ဒီနေ့ညနေ ၃ နာရီက တနိုင်ငံလုံး ဌာနဆိုင်ရာ ရုံးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ နိုင်ငံတော်အလံ အသစ်ကို လွှင့်တင်ခဲ့ကြပြီး ဒီအကြောင်းကိုလည်း အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ ကြေညာသွားခဲ့ပါတယ်။ အဲဒီ နိုင်ငံတော် အလံသစ်မှာ အဝါရောင်၊ အစိမ်းရင့်ရောင်၊ အနီရောင် ခြယ်ထားပြီး အလယ်မှာ အဖြူရောင် ကြယ်ကြီးတလုံး ပါရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဟာ အတည်ပြုရုံအဆင့်ပဲ ဖြစ်ပြီး အသက်မဝင်သေးတော့ အခုလို လုပ်ဆောင်မှုအပေါ် နိုင်ငံရေးပါတီ တချို့က သဘောမတွေ့တာ ရှိသလို တချို့ကလည်း အလံဟောင်းကို ဖြုတ်ချပြီး အလံသစ် တင်မယ်လို့ ပြောဆိုကြပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
၃၆ နှစ်နီးပါး အသုံးပြုခဲ့တဲ့ စပါးနှံ၊ ပင်နီယံနဲ့ ကြယ်ဖြူ ၁၄ လုံးပါ ဆိုရှယ်လစ် သင်္ကေတ အလံကို ဒီနေ့ညနေ ၃ နာရီက ဖြုတ်ချလိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ အတည်ပြုထားတဲ့ အလံကို နိုင်ငံတဝန်းက ဌာနဆိုင်ရာ ရုံးတွေမှာ လွှင့်တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖြုတ်ချခံရတဲ့ အလံဟာ ၁၉၆၂ အာဏာသိမ်းစစ်တပ် ကျောထောက်နောက်ခံဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အလံ ဖြစ်ပါတယ်။
အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ အမည်ပြောင်းလိုက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကတော့ ဒီနေ့လယ်ပိုင်းထိ အလံဟောင်းကို အသုံးပြုနေတုန်းလို့ ပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“ကျနော်တို့ ဘာမှ မလာသေးဘူးဗျ၊ ကျနော်တို့လည်း မသိသေးဘူးဗျ၊ ကျနော်တို့ကတော့ ဒီမှာ ကျနော်တို့ပါတီ ဌာနချုပ်မှာကို ဒီဟာပဲ တင်ထားတာပဲ။ ဘာမှတော့ လာပြောတာ မရှိဘူး၊ ဒီတိုင်းပဲ တင်ထားတာပဲ။ ဒါကတော့ လက်ရှိ ဒါလုပ်ပါဆို လုပ်ရမှာပေ့ါဗျာ၊ ခုတော့ ကျနော်တို့ဆီမှာ ဘာမှ မသိသေးဘူး။”
၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအပြီး ရက် ၉၀ ပြည့်တဲ့ ပြည်ထောင်စုလွှတ်တော် ခေါ်တဲ့နေ့မှပဲ ဖွဲ့စည်းပုံ အာဏာသက်ရောက်မယ်လို့ ပါရှိပါတယ်။ ဒါကြောင့် အလံဟောင်းကိုပဲ ဆက်သုံးနေမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ဆိုပါတယ်။
“ကျနော်တို့ကတော့ နိုင်ငံတော် အလံဟောင်းပဲ သုံးထားရသေးတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတော် အလံသစ်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အတည်ပြုရုံပဲ ရှိသေးတာကိုး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်တော့မှ သုံးရမှာလေ။ အဲဒီတော့ ကျနော်တို့က အဟောင်းပဲ ဆက်သုံးနေသေးတာပေါ့။ အကြောင်းကြားလာရင်တော့ ဖြုတ်သင့်လည်း ဖြုတ်ရမယ်၊ မဖြုတ်ဘဲ နေရင်လည်း နေပေါ့။ ဒါကတော့ ကျနော်တို့ အလုပ်အမှုဆောင် အစည်းအဝေး ခေါ်ရဦးမှာ။”
ဒီကနေ့ အလံတင် အခမ်းအနားမှာ ဗေဒင်ယတြာ သဘောအရ အလံဟောင်းချသူတွေက အင်္ဂါသားသမီးတွေ ဖြစ်ပြီး အလံသစ် တင်မယ့်သူတွေက ဗုဒ္ဓဟူး သားသမီးတွေ ဖြစ်ရမယ်လို့ ညွှန်ကြားထားကြောင်းလည်း နေပြည်တော် စစ်အရာရှိ တယောက်ကို ကိုးကားပြီး ဧရာဝတီ အွန်လိုင်းသတင်းက ဆိုပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ အလံဟောင်းကို မီးရှို့မယ့် အစီအစဉ် ပါရှိတယ်လို့ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
“တင်ထားတုန်းပဲ၊ ကျနော်တို့ဆီ ညွှန်ကြားချက် မရောက်တော့ တင်ထားတုန်းပဲ။ ဌာနဆိုင်ရာတွေ မေးကြည့်တော့ ဟုတ်တယ်တဲ့၊ ၃ နာရီမှာ သူတို့ အလံဟောင်းကိုချပြီး မီးရှို့မယ်လို့ ပြောတယ်။ ကျနော်တို့တော့ မချသေးဘူး။ ဖွဲ့စည်းပုံ အတည်ဖြစ်ပြီးမှ၊ ရွေးကောက်ပွဲပြီးမှ လက်ရှိ လက်ခံထားတဲ့ အနေအထားလေ။ အဲဒီအလံက ရွေးကောက်ပွဲပြီးမှ တရားဝင် အတည်ဖြစ်မှာ။ အဲဒါကြောင့် ကျနော်တို့ မချတာ။”
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း ဖွဲ့စည်းပုံ အာဏာမတည်ခင် အလံသစ်သုံးတဲ့အပေါ် အခုလို အမြင်ရှိပါတယ်။
“အခြေခံဥပဒေ အသက်ဝင်တာက ပြည်ထောင်စုလွှတ်တော် ခေါ်ပြီးမှ အသက်ဝင်မှာကိုး။ အသက်ဝင်တဲ့ ကာလကျမှသာ ဒါက တရားဝင်တယ်လို့ ကျနော်တို့ ယေဘုယျ နားလည်ထားကြတာကိုး။ အခြေခံဥပဒေနဲ့ တိုင်းတာမယ် ဆိုရင်တော့ ဒါက အသက်မဝင်ခင် သုံးစွဲတာကတော့ တရားဝင်မှု၊ မဝင်မှု အပေါ်မှာ စကားပြောစရာတွေ အများကြီး ရှိတာပေါ့ဗျာ။ သို့သော်လည်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရက ဒီအလံကို သီးခြားအမိန့် အနေနဲ့ လုပ်သလား မသိဘူးဗျ။ သူတို့ ဘာမှ အကြောင်းကြားခြင်းမရှိ၊ အသိပေးခြင်း မရှိတော့ ဒီအထိ မသိသေးပါဘူး။”
အရင် အသုံးပြုခဲ့တဲ့ လွတ်လပ်ရေးရစဉ်က အလံနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတို့ရဲ့ အလံဟောင်း ၂ ခုက ပြည်ထောင်စု သင်္ကေတနဲ့ ခေတ်စနစ်ကို ထပ်ဟပ်စေတဲ့ လက္ခဏာတွေ ပါရှိပြီး အခု အလံသစ်ကတော့ တိုင်းစစ်ဌာနချုပ်တွေရဲ့ သင်္ကေတနဲ့ ဆင်တူနေတယ်လို့လည်း ဝေဖန် ပြောဆိုမှုတွေ ရှိပါတယ်။
ဦးခင်မောင်ဆွေကတော့ ဒီအလံဟာ တော်လှန်ရေးသဘော ဆောင်တာမို့ သဘောမကျဘူးလို့ ဆိုပါတယ်။
“ကျနော်ပြောတာက ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ လက္ခဏာ၊ အရိပ်နိမိတ်၊ သင်္ကေတတွေ မတွေ့ရဘူး။ နောက်တခါ အပြောင်းအလဲ သွားနေတဲ့ ကြီးပွားတိုးတက်ခြင်း၊ ညီညွတ်ခြင်း၊ ညီညွတ်ခြင်းဆိုတဲ့ လက္ခဏာကို ပြရမယ့် အနေအထား မပါဘူး။ နောက်ပြီးတော့ အရောင်တွေဟာ တော်လှန်ရေးနဲ့ ပတ်သက်ခဲ့တဲ့ အရောင်တွေ ဖြစ်နေတယ်၊ သုံးရောင်ခြယ်ဆိုတော့။ အခုသွားနေတာက နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေးကာလ မဟုတ်ဘူးလေ။
“အခုက ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကာလကို သွားနေတာလေ။ အဲဒီမှာ ပြည်သူအများကို ထင်ဟပ်နိုင်တဲ့ လက္ခဏာတွေ ပါရင်တော့ ပိုကောင်းလိမ့်မယ်လို့ ကျနော်က သဘောထားရှိတော့ ဒီအလံကို ကျနော် ထောင်ထဲမှာ ရှိစဉ်ကပဲ ဒီအလံပါတဲ့ အခြေခံဥပဒေကို အတည်ပြုပြီး သွားပြီလေ။ အဲဒီတော့ နိုင်ငံသားတယောက် အနေနဲ့ ပြောခွင့်ဆိုခွင့်ရရင် မကြိုက်တာ မကြိုက်ဘူး ပြောရရင် မကြိုက်ဘူးပေါ့ဗျာ။”
စစ်အစိုးရ အတည်ပြုခဲ့တဲ့ နိုင်ငံတော် အလံသစ်အပေါ် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ပြောပြသွားတာ ဖြစ်ပါတယ်။