေး၊ စားရေး၊ ကျန်းမာရေး စီစဉ်ဆောင်ရွက်ပေးနေပြီး ရေကာတာကို စောင့်ကြည့်ထိန်းသိမ်း လျက် ရှိကြောင်း ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG