သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပြုပြင်ပြောင်းလဲရေး တွန်းအားပေးဆောင်ရွက်မည်ဟုဆို


နိုင်ငံတော်သမ္မတဦးဝင်းမြင့်မိန့်ခွန်းပြောကြားစဉ် (Myanmar President Office)
နိုင်ငံတော်သမ္မတဦးဝင်းမြင့်မိန့်ခွန်းပြောကြားစဉ် (Myanmar President Office)

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခံထားရတဲ့ ဦးဝင်းမြင့်ဟာ သမ္မတသစ်အဖြစ် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့မှာ ကတိသစ္စာပြု လိုက်ပါပြီ။ သမ္မတအဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစတဲ့ ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်ချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။ သမ္မတနဲ့ ဒုသမ္မတ ၂ ဦးတို့ရဲ့ ကတိသစ္စာပြုပွဲအကြောင်း နေပြည်တော်မှာ ကိုယ်တိုင် သတင်း သွားယူနေတဲ့ ကိုဇော်ဝင်းလှိူင်က တင်ပြပေးပါမယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက မတ်လ ၂၈ ရက်နေ့မှာ ရွေးချယ် တင်မြောက်လိုက်ကြတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဒုသမ္မတ ၂ ဦးဖြစ်ကြတဲ့ ဦးမြင့်ဆွေနဲ့ ဦးဟန်နရီ ဗန်ထီးယူတို့ရဲ့ ကတိသစ္စာပြုပွဲကို ဒီကနေ့မနက် ၁၀ နာရီက ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့တာပါ။

"ကျွနု်ပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးဌာ နိုင်ငံတော်အား မိမိအသက်နှင့် ကိုယ်ကို အပ်နှင်းပြီး လေးနက်တည်ကြည်စွာကြေညာ၍ ကတိသစ္စာပြုပြသည်။"

ကတိသစ္စာပြုပွဲအပြီး သမ္မတအဖြစ်နဲ့ ပထမဆုံးအကြိမ် နိုင်ငံတော်ကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲမှူတွေ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အချက်တွေ၊ နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှူ ခံနေရတဲ့ကိစ္စတွေ အပါအဝင် တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှူတွေကို လွယ်လင့်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပေမယ့် သူ့အနေနဲ့ အစွမ်းကုန် အားထုတ်ပြီး ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ ဦးစားပေး ရည်မှန်းချက်တွေလို့ သတ်မှတ်ထားတဲ့ အချက်တွေကိုလည်း အခုလို ပြောကြားခဲ့ပါတယ်။

"နိုင်ငံသူ၊ နိုင်ငံသားများခင်ဗျား- ကျွန်တော့်အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်တဲ့-

(၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊
(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

လက်ရှိအချိန်ဟာ ပြောင်းလဲမှူကို ဖော်ဆောင်ဆဲ ကာလဖြစ်တာကြောင့် တိုင်းသူ ပြည်သားတွေနဲ့ ပြည်သူ့ဝန်ထမ်းအားလုံးရဲ့ ပုံစံကျနေတဲ့ အတွေးအမြင်တွေကို ပြုပြင် ပြောင်းလဲဖို့ လိုအပ်ကြောင်းလည်း သမ္မတ ဦးဝင်းမြင့်က အခုလို သတိပေး ပြောကြား ခဲ့ပါတယ်။

" ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ် ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။"

ဒါ့အပြင် လယ်ယာမြေ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည် ရရှိရေး၊ လျှော်ကြေး၊ နစ်နာကြေး ရရှိရေးတို့ကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး စတဲ့ နိုင်ငံတော်ရဲ့မဏ္ဍိုင်ကြီး ၃ ရပ်နည်းတူ အရေးပါတဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိရေးနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

" ပြည်သူတွေရဲ့ နားတွေ၊ မျက်စေ့တွေ ဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့၊ ကျွန်တော်တို့ အလုပ်အကျွေးပြုရမယ့် နိုင်ငံသူနိုင်ငံသားတွေရဲ့ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ်ပြုကြဖို့ တစ်ဆက် တည်းမှာပဲ တိုက်တွန်းပြောကြားလိုပါ တယ်။ကျွန်တော်တို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့်တောင့်တနေတဲ့ လိုအင်ဆန္ဒတွေကို အတတ် နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ မဏ္ဍိုင်ကြီးတွေအလိုက် ကျွန်တော်တို့အားလုံး ဆတက်ထမ်းပိုး ကြိုးပမ်း ကြရဦးမှာ ဖြစ်ပါတယ်။"

နိုင်ငံတကာရဲ့အလယ်မှာ နိုင်ငံရဲ့ပုံရိပ် ပြန်လည်တောက်ပလာအောင် ဆက်လက် ကြိုးစားကြရဦးမှာ ဖြစ်ကြောင်း၊ ကြိုးနီစံနစ်နဲ့ အကတိလိုက်စားမှူတွေကို တိုက်ဖျက်ပြီး စာရိတ္တမဏ္ဍိုင်ခိုင်မာအောင် ကြိုးပမ်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အတိတ်က ရင်ဆိုင်၊ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို သင်္ခန်းစာယူပြီး တိုင်းသူ ပြည်သားတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေ မြင်ချင် တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ပြည်သူတွေနဲ့အတူ ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ နိဂုံးချုပ်အနေနဲ့ သမ္မတသစ် ဦးဝင်းမြင့်က ပြောကြားခဲ့ပါတယ်။

NLD အစိုးရ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်နေ့မှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတ ၂ ဦးရဲ့ ကတိသစ္စာပြုပွဲကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ကော်မရှင်ဥက္ကဌတွေ၊ ဖိတ်ကြားထားတဲ့ အထူး ဧည့်သည်တော်တွေနဲ့ NLD ပါတီ နာယကကြီး သူရ ဦးတင်ဦးတို့လည်း တက်ရောက် ခဲ့ကြပါတယ်။

ဦးတင်ဦးအနေနဲ့ ဦးနှောက်သွေးကြောပိတ်ပြီး ကိုယ်တခြမ်း လေဖြတ်တဲ့ ရောဂါအတွက် ဆေးကုသမှု ခံယူပြီးတဲ့နောက် ဒီကနေ့ ပြည်ထောင်စုလွှွှတ်တော်မှာ ကျင်းပတဲ့ သမ္မတသစ် ကတိသစ္စာပြုပွဲကို တက်ရောက်တာဟာ လူထု အခမ်းအနားတွေကို ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မတ်လ ၂၄ ရက်နေ့ကမှ သြစတေးလျနိုင်ငံကနေ ပြန်ရောက်လာတဲ့ NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းထိန်လည်း ဒီကနေ့ ကတိသစ္စာပြုပွဲကို တက်ရောက် ခဲ့ပါတယ်။

နိုင်ငံတော်သမ္မသစ် ဦးဝင်းမြင့်က သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ တိုင်းပြည် ပြုပြင် ပြောင်းလဲရေးအတွက် လိုအပ်တဲ့ အဓိက အချက်တွေကို ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အရင် သမ္မတ ဦးထင်ကျော် လက်ထက်အတွင်း ပြုပြင် ပြောင်းလဲမှူတွေကို ထင်သလောက် ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိတဲ့အပေါ်၊ အထူးသဖြင့်တော့ လူ့အခွင့်အရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ပြုပြင် ပြောင်းလဲမှူတွေ လုပ်ဆောင်ပေးနိုင်ခဲ့ခြင်း မရှိတဲ့အပေါ် နိုင်ငံရေး အကဲခတ်တွေအကြား မေးခွန်း ထုတ်စရာတွေ ဖြစ်နေတာကြောင့် သမ္မတသစ် ဦးဝင်းမြင့် အနေနဲ့ရော တိုင်းပြည်မှာ တကယ်လိုအပ်နေတဲ့ ပြုပြင် ပြောင်းလဲမှူတွေကို ဖော်ဆောင် ပေးနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG