သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာနိုင်ငံသားတွေဌာနေ ပြန်ဖို့ အရေးကြီးကြောင်း မြန်မာလက်ခံ


မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali တို့ တွေ့ဆုံဆွေးနွေးနေစဉ်
မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali တို့ တွေ့ဆုံဆွေးနွေးနေစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်ပို့ရေးဟာ အရေးကြီးတယ်ဆိုတာကို လက်ခံကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်နေတဲ့ မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali နဲ့ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံစဉ် ဦးသောင်းထွန်းက အဲဒီလို ပြောကြားခဲ့တာလို့ ဆိုပါတယ်။ တွေ့ဆုံမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အတွင်းဝန် Md Shahidul Haque နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Sufiur Rahman တို့လည်း တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တွေ့ဆုံမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ပို့ရေးအတွက် နှစ်နိုင်ငံအကြား အရင်က လုပ်ဆောင်ခဲ့တာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြန်ပြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဦးသောင်းထွန်းကတော့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြင့်ဆောင်ရွက်ဖို့ မြန်မာအစိုးရဘက်က ဆန္ဒရှိကြောင်းနဲ့ သဘောထားကွဲပြားမှုတွေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာလိုကြောင်း တွေ့ဆုံမှုအတွင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိခဲ့တဲ့အပေါ်လည်း ကြေနပ် အားရကြောင်း ဦးသောင်းထွန်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဇူလိုင်လ ၂ ရက်ကနေ ၄ ရက်နေ့အထိ ၃ ရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG