သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြဂနိုင်”မြန်မာရုပ်ရှင် ယူနက်စကို အမွေအနှစ်စာရင်းသွင်းခံရ


“မြဂနိုင်”မြန်မာရုပ်ရှင်
“မြဂနိုင်”မြန်မာရုပ်ရှင်

ဒါရိုက်တာ အေဝမ်းဦးတင်မောင် ၁၉၃၄ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ မြဂနိုင် ရုပ်ရှင်ဇာတ်ကားကို ယူနက်စကိုရဲ့ ဒေသတွင်းအမွေအနှစ်အဖြစ်နဲ့ စာရင်းသွင်းလိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရုပ်သံအမွေအနှစ်တွေကို အချိန်မီထိန်းသိမ်းဖို့လိုအပ်နေပြီး ပြည်တွင်းမှာ ဒီလို အမွေအနှစ် ဇာတ်ကားတွေရှိတယ်ဆိုတာ နိုင်ငံတကာ က သတိထားမိလာစေဖို့ ကြိုးစားခဲ့တာလို့ ဒီဇာတ်ကားကို ယူနက်စကိုအတွက် တင်သွင်းခဲ့တဲ့ Save Myanmar Film ရဲ့ ဦးဆောင်လူငယ်တစ်ဦးက ပြောလိုက်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

တောင်ကိုရီးယားနိုင်ငံ ဂွမ်းဂျူးမြို့မှာလုပ်ခဲ့တဲ့ မှတ်တမ်းအမွေအနှစ်များဆိုင်ရာ အာရှပစိဖိတ်ကော်မတီ အစည်းအဝေးမှာ ၁၉၃၄ခုနှစ်က မြန်မာ့ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ မြဂနိုင် ရုပ်ရှင်ကားကို ယူနက်စကိုရဲ့ ဒေသတွင်းအမွေအနှစ်အနေနဲ့ စာရင်းသွင်းလိုက်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဖလင်ရုပ်ရှင်ကားတွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးနေပြီး မြန်မာနိုင်ငံ မှာလည်း သမိုင်းဝင်ရုပ်ရှင်ကားတွေကို အချိန်မီထိန်းသိမ်းဖို့ လိုနေတာကြောင့် ယူနက်စကို စာရင်းဝင်ဖို့ ကြိုးစားခဲ့တဲ့ Save Myanmar Film ရဲ့ စီမံကိန်းဒါရိုက်တာ ကိုဥက္ကာကပြောပါတယ်။

“အဓိက ကျွန်တော်တို့ အမွေအနှစ် စာရင်းဝင်ချင်တယ်ဆိုတာက မြန်မာနိုင်ငံရဲ့ ဒီ ကျွန်တော်တို့စပြီး ရုပ်ရှင် စရိုက်ခဲ့တဲ့အချိန်က စောခဲ့တယ်ပေါ့နော်။ စောခဲ့တဲ့ အကြောင်းအရင်ကို ကျွန်တော်တို့က တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ဆီမှာလည်း ဒီလိုရုပ်ရှင်ကားမျိုးရှိတယ် ဆိုတာကို အသိအမှတ်ပြုစေချင် တယ်။ နောက်တစ်ခုက ဒီလိုအသိအမှတ်ပြုတဲ့စာရင်းဝင်အောင် ကြိုးစားရတဲ့အကြောင်းအရင်းက ဒီအမွေ အနှစ်စာရင်း ဝင်သွားပြီးတဲ့နောက်ပိုင်းမှာဆိုရင် ဒီရုပ်ရှင်ကားတွေကို ရေရှည်ထိန်းသိမ်းဖို့ ဆိုတဲ့ အစီအစဉ်တွေကို ကျွန်တော်တို့က အထောက်အပံ့နဲ့ ရလာနိုင်တယ်။ အခုလက်ရှိမှာ လူတွေကလည်း သိပ်မသိဘူး။ ကူညီအားပေးမယ့်သူတွေကလည်း သိပ်မသိဘူး။ အဲဒီအတွက်ကြောင့်ဒီလို အမွေအနှစ် စာရင်းဝင်အောင် ကြိုစားရခြင်း ဖြစ်တာပေါ့နော်။”

မြဂနိုင်ရုပ်ရှင်ကားက အဖြူအမည်းဖလင် အမျိုးအစားဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖလင်ကားတွေ စုဆောင်း သိမ်းဆည်းထားတဲ့နေရာမှာ ကျန်နေတဲ့ ၁၅ကားထဲက တစ်ကားဖြစ်ပါတယ်။ မြန်မာဖလင် ရုပ်ရှင် ကားတွေဟာ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီဖြစ်ပါတယ်။ ဖလင်တွေက မြင့်မားတဲ့အပူချိန်နဲ့ စိုထိုင်းဆ များတဲ့အခြေအနေမှာ ပျက်စီးတာကြောင့် မီးမမှန်တဲ့ မြန်မာနိုင်ငံအတွက် အအေးခန်းသိုလှောင်ရုံ မရှိဘူးလို့ ကိုဥက္ကာကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမမျိုးဆက် နိုက်ထရိတ်ဖလင်တွေ လုံးဝမရှိတော့ပါဘူး။ မြန်မာ့အသံက ပြသနေတဲ့ ရုပ်ရှင်ကားဟောင်းတွေထဲမှာ ကား ၃၀လောက်ပဲ မူရင်း ၃၅မီလီမီတာ ဖလင်အနေနဲ့ရှိပါတော့တယ်။ ယူနက်စကို စာရင်းဝင်သွားတဲ့အတွက် ရှေ့ဆက်ပြီး ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လမ်းကြောင်းတစ်ခုဖြစ်ကြောင်း အာရှပစိဖိတ် ကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်ရဲ့ အတွင်းအရေးမှူးချုပ် အနေနဲ့တက်ရောက်ခဲ့တဲ့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က အခုလိုပြောပါတယ်။

“အခုရွေးလိုက်တဲ့အတွက် ဒီရုပ်ရှင်ကားနဲ့ ပတ်သတ်ပြီးတော့မှ နိုင်ငံတကာက ယူနက်စကိုအနေနဲ့လေ အကူအညီတွေကို စနစ်တကျ ပေးလာဖို့ ရှိတယ်ပေါ့နော်။ သူပေးရမယ့်အကူအညီတွေက ဒီရုပ်ရှင် နဲ့ပတ်သတ်ပြီး တွေ့ကြုံနေရတဲ့ အခက်အခဲတွေပေါ်မှာ မူတည်ပြီးတော့မှ စီမံချက်တွေ၊ စီမံကိန်းတွေ ဆွဲပြီး ကူညီမှာပါ။ နောက်ထပ်အလားအလာကတော့ ကျွန်တော်တို့မှာ ဒီဇာတ်ကား တစ်ကားတည်း ဒီလိုအခြေ အနေမျိုး ကြုံနေရတာမဟုတ်ဘူး။ နောက် သတင်းမှတ်တမ်းနဲ့ ပတ်သတ်လို့ရှိရင် ထိပ်ဆုံးမှာ ရှိနေတာ ဆဌသင်္ဂါယနာ တင်တဲ့ပွဲရှိပါတယ်။ နောက်ဗိုလ်ချုပ်အောင်ဆန်း ဇာပန အခမ်းအနားရှိတယ်။ ဒါတွေကိုလည်း နောင်နှစ်တွေ နောင်နှစ်တွေမှာ အရေးကြီး မှတ်တမ်းအမွေအနှစ် အနေနဲ့ ဆက်ပြီးတင်သွား နိုင်မယ့်လမ်းတွေ ပွင့်သွားပြီ ဆိုတဲ့ သဘောပါပဲ။”

မြဂနိုင်ရုပ်ရှင်ကို ၁၉၃၄မှာ စတင်ရိုက်ကူးထုတ်လုပ်တုန်းက အသံတိတ်ရုပ်ရှင်ဖြစ်ပြီး နောက်ခံသီချင်းကို ၁၉၅၄ ခုနှစ်မှာထည့်သွင်းခဲ့ပါတယ်။ စကားပြောခန်းတွေကိုတော့ ၁၉၇၀ လောက်ကျမှ ထပ်ဖြည့်နိုင်တာပါ။ မြဂနိုင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ အေဝမ်းဦးတင်မောင်ကို ၁၉၀၈ ခုနှစ်မှာမွေးခဲ့ပြီး ရုပ်ရှင်မိသားစု အသိုင်းအဝန်းကြားမှာ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အစ်ကို ဦးညီပုက မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဦးဆုံး သရုပ်ဆောင်ပါ။

ဒုတိယကမ္ဘာစစ်တွင်းမှာ ဦးတင်မောင်က ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)မှာ စစ်မှုထမ်းခဲ့ပြီး စစ်ပြီးသွားတဲ့နောက်ပိုင်းမှာ သူ့ရဲ့ ‘အေဝမ်း’ ရုပ်ရှင်လုပ်ငန်းကိုပဲ အာရုံစိုက် လုပ်ကိုင်ခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး နည်းပညာတွေကို အာရှနိုင်ငံအမြောက်အများမှာ လေ့လာခဲ့ပြီး ၂၀၀၀ပြည့်နှစ်မှာ သေဆုံးခဲ့ပါတယ်။ ‘ချစ်ရေစင်’ နဲ့ ‘မြဂနိုင်’အပါအဝင် ရုပ်ရှင်ကားပေါင်း လေးဆယ်ကျော်ရိုက်ကူးခဲ့ပါတယ်။

မြဂနိုင်ရုပ်ရှင်ကားနဲ့အတူ ယူနက်စကိုရဲ့ ဒေသတွင်းအမွေအနှစ်အနေနဲ့ တပြိုင်နက်တည်း စာရင်းသွင်း ခံရတာကတော့ ရခိုင်ပြည်နယ် သျှစ်သောင်းဘုရားမှာရှိတဲ့ ဘုရင်အာနန္ဒစန္ဒြမင်းရဲ့ ကျောက်စာပဲ ဖြစ်ပါတယ်။

XS
SM
MD
LG