သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန်ခရီးစဉ် အတေ့ွအကြုံ


အမေရိကန်ပြည်ထောင်စုကို ရွေးကောက်ပွဲ လေ့လာရေးခရီးရောက်ရှိလာခဲ့ကြသော မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ဗွီအိုအေရုံးရှေ့မှာ အမှတ်တရ။
အမေရိကန်ပြည်ထောင်စုကို ရွေးကောက်ပွဲ လေ့လာရေးခရီးရောက်ရှိလာခဲ့ကြသော မြန်မာ လွှတ်တော်ကိုယ်စားလှယ်များ ဗွီအိုအေရုံးရှေ့မှာ အမှတ်တရ။

အမေရိကန်ရွေးကောက်ပွဲစနစ်လေ့လာရေးခရီးစဉ်ရဲ့ အတွေ့အကြုံတွေကို မြန်မာနိုင်ငံမှာ လက်တွေ့ ပြန်အသုံးချနိုင်တာတွေရှိသလို အမေရိကန်စနစ် အတိုင်း အပြည့်အဝပွင့်လင်းမြင်သာမှုရှိနိုင်ဖို့အတွက် အချိန်လိုလိမ့်မယ်လို့ ယုံကြည်ကြောင်း ခရီးစဉ်မှာပါဝင်တဲ့မြန်မာလွှတ်တော် အမတ်တွေက ပြောပါတယ်။ မြန်မာလွှတ်တော်အမတ် စုစုပေါင်း (၉) ဦးနဲ့ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် (၃) ဦးတို့ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန် ပြည်နယ်ရွေးကောက်ပွဲအပါအဝင် လွှတ်တော်နဲ့ ဖက်ဒရယ်စနစ်အုပ်ချုပ်ပုံတွေကို သုံးပတ်ကြာလေ့လာခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

ဒီခရီးစဉ်အတွင်း အမေရိကန်ရွေးကောက်ပွဲစနစ်မှာ မဲပေးဖို့ မှတ်ပုံတင်တာကစလို့ မဲပေးပုံစနစ်၊ မဲရေတွက်ပုံစနစ်တွေကို အဓိကထား လေ့လာခဲ့ကြရ တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်ကပြောပါတယ်။

“လာတဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ electoral system နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ သူတို့ ဒီမှာ ပြည်နယ်အသီးသီးမှာ ဘယ်လိုတွေ ဆောင်ရွက် နေကြသလဲ၊ နောက် သူတို့တွေရဲ့ မဲပေးပုံစနစ်နဲ့ မဲပေးဖို့ရာ မှတ်ပုံတင်တဲ့စနစ် ဘယ်လောက်အထိ တိတိကျကျရှိသလဲ။ LA မှာဆိုရင် မဲတွေကို ရေတွက်တဲ့ ပုံစံတွေကအစ အခု နောက်ဆုံးလေ့လာခဲ့ရတာလေ။ အဲဒီတော့ သူတို့တွေရဲ့ဆောင်ရွက်မှုဟာ ဘယ်လောက် စည်းစနစ်တကျ ရှိတယ် ဆိုတဲ့ဥစ္စာ အတုယူစရာတွေ အများကြီးရပါတယ်။”

သုံးပတ်ကြာခရီးစဉ်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒီယားနား၊ တက္ကဆက်နဲ့ ကာလီဖိုးနီးယားပြည်နယ်တွေက ရွေးကောက်ပွဲစနစ်တွေအပြင် ဝါရှင်တန်မြို့တော်မှာ အမေရိကန်အစိုးရနဲ့ လွှတ်တော် တွေကိုလည်း သွားရောက်လေ့လာခဲ့တာပါ။ ဒီအတွေ့အကြုံတွေကိုအခြေခံပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ ကိုက်ညီသလို အသုံးပြုသွားနိုင်တဲ့ အချက်တွေရှိပါတယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

“တချို့ဟာတွေဆိုရင် သင်ခန်းစာယူပြီးတော့ ဆောင်ရွက်လို့ရနိုင်တာတွေရှိတယ်။ တချို့ဟာတွေကတော့ ဘယ်လိုမှ လတ်တလောဆောင်ရွက်လို့ ရနိုင်တာမရှိသေးဘဲနဲ့ နောင်အနာဂတ်အတွက် မှတ်တမ်းတင်ထားလို့ရတာတွေ ရှိတယ်။ အဲဒီထဲမှာ အန်ကယ်တို့ လေ့လာတွေ့ရှိချက်ထဲကနေ ပြုပြင်သင့်တဲ့၊ လိုက်နာသင့်တဲ့၊ အမှတ်အသားပြုသင့်တဲ့အချက်အလက်တွေကိုဆိုရင် အန်ကယ်တို့က ဆိုင်ရာ ဆိုင်ရာအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုပဲဖြစ်စေ၊ ပါတီကိုပဲဖြစ်စေ၊ အစိုးရအဖွဲ့ကိုပဲဖြစ်စေ ဒါက အစီရင်ခံစာတင်တာတွေ ရှိလာမှာပါ။ အဲလိုရှိလာတဲ့အပေါ်မှာမူတည်ပြီးတော့ အချို့ကိစ္စရပ်တွေဆိုရင် လွှတ်တော်ထဲမှာ မေးခွန်းမေးမြန်းခြင်းတွေ၊ အဆိုမေးမြန်းခြင်းတွေနဲ့လည်း ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ အချက်အလက်တွေ ရှိတာကို တွေ့ရပါတယ်။ အဲဒါတွေက နောက်ပိုင်း လိုအပ်သလို စီစဉ်ဆောင်ရွက်သွားရမှာပေါ့။”

အမေရိကန်ပြည်ထောင်စုရဲ့ဖယ်ဒရယ်စနစ်မှာပြည်နယ်အစိုးရတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာအပြည့်အဝပေးထားပေမဲ့ မြန်မာနိုင်ငံမှာတော့ ဗဟိုအစိုးရရဲ့ချုပ်ကိုင်ထားမှုက ပိုများနေဆဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရတွေမှာ လုပ်ပိုင်ခွင့်တွေပိုရနိုင်ရင် ပိုကောင်းမယ်လို့ ချင်းပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဇုန်လှယ်ထန်းကပြောပါတယ်။

“ကျနော်တို့ဆီမှာ ကွာခြားသွားတာကတော့ ကျနော်တို့က ပြည်ထောင်စုကပဲ အကုန်လုံးယူတာ။ ပြည်နယ်ကို နည်းနည်းပဲပေးတယ်။ သဘောတရား လောက်ပဲပေးတာ။ လုပ်ပိုင်ခွင့်တွေလေ- သူ့ရဲ့ဖက်ဒရယ်စနစ်က တော်တော်လေး ကွာသွားတာ။ သူ့ရဲ့ပြည်ထောင်စုစနစ်မှာ ကောင်းတာတခုက ဘာလဲဆိုတော့ ပြည်နယ်တွေကို အဲလို အာဏာခွဲဝေပေးတဲ့အပေါ်မှာ သူက အခြေခံဥပဒေ ရေးဆွဲခွင့်ပြုလိုက်တယ်။ ပြည်နယ်က သူတို့လိုချင်တဲ့ ပုံစံအတိုင်းပေါ့နော်- ဥပဒေတွေပြော၊ ပြီးတော့ အုပ်ချုပ်ရေးကဏ္ဍတွေ၊ ကျန်တဲ့စီးပွားရေးကဏ္ဍတွေ၊ ကျန်တဲ့အစိုးရအဖွဲ့အစည်းလုပ်ရမယ့် ကဏ္ဍတွေမှာလည်း သူက လွတ်လွတ်လပ်လပ် သူက လုပ်ခွင့်ပေးလိုက်တယ်၊ ပြည်နယ်ကို-”

အမေရိကန်အစိုးရနဲ့ လွှတ်တော်တို့ကြား အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးပိုင်းမှာ တဘက်နဲ့တဘက် အပြန်အလှန်ထိန်းကျောင်းပေးထားတဲ့စနစ်လိုမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာဖို့ ၂ဝ၁၅ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောပါတယ်။

“ကျနော်တို့ ဒီနှစ်ရပ်အကြောင်း စပြောရမယ်ဆိုရင် ဥပဒေပြုရေးနဲ့အုပ်ချုပ်ရေး ခွဲယူတာတွေကို သွားတွေ့ပါတယ်။ ကျနော်တို့နိုင်ငံမှာတော့ ကူးပြောင်းစ ကာလဖြစ်တဲ့အတွက်ကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲက အဖြေပေးပါလိမ့်မယ်။ အဲဒီမှာ ကျနော်တို့ ဒီနိုင်ငံပုံစံမျိုးသွားမလား၊ ဒါမှမဟုတ် အုပ်ချုပ်ရေးအဖွဲ့ရော ဥပဒေပြုတဲ့အဖွဲ့မှာရော မျှခြေဖြစ်အောင် ကြိုးစားမလားဆိုတာတော့ စဉ်းစားရမှာဖြစ်ပါတယ်။ ကျနော့်အမြင် တယောက်တည်း သုံးသပ်ချက်အရ ပြောရရင်တော့ အုပ်ချုပ်ရေးအဖွဲ့ရော၊ ဥပဒေပြုရေးအဖွ့ဲရော၊ အာဏာရပါတီရော၊ အတိုက်အခံပါတီရော မျှမျှတတနဲ့ဝင်ရောက်ပြီး လုပ်ကိုင်ရင်တော့ တိုင်းပြည်ရဲ့တိုးတက်မှု ပိုကောင်းမှာပေါ့။ သို့သော် မြန်မာနိုင်ငံရဲ့ပုံစံကတော့ သူက ထိန်းကျောင်းမှုအားပိုကောင်းတာကို သွားတွေ့ရမှာ ဖြစ်ပါတယ်။”

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မေလ (၁၆) ရက်န့ အမေရိကန်က ပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။အမေရိကန်အစိုးရရဲ့ IVLP နိုင်ငံတကာ ခေါင်းဆောင်မှု အစီစဉ်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့လာရောက်ဖို့ ရန်ကုန်အမေရိကန်သံရုံးက စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လေးယောက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်နဲ့ လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင် သုံးဦး စုစုပေါင်း (၁၂) ဦး ပါဝင်ပါတယ်။

XS
SM
MD
LG