သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား မြစ်ဆုံကန့်ကွက်ပွဲ ခရစ်ယာန်ခေါင်းဆောင်တွေ ပါဝင်


 မြစ်ကြီးနား မြစ်ဆုံကန့်ကွက်ပွဲ ဖေဖော်ဝါရီလ ၇ ရက် (KBC KACHIN)
မြစ်ကြီးနား မြစ်ဆုံကန့်ကွက်ပွဲ ဖေဖော်ဝါရီလ ၇ ရက် (KBC KACHIN)

တရုတ်အထောက်အပံ့နဲ့ ဆောက်လုပ်မယ့် ကချင်ပြည်နယ်က မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းကို ဖျက်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုမှုတွေ တိုးလာနေချိန်မှာပဲ မြစ်ကြီးနားမှာ အခုထိပြုလုပ်နေတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြတောင်းဆိုမှုတွေမှာ မြန်မာခရစ်ယန် ခေါင်းဆောင်တွေပါ ပါဝင်လာကြပါတယ်။

သြဇာကြီးတဲ့ ကက်သလစ်ဘုန်းတော်ကြီး Cardinal ချားလ်စ် မောင်ဘို ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြစ်ဆုံဆည်တည်ဆောက်မှုဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြီးရဲ့ သဘာဝ ဝန်းကျင်ပျက်စီးမှုနဲ့အတူ မြစ်ကြီးကို မှီခိုနေရသူဒေသခံတွေအတွက် ထိခိုက်စေနိုင်တဲ့အတွက် ဒါဟာ မြန်မာလူထုအတွက် သေဒဏ်ချမှတ်လိုက်တာနဲ့ တူနေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံရဲ့ အထိန်းအမှတ် ပြယုဂ် တခုဖြစ်တဲ့အတွက် ဘာနဲ့မှ မလဲနိုင်သလို အနာဂတ်ငြိမ်းချမ်းရေး အတွက် မြစ်ဆုံဆည် စီမံကိန်းကို ရပ်ပစ်ရမယ်လို့လည်း ဘုန်းတော်ကြီး ချားလ်စ် မောင်ဘိုက ပြောပါတယ်။

တက်ကြွလှုပ်ရှားသူတွေရဲ့ တောင်းဆိုမှုကြောင့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံတန် မြစ်ဆုံဆည်စီမံကိန်းကို သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။

ဆည်ကျိုးပေါက်မှုအများအပြား ဖြစ်ခဲ့တဲ့ နောက်ပိုင်း အရှေ့တောင်အာရှဒေသမှာ တည်ဆောက်မယ့် ဆည်တွေကို သေသေချာချာ ဆန်းစစ်မှုတွေလုပ်လာခဲ့တာပါ။ လာအိုနိုင်ငံမှာ ဇူလိုင်လတုန်းက ဆည်ကျိုးပေါက်မှုကြောင်း အနဲဆုံး ၂၇ ဦးသေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ်ရွှေ့ပြောင်းခဲ့ရသလို မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း သြဂုတ်လထဲ ဆည်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံပြီး လူပေါင်း ခြောက်သောင်းကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးသောင်းထွန်းက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း လုပ်ဆောင်မယ့် နေရာဟာ ငလျင်ကြောပေါ် ကျနေတာကြောင့် အရွယ်အစားနဲ့ နေရာပြောင်းလဲဖို့အတွက် တရုတ်နိုင်ငံနဲ့ ညှိနှိုင်းနေ ကြောင်း နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG