သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ် ပင်လယ်ပြင် အရေး မြန်မာ ကြားနေမည်


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက် လာတဲ့ နိုင်ငံခြားရေးဝန်ကြီးများ။ (သြဂုတ် ၈၊ ၂၀၁၄)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက် လာတဲ့ နိုင်ငံခြားရေးဝန်ကြီးများ။ (သြဂုတ် ၈၊ ၂၀၁၄)

တောင်တရုတ် ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စမှာ မြန်မာအစိုးရ အနေနဲ့ ဘက်လိုက်ပြီး ရပ်တည်မှာမဟုတ်ပဲ တရုတ်နဲ့ မြန်မာအကြားက ရင်းနှီးမှုကို အခြေခံပြီး ဒီပဋိပက္ခကို တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဆုံးသတ်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်သွားမယ် လို့ ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲအတွင်း ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က သတင်းထောက်တွေကို အဲဒီလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းဌာနက ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ဘက်လိုက် ရပ်တည်မှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်မှာ သြဂုတ်လ ၈ ရက်နေ့က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တွင်းထွက် သဘာ၀ အရင်းအမြစ်တွေအပြင် ငါးဖမ်းလုပ်ငန်းအတွက်ပါ ကြီးမားစွာ လုပ်ကိုင်နိုင်တဲ့ အဲဒီ တောင်တရုတ်ပင်လယ်ပြင်အတွင်းက နယ်မြေ ၉၀ ရာခိုင်နှုန်းကို သူတို့ပိုင်ဆိုင်ကြောင်း တရုတ်အစိုးရက ပြောဆိုနေတာ ဖြစ်ပါ တယ်။ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၅ သောင်းဖိုးနဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေ ရေကြောင်း ကနေ သယ်ယူ ပို့ဆောင်နေတဲ့ အဲဒီ တောင်တရုတ် ပင်လယ်ပြင်အတွင်းက ရေပိုင်နက် တချို့ကို ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်ဝမ် တို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ကိစ္စမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာနိုင်ဖို့ တရုတ်နိုင်ငံနဲ့ ရင်းနှီးမှုအပေါ် အခြေခံပြီး ကြိုးစား လုပ်ဆောင်သွားမယ်လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲအတွင်း အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ထားတဲ့ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

"တောင်တရုတ်ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေကြတဲ့ နိုင်ငံတွေ အချင်းချင်းကြား ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး ဖြစ်ပေါ်လာအောင် ကြားဝင်ဆောင်ရွက်ပေး ဖို့ မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတဲ့အကြောင်း၊ ဒီပဋိပက္ခ ပြေလည်စေရေးအတွက် တရုတ်နိုင်ငံနဲ့ ချစ်ကြည် ရင်းနှီးတဲ့ ဆက်ဆံရေးကို အသုံးချပြီး မြန်မာနိုင်ငံအနေနဲ့ ကြားဝင် ဆောင်ရွက် ပေးနိုင်တာနဲ့အညီ အဲဒီအတိုင်းပဲ လုပ်ဆောင် သွားမှာ ဖြစ်တဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။"

တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်း ၅ ကျွန်းမှာ မီးပြတိုက်တွေ တည်ဆောက်သွားမယ့်အကြောင်း တရုတ်အစိုးရပိုင် သတင်း မီဒီယာတွေမှာ ကြာသပတေးနေ့က ရေးသား ဖော်ပြထားပါတယ်။ အဲဒီအထဲက အနဲဆုံး ကျွန်း ၂ ကျွန်းဖြစ်တဲ့ Drummond ကျွန်းနဲ့ Pyramid Rock ကျွန်းတွေဟာ ဗီယက်နမ်နဲ့ ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း ပြောဆိုနေတဲ့ Paracel ကျွန်းစုတွေထဲမှာ ပါဝင်နေပါတယ်။

တဖက်မှာလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ကွန်ဂရက်လွှတ်တော်ရဲ့ ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးရေး ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေကိစ္စနဲ့ပတ်သက်လို့ ဒီစည်းဝေးပွဲတွေအတွင်း မြန်မာအစိုးရကို မေးခွန်းထုတ်ဖွယ် ရှိနေပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်က လူမျိုးအသွင်ဆောင်တဲ့ အဓိကရုန်းတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူ ၂၀၀ လောက် သေဆုံးပြီး ရိုဟင်ဂျာအများစုအပါအဝင် လူ တစ်သိန်းခွဲလောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အဲဒီ ပြဿနာတွေကို အချိန်တိုအတွင်း ဖြေရှင်းလို့ ရနိုင်မှာမဟုတ်ဘူးလို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

" အမေရိကန်နိုင်ငံအနေနဲ့ ၊ အထူးသဖြင့် ကွန်ဂရက်လွှတ်တော်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုရှိတယ်ဆိုတာကို နားလည်ကြောင်း၊ ဒါပေမယ့် ဒီပြဿနာကို ၃ နှစ်အတွင်း ဖြေရှင်းပစ်လိုက်လို့ မရနိုင်ဘူးဆိုတာကို သူတို့နားလည် သဘောပေါက်သင့်ကြောင်း၊ အမေရိကန်ပြည်ထောင်စုမှာလည်း လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ တိုင်းပြည်တောင်ပိုင်းမှာ ဖြစ်နေတဲ့ ကလေး အလုပ်သမားကိစ္စတွေကို HRW လို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ွရဲ့ အစီရင်ခံစာတွေထဲမှာ ဖော်ပြနေကြတဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။"

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာလည်း အမေရိကန်နိုင်ငံအပါအဝင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျ၊ အိန္ဒိယ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ နယူးဇီလန်၊ ရုရှား စတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို လာမယ့်ရက်တွေမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

XS
SM
MD
LG