သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အလံသစ် မဝယ်မနေရ


နိုင်ငံတော်အလံသစ် မဝယ်မနေရ
နိုင်ငံတော်အလံသစ် မဝယ်မနေရ

မြို့ထဲက မြေညီထပ် အိမ်ခန်းတွေ၊ ဈေးဆိုင်ခန်းတွေကို လွတ်လပ်ရေးနေ့မှာ အလံသစ် လွှင့်ထူရမယ်ဆိုပြီး မဝယ်မနေရ သက်ဆိုင်ရာက အလံတွေကို လိုက်ရောင်းနေပါတယ်။ အလံတခုကို ကျပ် ၂,၅၀၀ နဲ့ ရပ်ကွက် အေးချမ်းသာယာရေးက လိုက်ရောင်းတဲ့အကြောင်း စုံစမ်းမေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၁ ရက်နေ့က အသစ်ပြောင်းလဲလိုက်တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အလံသစ်ကို ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ လွှင့်ထူရမယ်ဆိုပြီး ရန်ကုန်မြို့တွင်းက မြေညီထပ် အိမ်ရာတွေကို သက်ဆိုင်ရာ ရပ်ကွက် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက လိုက်လံ ရောင်းချထားပါတယ်။ မဝယ်မနေရ ရောင်းချနေတာ ဖြစ်တယ်လို့ ရန်ကုန်မြို့ ကျောက်မြောင်းမှာ နေထိုင်သူတဦးက အခုလို ပြောပါတယ်။

“လမ်းထဲမှာ လာရောင်းသွားတာ၊ မြေညီထပ်က ဆိုင်တွေ အကုန်လုံးကို၊ ဆိုင်တွေရော အခန်းတွေရောပေါ့။ ရဝတက လမ်းလူကြီးတွေလည်း ပါတယ်။ လွတ်လပ်ရေးနေ့မှာ လွှင့်ဖို့ဆိုပြီး။ နှစ်တိုင်းတော့ မရောင်းဘူး၊ အခု အလံအသစ်ကြောင့် လာရောင်းသွားတာ။ တခုကို ၂,၅၀၀။”

အလံသစ် ပြောင်းပြီးကတည်းက သမဝါယမ ဝန်ကြီးဌာနပိုင် ဝင်းသူဇာ အရောင်းဆိုင်တွေကနေ စီးပွားရေး လုပ်ငန်းတွေ၊ ဌာနဆိုင်ရာတွေက အလံသစ်ကို ဝယ်ယူခဲ့ကြရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ခံ ဌာနဆိုင်ရာ ဝန်ထမ်းတဦးကတော့ အခုလို ပြောပါတယ်။

“ဒီနှစ်က သူတို့ အလံပြောင်းထားတဲ့ အခါကြတော့ အကုန်လုံး အသစ်ဝယ်ခိုင်းတာ။ ဝင်းသူဇာ ဆိုင်တွေမှာ လိုသလောက် ဝယ်ယူနိုင်ပါသည် ဆိုပြီး ရောင်းနေတာ။”

လွတ်လပ်ရေးနေ့ နေအိမ်တွေမှာ လွှင့်ထူဖို့ မဝယ်မနေရ လိုက်လံ ရောင်းချထားတာ ဖြစ်ပါတယ်။ အခု ရန်ကုန်မြို့လယ်က စီးပွားရေး လုပ်ငန်းတွေကိုလည်း ရပ်ကွက်ရုံးက မဝယ်မနေရ လာရောင်းသွားတယ်လို့ တာမွေမြို့နယ်ထဲက စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပါတယ်။

“ဟုတ်ပါတယ်၊ ကျနော်တို့ By Force နဲ့ မဝယ်မနေရဆိုပြီး၊ ၂,၅၀၀ ပေးရတယ်၊ ဆယ်အိမ်မှူးတွေကိုပေါ့။”

စစ်အစိုးရက ၁၉၇၃ ခုနှစ်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အသုံးပြုခဲ့တဲ့ နိုင်ငံတော်အလံ နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သတ်မှတ်ထားတဲ့ အတိုင်း ဝါ၊ စိမ်း၊ နီ သုံးရောင်ခြယ် အလယ်မှာ ကြယ်ဖြူတလုံးပါတဲ့ နိုင်ငံတော် အလံသစ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှာ တနိုင်ငံလုံးမှာရှိတဲ့ အစိုးရရုံးတွေမှာ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် အခု မြန်မာစစ်အစိုးရ အလံတော်သစ်ဟာ ၁၉၉၀ ပြည့်နှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ အလံနဲ့လည်း တထပ်တည်း တူညီနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG