သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုရာ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှု အားနည်း


ဆိုင်ကလုန်း မုန်တိုင်း မိုရာကြောင့် ရခိုင်ပြည်နယ်တွင်း အိုးအိမ်တွေ ဆုံးရှုံး။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး။
ဆိုင်ကလုန်း မုန်တိုင်း မိုရာကြောင့် ရခိုင်ပြည်နယ်တွင်း အိုးအိမ်တွေ ဆုံးရှုံး။ ဓာတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး။

ရခိုင်ပြည်နယ် အတွင်း မိုရာ ဆိုင်ကလုန်း မုန်တိုင်း ကျရောက်လာမှာကို အစိုးရက သတိပေး နှိုးဆော်တာမျိုး လုပ်ခဲ့ပေမယ့် ကူညီကယ်ဆယ်ရေး အစီအစဉ်အတွက် ကြိုတင်ပြင်ဆင် ထားတာမျိုး အားနည်းခဲ့ကြောင်း ဒေသခံတွေနဲ့ ပရဟိတရေး ဆောင်ရွက်နေသူတွေက ထောက်ပြ ပြောဆို ပါတယ်။

မိုရာ မုန်တိုင်း စဲသွားပြီမို့ ရခိုင်ပြည်နယ်မှာ အစိုးရက ကူညီရေးတွေ စတင်လုပ်ဆောင်နေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မေလ ၂၉ ရက် တနင်္လာနေ့က တိုက်ခတ်ခဲ့တဲ့ မိုရာ (Mora) ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသတချို့မှာ သစ်ပင်ပြိုလဲတာ၊ လူနေအိမ် ပြိုလဲ ပျက်စီးတာ၊ ဆေးရုံ၊ တက္ကသိုလ်နဲ့ ဘာသာရေး အဆောက်အအုံတွေ၊ အစိုးရ ဌာနဆိုင်ရာ အဆောက်အအုံတွေ ပြိုကျတာမျိုး အမိုး လန်တာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ လူအသေအပျောက် ရှိတယ်ဆိုတဲ့ သတင်းမျိုး ခုချိန်ထိ ထွက်ပေါ်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် နယ်စပ်ဒေသက မြို့နယ်တွေမှာ ဆိုရင် တဲအိမ်တွေ အလုံးလိုက် ပြိုကျ ပျက်စီးခဲ့ရပြီး အစိုးရက အကူအညီတွေ စတင်ပေးနေ တယ် ဆိုပေမဲ့ အခုချိန်ထိ မရသေးဘူးလို့ မောင်တောဒေသခံ ဦးစိန်လှဖြူက ပြောပါတယ်။

“ မောင်တောက အပျက်အစီးက များပါတယ်။ အခုလက်ရှိ ကျနော်တို့ အိမ်တွေလဲ အကုန်ပါသွားတယ်။ အောင်ဗလရွာရွယ်၊ ဟိုကလဲ ရွာတွေ မှာလည်း အများကြီး ရှိတယ်။ လောင်းဒုံမှာလည်း အများကြီးရှိတယ်။ အိမ်တွေက အမိုးလန်တာလည်း ရှိတယ်။ ကျနော်တို့ ရွာမှာဆို အကုန်ပါသွားတာ။ ဘာမှ မရှိတော့ဘူး။ ကူညီရေး ဘယ်လိုအခြေနေလဲလို့ ကျနော်သွားမေးတယ် .. ဘာပြောလဲ ဆိုတော့ အိမ်တလုံးလုံး ပျက်စီးသွားတဲ့ သူတွေမှ (ကျပ်) တသောင်းမှ တစ်သိန်းထိ ပေးမယ်တဲ့”

မောင်တောဒေသမှာ အိမ်အလုံး ၅၀ ကျော်လောက် ပျက်စီးခဲ့ရပြီး အဲဒီထဲမှာ လုံး၀ ပြိုကျပျက်စီးသွားတဲ့ အိမ်တွေလည်း ပါဝင်ပါတယ်။ ရခိုင် ပြည်နယ် မြို့တော် စစ်တွေမှာတော့ နေအိမ် ဆယ်ဂဏန်း လုံးဝပျက်စီးသွားပြီး တချို့အိမ်တွေမှာတော့ တစိတ်တပိုင်းပျက်တာ၊ ခေါင်မိုး လန်သွားတာတွေ ရှိခဲ့ပါတယ်။ စစ်တွေမြို့ရဲ့ ပျက်စီးမှုအခြေအနေကိုတော့ ပရဟိတ လုပ်ဆောင်နေတဲ့ ကိုဇော်ဇော်ထွန်းက ပြောပြပါတယ်။

“ ပျက်စီးတာတွေက များသောအားဖြင့်က ခေါင်မိုးတွေလန်တာ၊ ပြီးတော့ သစ်ပင်တွေ ကျိုးကျတာ၊ နောက်ပြီးတော့ လျှပ်စစ်မီး ဝါယာကြိုးတွေ ပြတ်တာပေါ့နော်။ အဲလိုမျိုးတွေ များတာပေါ့နော်။ တနင်္လာနေ့ညပေါ့။ တနင်္လာနေ့ည ၇ နာရီ ၈ နာရီ လောက်ကတည်းက သူက လျှပ်စစ်မီးက ဖြတ်ထားလိုက်ပြီ ခင်ဗျ။ ဒါပေမယ့် ဒီညနေမှာ တချို့သော နေရာတွေမှာ ရတာတော့ ရှိတယ်ခင်ဗျ။ ဆေးရုံမှာ ကတော့ လျှပ်စစ်မီး ရပါပြီ ခင်ဗျ။ ဒါပေမယ့် မြို့ရဲ့တော်တော်များများ နေရာမှာတော့ လျှပ်စစ်မီး မရသေးဘူး ခင်ဗျ။ ”

မိုရာ ဆိုင်ကလုန်းမုန်တိုင်း ကျရောက်လာမှာကို အစိုးရက သတိပေး နှိုးဆော်တာမျိုး လုပ်ခဲ့ပေမယ့် တကယ်တမ်း မုန်တိုင်း ကျရောက်ချိန်မှာ လိုအပ်တဲ့ ကူညီကယ်ဆယ်ရေး အစီအစဉ်တွေ အတွက် ကြိုတင်ပြင်ဆင်မှု အားနည်းတာ သတိပြုမိတယ်လို့ ကိုဇော်ဇော်ထွန်းက ထောက်ပြ ပါတယ်။

“အာဏာပိုင်တွေ ဘက်က ကြိုတင်သတိပေးတယ် ဆိုတာက ရေဒီယိုမှာ ရုပ်မြင်သံကြားမှာ ပေါ့နော်။ ပြီးတော့မှ အွန်လိုင်းပေါ်က နေပြီးတော့မှ မုန်တိုင်း ဘယ်လောက် တိုက်ခတ်နိုင်တယ်၊ လိမ္မော်ရောင် အဆင့်ကို ရောက်နေပြီ စသဖြင့်ပေါ့ အဲလိုမျိုး လုပ်တာရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ တခု ပြောစရာရှိတာက မုန်တိုင်းတိုက်ပြီ ဆိုလို့ရှိရင် ဘယ်နေရာတွေက တိုက်ခတ်နှုန်း များနိုင်တယ်ပေါ့။ အဲဒီ နေရာတွေ အတွက်ကို အဲဒီမုန်တိုင်း မတိုက်ခင် ကတည်းက စခန်းတွေ တည်ဆောက်ပေးထားတာ၊ အရေးပေါ် ကူညီဖို့အတွက် အင်အားတွေ ဖြည့်ပေးထားတာ၊ လိုအပ်တဲ့ ရိက္ခာတွေနဲ့ အစားအသောက် ဖြည့်တင်းပေးထားတာ ဒီလိုမျိုးတွေ လုပ်ဖို့ ကျနော်က ဖြစ်စေချင်တာ ပေါ့နော်။ အစိုးရမှာ ကူညီကယ်ဆယ်ရေး ပုံစံက အဲလို အနေအထားတော့ မဟုတ်ဘူး။ ဖြစ်ပြီဆိုတာနဲ့ ချက်ချင်းကို အရေးပေါ် အကူအညီ ကယ်ဆယ်ရေး လုပ်နိုင်တဲ့ အနေအထားမျိုးတော့ ကျနော်ရဲ့အတွေ့ အကြုံအရ မရှိခဲ့ဘူးခင်ဗျ တခါမှ။”

မိုရာ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အတွင်း ပျက်စီးခဲ့တာတွေကို ပြည်နယ်အစိုးရက စာရင်းအတိအကျ ကောက်ခံနေပြီး ပြန်လည်ထူထောင် ရေး လုပ်ဖို့ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊ မင်းပြား၊ တောင်ကုတ်၊ ရသေ့တောင်၊ ဘူးသီးတောင်စတဲ့ မြို့နယ် (၁၁) ခု အတွက် ကျပ်ငေ ွ(၃၅) သန်းနီးပါး ပေးလှူခဲ့ပါတယ်။ ဒီ ကူညီကယ်ဆယ်ရေး ငွေတွေကို ပြည်သူတွေထံ တိုက်ရိုက်ထောက်ပံ့ သွားမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ဆောင်ရွက်သွားဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG