သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦး ရှေးဟောင်း သမိုင်းဝင်နေရာ ဖြတ်မယ့် ရထားလမ်းကြောင်း ပြောင်း


မြောက်ဦး ရှေးဟောင်း သမိုင်းဝင်နေရာ ဖြတ်မယ့် ရထားလမ်းကြောင်း ပြောင်း
မြောက်ဦး ရှေးဟောင်း သမိုင်းဝင်နေရာ ဖြတ်မယ့် ရထားလမ်းကြောင်း ပြောင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်း ဖောက်လုပ်မယ့် ရထားလမ်းကို ရဟန်းသံဃာတွေ၊ ဒေသခံတွေဘက်က ကန့်ကွက်မှုတွေ ရှိနေတာကြောင့် အခုဆိုရင် လမ်းကြောင်းပြောင်းလဲ ဖောက်လုပ်ဖို့ အာဏာပိုင်တွေဘက်က သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မြောက်ဦးကို ဖြတ်သန်းမယ့် မင်းဘူး၊ အမ်း၊ စစ်တွေ ရထားလမ်းဟာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ဖြတ်ပြီး ဖောက်လုပ်မှာမို့ ကန့်ကွက်ပြောဆိုမှုတွေ ရှိလာတာကြောင့် နဂိုသတ်မှတ်ထားတဲ့ လမ်းကြောင်းကို အနည်းငယ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

တောင်းဆို တင်ပြမှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ယာယီရပ်တန့်ထားတဲ့ ရထားလမ်း ဖောက်လုပ်မှုကို ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နဲ့ အဖွဲ့ လာရောက် ဖြေရှင်းတာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

စောစောပိုင်းက ဖောက်လုပ်စဉ် ပျက်စီးခဲ့တဲ့ ပြည်စိုးကြီးဘုရား၊ သဇင်တံ တံတိုင်းနဲ့ စင်္ကြန်ဟောင်းတွေကိုပါ ပြန်လည်ပြုပြင်ပေးဖို့နဲ့ ရှေးဟောင်းဝတ္ထုပစ္စည်း ဥပဒေအရ ကင်းလွတ်အောင်လုပ်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မီးရထား ဝန်ကြီးဌာနကို အကြောင်းကြားထားတယ်လို့လည်း အမည်မဖော်လိုတဲ့ ရှေးဟောင်း သုတေသန အရာရှိဟောင်း တဦးက ဗွီအိုအေကို ပြောပါတယ်။

အခုပြောင်းလဲလိုက်တဲ့ လမ်းကြောင်းဟာ ဒေသခံတွေ တင်ပြတဲ့ မြောက်ဦးမြို့ တောင်ဘက်နဲ့ အနောက်ဘက် လမ်းကြောင်း မဟုတ်ပေမဲ့ အရင်သတ်မှတ်ထားတဲ့ လမ်းကြောင်းနဲ့ စာရင် ယဉ်ကျေးမှု အမွေအနှစ် ပျက်စီးမှု သက်သာမှာ ဖြစ်တယ်လို့ သိရပါတယ်။

အရင် လမ်းကြောင်းဟောင်းအတိုင်း ဆိုရင် မင်္ဂလာမန်အောင်တံတိုင်း၊ နန်းရုံတံတိုင်းတို့ကို တိုက်ရိုက် ဖြတ်သန်းသွားမှာဖြစ်ပြီး ပြောင်းလဲလိုက်တဲ့ လမ်းကြောင်းသစ်အရ ပြည်စိုးကြီး ဘုရားကနေ မြောက်ဘက်တည့်တည့် ဖောက်မှာမို့ အဲဒီတံတိုင်းတွေကို ရှောင်ကွင်းနိုင်မှာဖြစ်ပြီး နာမည်ကြီး ကိုးသောင်းဘုရားနဲ့ ပေ ၅၀၀ အကွာက ဖြတ်သန်းမှာ ဖြစ်ပါတယ်။

အခုလို လမ်းကြောင်းပြောင်းမှုအပေါ် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က…

“ကျနော်တို့ တောင်းဆိုတဲ့ ရှောင်ကွင်းလမ်းကြောင်းကို မရပေမဲ့ သတိထားပြီးခါမှ ပျော့ပျောင်းလာတဲ့သဘော၊ ပြည်သူလူထု ဆန္ဒအပေါ် လိုက်လျောမှု ရှိတဲ့သဘော၊ သမိုင်းရဲ့ အမွေအနှစ်အပေါ် တစုံတခု အတိုင်းအတာထိ တန်ဖိုးကို ပိုပြီး အလေးအနက်ထားတဲ့ သဘောလို့ပဲ သုံးသပ်ပါတယ်။” လို့ ပြောသွားပါတယ်။

ရထားလမ်း အူကြောင်းကို မီးရထား ဝန်ကြီးဌာနက သတ်မှတ်တာဖြစ်ပြီး Steel Stone ကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်တာ ဖြစ်ပါတယ်။

ဒေသခံတွေ တင်ပြတဲ့ လမ်းကြောင်းက ငွေကြေးကုန်ကျမှု များနိုင်လို့ အာဏာပိုင်တွေက သဘောမတူခဲ့ဘူးလို့ သိရပါတယ်။ လမ်းကြောင်းသစ် ပြောင်းတယ် ဆိုပေမဲ့ သမိုင်းယဉ်ကျေးမှု နယ်မြေကို ရှောင်ကွင်းနိုင်ရင် ပိုကောင်းတယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။

“မူရင်းလမ်းကြောင်းနဲ့ စာရင်တော့ ပိုခံသာတဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ ငွေကြေးကုန်မှာကို ဒီနေရာမှာ ထည့်မတွက်သင့်ပါဘူး။ နောင်နှစ်ပေါင်းများစွာ ဖြတ်သန်းမယ့် ရထားလမ်းဟာ သမိုင်းဇုန်၊ Archaeological Zone ကို ရှောင်ကွင်းသွားတာကတော့ အရေးတကြီး လိုအပ်ပါလိမ့်မယ်။ အခု ဒုတိယ ဦးစားပေး လမ်းကြောင်းကို သူတို့ တိုင်ပင်ပြီးခါမှ လမ်းကြောင်းဟာ မူလသွားမယ်ဆိုတဲ့ လမ်းကြောင်းနဲ့စာရင် ဒေသခံ သမိုင်းပညာရှင်တွေရဲ့ အမြင်အားဖြင့် တစုံတခု အတိုင်းအတာထိ ခွင့်ပြုနိုင်တဲ့ အခြေအနေမှာ ရှိပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ မှာ မင်းစောမွန်က တည်ထောင်ခဲ့တာဖြစ်ပြီး အေဒီ ၁၇၈၄ မဟာသမ္မတ ရာဇာမင်း လက်ထက်မှာ ဘိုးတော်ဘုရား သိမ်းယူခဲ့တာကြောင့် မြောက်ဦးခေတ် အဆုံးသတ်ခဲ့ပါတယ်။

XS
SM
MD
LG